ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့ လိုအပ်နေ

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တနိုင်ငံလုံးက တီဘီလူနာအားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ရန်ကုန်မှာရှိနေပြီး အမြန်ထိန်းချုပ်ရမယ့်အနေအ ထားဖြစ်တယ်လို့ ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောတယ်လို့ ဘီဘီစီက စက်တင်ဘာ ၆ ရက်ကဖော်ပြပါတယ်။ “တီဘီရောဂါကူးစက်ခံရပြီး ဘာလက္ခဏာမပြဘဲ စစ်ဆေးမှပေါ်လာတဲ့သူတွေများနေတယ်” လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၀ ခုနှစ် အချက်အလက်အရ နိုင်ငံတဝန်းမှာရှိတဲ့ တီဘီ ရောဂါသည် ၄ ပုံ ၁ ပုံက ရန်ကုန်မြို့နေထိုင်တယ်လို့ တီဘီရောဂါကာကွယ်ကုသရေးလုပ်ခဲ့တဲ့ ပြည်တွင်းက NGO/အရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန် ရှိသူက ဘီဘီစီကို ဒီနှစ်စပိုင်းမှာ ပြောထားပါတယ်။ ရန်ကုန်မြို့နေလူထုရဲ့ လူဦးရေ တစ်သိန်းမှာ တီဘီလူနာ ၈၇၀ ရှိနေပြီး ဒါဟာ ကမ္ဘာ့တီဘီရောဂါလူနာ အများဆုံးဖြစ်နေတဲ့ အာဖရိကနိုင်ငံတွေရဲ့ လူနာအရေအတွက်ကို နီးကပ်လာတဲ့အနေအထားမှာရှိနေပါတယ်။ အာဖရိကနိုင်ငံတွေမှာ လူတစ်သိန်းမှာ တီဘီလူနာ ၁၀၀၀ ရှိတာ ဖြစ်ပါတယ်။ “အစောပိုင်းဆေးစစ်လို့တွေ့ရင် ရောဂါကူးစက်ခံထားရတာကို မယုံကြဘူး။

ချောင်းဆိုးသွေးပါပြီး ပိန် ချုံးလာမှ တီဘီလို့ယုံကြတာ” လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။ ဆေးယဥ်ပါးတီဘီလူနာရဲ့ ထက်ဝက်ကလည်း ရန်ကုန်မြို့မှာရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူတစ်သိန်းမှာ တီဘီလူနာ ၅၅၈ ဦးရှိနေတာပါ။ ၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီရောဂါ အစီရင်ခံစာအရ မြန်မာမှာ တီဘီရောဂါ ဖြစ်ပွားမှုနှုန်းက လူဦးရေတစ်သိန်း မှာ ၃၃၈ ဦးရှိခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်က ဒေသန္တရနဲ့ ကျေးလက်ဆေးခန်းတွေမှာ အသက် ၇၀ သက်ကြီးတွေ၊ အလုပ်ဝင်တာနဲ့ တက္ကသိုလ်ကျောင်းတက်မယ့် လူငယ်တွေကို တီဘီရောဂါစစ်ဆေးပေးတာ၊ ရောဂါ တွေ့ရှိရင် အခမဲ့ကုသပေးနေတယ်လို့ တိုင်းကျန်းမာရေးဌာနနဲ့နီးစပ်သူကတဆင့်သိရပါတယ်။ တီဘီရောဂါကူးစက်ခံရသူတွေမှာ အချိန် ၆ လကနေ ၉လအထိ အချိန်မှန်ဆေးသောက်ဖို့လိုအပ်တာ ဖြစ်ပါတယ်။ တီဘီရောဂါက စနစ်တကျ ကုသမှုခံယူရင် ပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ရောဂါကို စောစောစီးစီးသိရှိပြီး အချိန်မီကုသမှုခံယူရင် ရောဂါပြန့်ပွားမှုကို ကာကွယ်နိုင်သလို ပျောက်ကင်းနိုင်ခြေကိုလည်း ပိုမိုမြင့်တင်ပေးနိုင်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့က ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *