စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းရောက်မြန်မာတွေကြား နှုတ်ခမ်းမွှေး၊ ထိုင်းမျိုးချစ် လို့ သိကြတဲ့ ဆုန်ချိုင်နီ(ယမ်)ဟုမ်နဲ့ စက်တင်ဘာ ၈ ရက်မှာ တွေ့ခဲ့တယ်လို့ အမျိုးသားရေးကိုယ်တော်အဖြစ် လူသိများတဲ့ပေါက်ကိုယ်တော်က သူ့ရဲ့တစ်တော့ အကောင့်မှာ ရေးတင်တယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာလ ၉ ရက်မှာဖော်ပြပါတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ကိုစည်ဆိုသူကို ရှာဖွေဖို့ ထိုင်းမျိုးချစ်နှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ ကိုစည်ဟာ ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့ (PST Network)ကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လူမှုကွန်ရက်ကနေ ပွင့်ပွင့်လင်းလင်းဝေဖန်သူဖြစ်ပါတယ်။
သူဟာ ပေါက်ကိုယ်တော်ကိုလည်း အွန်လိုင်းတဆင့် ဝေဖန်ခဲ့ပြီးတဲ့နောက်မှာ ပေါက်ကိုယ်တော်က ဘန်ကောက်အထိ သွားခဲ့ပြီး ထိုင်းမျိုးချစ်အမျိုးသားနဲ့တွေ့ဆုံခဲ့တာလို့ နားလည်ရပါတယ်။ ပေါက်ကိုယ်တော်ကတော့ နှုတ်ခမ်းမွှေးရဲ့လုပ်ရပ်တွေကို ထောက်ခံတယ်လို့ သူတို့နှစ်ဦးတွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ နှုတ်ခမ်းမွှေးကတော့ သူတို့ အဖွဲ့ဖမ်းပြီး ပြန်ပို့တဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းကိုတရားမဝင်လမ်းကနေ ပြန်ဝင်လာလို့မရအောင် မြန်မာနိုင်ငံဘက်ကပါ အရေးယူပေးဖို့ပြောခဲ့တယ်လို့ ပေါက်ကိုယ်တော်က ရေးပါတယ်။ ပေါက်ကိုယ်တော်က ဖမ်းဆီးဖို့တိုက်တွန်းခံနေရတဲ့ PST Network က ကိုစည်ကတော့ ထိုင်းမှာ ဥပဒေအကာအကွယ်ရှိတာကြောင့် သူ့လုံခြုံရေးကို စိတ်မပူဖို့နဲ့ ပေါက်ကိုယ်တော်ကိုအန္တရာယ်ပြုတာ မလုပ်ဖို့ ထိုင်းရောက်မြန်မာတွေကို တိုက်တွန်းထားပါတယ်။