ရွေးကောက်ပွဲကို ဝေဖန်တဲ့ တောင်ကြီးက အမျိုးသားကို ထောင် ၇ နှစ်ချ

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့က အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ရွေးကောက်ပွဲကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့သူ ကို ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်ပြီ လို့ စစ်ကော်မရှင်က ကြေညာတယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာ ၁၀ ရက်မှာဖော်ပြပါတယ်။ ဩဂုတ် ၂၅ ရက်မှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁ က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဟာ “Lashio Baegyi” ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် နဲ့ ဝေဖန်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်တယ်ဆိုပြီး တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းက (ပ) ၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တောင်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်အမှတ် ၂၇၁၄/၂၀၂၅ နဲ့ လက်ခံစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက် တွေဖော်ပြပါတယ်။


ပစ်မှုထင်ရှားတယ်ဆိုပြီး ကိုနေသွေးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွေကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ် နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်က ဒီဥပဒေကို ဇူလိုင် ၂၉ မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုလို ထောင်ဒဏ်ချမှတ်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို အွန်လိုင်းမှာ ဝေဖန်မှုနဲ့ ဖမ်းဆီးခံထားရသူ ၃ ဦးရှိလာပြီဖြစ်ပြီး အဲဒီထဲ ကိုနေသွေးက ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *