စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစစ်တပ်က ကြည်းတပ်စစ်ဦးစီးအရာရှိချုပ်လည်း တက်ရောက်တဲ့ အာဆီယံတပ်ချုပ်တွေ အစည်းအဝေးပွဲမှာ နေတိုးအသွင် လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောတယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာ ၁၁ ရက်မှာဖော်ပြပါတယ်။ မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်ကိုယ်စား ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် တက်ရောက်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။ အဲဒီလုပ်ငန်းအဖွဲ့ဟာ ဆိုက်ဘာနဲ့ အွန်လိုင်း ရာဇဝတ်မှုတွေလို့ ပုံမှန်မဟုတ်တဲ့ နယ်စပ်ဖြတ် ကျော် ခြိမ်းခြောက်မှုတွေနဲ့ ဒေသတွင်းမှာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်မယ်လို့ အစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ မလေးရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ် တန် စရီ မို့ နီဇမ် ဂျာဖာက ပြောပါတယ်။
”ကြည့်လိုက်ရင်တော့ ဒီလုပ်ငန်းအဖွဲ့က နေတိုးအဖွဲ့လို ထပ်တူ မတူတာတောင် နေတိုးအဖွဲ့ဆန်ဆန် ပါပဲ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာတဲ့အခါ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ တစ်ညီတစ်ညွတ်တည်း ဆွေးနွေးအဖြေရှာကြဖို့ဖြစ်ပါတယ်။ နေတိုးအဖွဲ့ လုပ်ထားနိုင်တဲ့ သမိုင်းကြောင်းလိုပေါ့” လို့ သူက ပြောတဲ့အကြောင်း ဘာနာမာသတင်းဌာနက ရေးပါတယ်။ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ခဲ့ ၂၂ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်တွေအစည်းအဝေးပွဲ (ACDFM) အစည်းအဝေးမှာ လက်ရှိအလှည့်ကျ အာဆီယံ စစ်ဦးစီးချုပ်များအစည်းအဝေး ဥက္ကဋ္ဌ မလေးရှားစစ်ဦးစီးချုပ်ဟာ ဥက္ကဋ္ဌအလံကို လာမယ့်နှစ်မှာ အလှည့်ကျယူမယ့် ဖိလစ်ပိုင်နိုင်ငံ စစ်ဦးစီးချုပ်ကို အဲဒီအစည်းအဝေးပွဲမှာပဲ လွှဲပေးခဲ့ပါတယ်။ မြန်မာစစ်ကော်မရှင်ကတော့ အဲဒီအစည်းအဝေးကို တက်တဲ့ မြန်မာစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှား ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းစစ်တပ် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ လာအိုကာကွယ်ရေးဒုဝန်ကြီး၊ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပါတယ်။