မြန်မာနိုင်ငံ- ငလျင်လှုပ်ပြီး ခြောက်လအကြာမှာ ရေကောင်းရေသန့်ရရှိရေးဟာ အပြင်းအထန်ခံခဲ့တဲ့ ရပ်ရွာတွေအတွက် အသက်သွေးကြောအဖြစ် ကျန်ရှိနေဆဲလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကဆို

စက်တင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှာ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ခြောက်လအကြာမှာဘေးကင်းတဲ့ရေရရှိရေးဟာ ငလျင်ဘေးဒုက္ခသည်တွေအတွက် အရေးတကြီးနဲ့အမြဲတစေ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)ကစက်တင်ဘာ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ အဆိုပါ သဘာဝဘေးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူပေါင်း ၄.၃ သန်းခန့် ရေသန့်နဲ့ မိလ္လာဆိုင်ရာအကူအညီတွေ လိုအပ်နေခဲ့ပြီး အများအပြားဟာ ၎င်းတို့ရဲ့နေ့စဉ်လိုအပ်ချက်အတွက် ဘေးကင်းတဲ့အရင်းအမြစ်တွေကို မှီခိုအားထားနေရတာ်လို့ခန့်မှန်းရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာအဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသတစ်ခုဖြစ်ပြီး လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာ ဘေးကင်းတဲ့ သောက်သုံးရေကို သုံးစွဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ “ရေတိုင်ကီတွေ ကျိုးသွားတဲ့အတွက် ကန်ကို အားကိုးပြီး အဲဒီရေကို သောက်ရတယ်” လို့မန္တလေးတိုင်း ညောင်ပင်သာကျေးရွာက ဒေသခံ ဦးငြိမ်းမောင်က ပြောပါတယ်။ “တချို့နေရာတွေမှာ လုံလောက်တယ်၊ တချို့က ဘာမှမရှိဘူး၊ လူတိုင်းအတွက် ရေမလုံလောက်ဘူး”လို့သူကဆက်ပြောပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကနေ ယာယီအမိုးအကာတွေအဖြစ် လူတွေပြည့်ကျပ်နေတဲ့ နေရာတွေအဖစြ်ကိုပြောင်းသွားပြီးနေ့စဉ်ဘဝမှာ အခြေခံဝန်ဆောင်မှုတွေကို အကန့်အသတ်နဲ့ ဝင်ရောက်နိုင်မှုနဲ့အတူ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်နဲ့ ညောင်ပင်သာကျေးရွာတို့လို ဘေးသင့်ဒေသတွေမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကအရေးပေါ်သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့ပြီးရေရရှိမှု မရှိတဲ့ ရပ်ရွာတွေအတွက် ကယ်ဆယ်ရေးစခန်းတွေမှာမရှိမဖြစ်လိုအပ်တဲ့ရေအရင်းအမြစ်ကို ပံ့ပိုးပေးခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) နဲ့အခြားဒေသခံမိတ်ဖက်တွေနဲ့အနီးကပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ICRC ဟာ အရေးပေါ်ဆောင်ရွက်ချက်တွေနဲ့ရေရှည်ပြုပြင်မှု နှစ်ခုလုံးနဲ့ ဘေးကင်းတဲ့ရေကို ပြန်လည်ရရှိဖို့လုပ်ဆောင်ခဲ့ပါတယ်။ ရေသယ်ယူခြင်း၊ ရေလှောင်ကန်တွေလှူဒါန်းခြင်း၊ တွင်းတွင်းပြန်လည်ထူထောင်ခြင်းနဲ့တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာမှာအများစုဟာ ပျက်စီးသွားတဲ့အခြေခံအဆောက်အအုံတွေသို့မဟုတ် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် သွားလာရခက်ခဲသတဲ့ဝေးလံခေါင်သီတဲ့ဒေသတွေဖြစ်ပါတယ်။ “ပိုက်ဆံရှိတဲ့သူတွေက ရေဝယ်နိုင်ပေမယ့် ပိုက်ဆံမရှိတဲ့သူတွေကတော့ မရဘူး” လို့ အမရပူရမြို့နယ်က မစိန်စိန်မြတ်က ပြောပါတယ်။ “ရေတင်ကားကို စောင့်ရမှာပေါ့။ လေးပုံး၊ ငါးပုံးခြောက်ပုံး ဖြည့်နိုင်ရင် နောက်တစ်ကြိမ် ပို့ဆောင်ဖို့ လုံလောက်ပါပြီ။ ရေသန့်ကို သောက်သုံးရတာက တကယ့်ကို ကွာခြားချက်ပါပဲ”လို့လည်းသူကဆိုပါတယ်။ မတ်လကစတင်ပြီး ICRC က ဒေသခံအဖွဲ့အစည်းတွေ၊ MRCS ၊ရပ်ရွာစေတနာ့ဝန်ထမ်းတွေနဲ့ နီးကပ်စွာလုပ်ဆောင်ပြီး ဘေးကင်းတဲ့ရေရရှိဖို့လူပေါင်း ၈၁,၀၀၀ကျော်ကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒီလိုကြိုးပမ်းမှုတွေဟာ အနှောင့်အယှက်အခံရဆုံးအိမ်ထောင်စုအချို့ဟာဘဝရဲ့မရှိမဖြစ်လိုအပ်တဲ့အရင်းအမြစ်တွေထဲကတစ်ခုကိုဝင်ရောက်ခွင့်ရရှိစေခြင်းနဲ့ တည်ငြိမ်မှုနဲ့ဂုဏ်သိက္ခာကိုဆက်လက်ထိန်းသိမ်းထားဖို့သေချာစေပါတယ်။

“ဘေးဒဏ်သင့်မြို့နယ် အတော်များများမှာ ရေစနစ်တွေ ပျက်စီးတာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ပျက်စီးနေတယ်” လို့ မန္တလေးမြို့ရှိ ICRC ရေနဲ့နေထိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မအိရွှေဇင်မျိုးက ပြောပါတယ်။ “ကျမတို့ရဲ့ဦးစားပေးဟာ အရေးပေါ် ကယ်ဆယ်ရေးတွေ ပို့ဆောင်ဖို့ဖြစ်ပြီး ရေရှည်တည်တံ့တဲ့ရေသန့်ရရှိမှု ပြန်လည်ရရှိရေးကိုလည်း စတင်ဖို့ဖြစ်ပါတယ်။ ရပ်ရွာလူထုတွေဟာ ရေထရပ်ကားတွေအပေါ်မှာ အကန့်အသတ်မရှိ အားကိုးနေစရာ မလိုပါ”လို့လည်းသူကဆက်ပြောပါတယ်။ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်ပြီးကတည်းက အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ ဒေသတွေမှာအနည်းဆုံး လူ ၃၈၁၇ ဦး သေဆုံးပြီး ၅၁၀၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးတစ်ခုတည်းမှာ အိမ်ခြေ ၂၉,၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တုံ့ပြန်ချက်အနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၁၈၆,၀၀၀ နီးပါးဟာ ပြီးခဲ့တဲ့ခြောက်လအတွင်း ICRC ဆီကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိခဲ့ပါတယ်။ ဒီလ်ုထောက်ပံ့မှုမှာ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့အမိုးအကာရရှိရေး၊ အစားအသောက်နဲ့ မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေ၊ ဘက်စုံသုံး ငွေသားထောက်ပံ့မှုနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီတေံပါဝင်ပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုတွေဟာ မရှိမဖြစ်လိုအပ်ပေမယ့်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေမြင့်မားနေဆဲဖြစ်ပါတယ်။ ရပ်ရွာအများအပြားဟာ ယာယီဖြေရှင်းချက်တွေကို မှီခိုနေရဆဲဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူသုံးစွဲနိုင်တဲ့စိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ICRC ဟာ ကျယ်ပြန့်တဲ့ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အခြေခံအဆောက်အအုံတွေပြုပြင်ခြင်း၊ သန့်ရှင်းရေးကို မြှင့်တင်ဖို့နဲ့လုံခြုံတဲ့ရေရရှိရေး ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ဆက်လက်ပံ့ပိုးပေးပါတယ်။ မိသားစုတွေကို၎င်းတို့ရဲ့ဘဝကို ဂုဏ်သိက္ခာရှိရှိ ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အတွက် ဆက်လက်ဝင်ရောက်ခြင်းနဲ့ နိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုဟာအရေးကြီးပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *