ဖေဖော်ဝါရီ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်များကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်သည့်စာရင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးထင်ကျော်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ မှာ ထုတ်ပြန်ကြောင်း BBCကဖေဖော်ဝါရီ ၁၅ ရက်ကဖော်ပြသည်။
လက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးအား ဖမ်းဝရမ်းမထုတ်ရန် BROUK ၏တောင်းဆိုချက်ကို တရားရုံးက လက္မခံဘဲ ဝရမ်းထဲထည့်ခဲ့သည်ဟုထုတ်ပြန်သည်။
၂၀၂၄ခုနှစ်၊ဇွန်လတွင် အာဂျင်တီးနားအမှုလိုက်ရှေ့နေက အရပ်သားခေါင်းဆောင်နှစ်ဦးဖြစ်သည့်ဒေါ်အောင် ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်ကျော်တို့အားဖမ်းဝရမ်းထဲထည့်သွင်းရန်လျှောက်ခဲ့ခြင်းဖြစ်သည်။
BROUK ၏ ပြင်ဆင်ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦး နှင့် အရပ်သား ၃ ဦးပါနေသည်ကိုတွေ့ရသည်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများ သတ်ဖြတ်ခံရချိန်၌မြန်မာနိုင်ငံတွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရ ဦးဆောင်နေသည့်ကာလလည်း ဖြစ်ခဲ့ ပါသည်။
ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊နေရပ်မှအတင်းအကျပ် မောင်းထုတ်ခြင်းဆိုသည့်စွပ်စွဲချက်ဖြင့် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ရှေ့နေချုပ်က လျှောက်လဲချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။