ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ဘုရားသုံးဆူမှ နေရာသစ်ပြောင်းသွား

ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုအတွက် မြန်မာဘက်ခြမ်းကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှထိုင်းနိုင်ငံ အနောက်ဘက် ကန်ချနပူရီခရိုင်ရှိ ဘန်ပူနမ်ရွန် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ အစားထိုးရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်ဟု Thai TBS World သတင်းကဖေဖော်ဝါရီ ၁၇ ရက်ကဖော်ပြသည်။ ကန်ချနပူရီ ခရိုင်အုပ်ချုပ်ရေးမှူး Athisan Intra က သက်ဆိုင်ရာ လုံခြုံရေး ယူနစ်များ ပါဝင်သော ပြည်နယ် နယ်ခြား ကွပ်ကဲမှု စင်တာသည် အမျိုးသား လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခု သီတင်းပတ်အတွင်းဆုံးဖြတ်ချက်အပေါ် သဘောတူခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။


အဆိုပါနေရာသစ်သည် ကနဦးတွင် နယ်စပ်ဖြတ်ကျော် ကုန်သည်များကိုသာ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် လက်ရှိဆောင်ရွက်နေသော လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း မပြီးမချင်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တချိန်တည်းတွင် ထိုင်းတပ်မတော် အမှတ် ၁ နယ်မြေမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အမာရစ် ဘိုင်ဆူယာက ဘုရားသုံးဆူနယ်စပ်ဂိတ်မှတဆင့် နယ်စပ်ကုန်သွယ်မှု ဖြတ်တောက်ရန် လိုအပ်ပြီး တစ်ဖက်နိုင်ငံမှ အလုပ်သမားများနှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့သည် ဘန်ပူနမ်ရွန် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ ကွင်းဆင်းစစ်ဆေးပြီး အဆိုပါဒေသတွင်တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ အာဏာပိုင်များ၏ အဆိုအရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှတစ်ဆင့် ဒေသတွင်း စီးပွားရေး နှိုးဆွမှုသည် ထိုင်းအစိုးရ၏ ပြည်သူ့လုံခြုံရေး မူဝါဒနှင့် အညီလုပ်ဆောင်ရမည်ဟု ဆိုသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်သည် အိမ်နီးချင်းဖြစ်သည့်မြန်မာနိုင်အတွင်း လူကုန်ကူးမှုနှင့် လိမ်လည်လှည့်စားဂိုဏ်းများနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ထိုင်းအစိုးရမှ ညွှန်ကြားထားသည့်အတိုင်း မြန်မာနယ်စပ်ဇုန်များသို့ လျှပ်စစ်ဓာတ်အား ပေးဆောင်သည့် ဝန်ဆောင်မှုများ ဖြတ်တောက်ထားသည့် အရေးကြီးသော နယ်စပ်ဒေသများထဲမှ တစ်ခုလည်း ဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *