NUG ကရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးရန် တောင်းဆို

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

ရိုဟင်ဂျာများအားလူမျိုးတုံးသတ်ဖြတ်မှုနှင့်အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်သည့် ဖမ်းဝရမ်းစာရင်းထဲတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်းဦးထင်‌ကျော်တို့ပါဝင်နေသောကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုခြင်းမှနေရုပ်သိမ်းပေးရန်အမျိုးသားညီညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ကြောင်း BBC သတင်းကဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးထင်ကျော်တို့ကို တရားခံစာရင်းထဲထည့်လိုက်ပြီး ဖမ်းဝရမ်းထုတ်ခြင်းသည်မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်ဖြစ်ကြောင်း NUG က ဆိုသည်။

ယင်းကာလကတည်းကရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်ပြီး ရေရှည်ငြိမ်းချမ်းပြေလည်မည့်အဖြေရရှိရန် သမ္မတဟောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့်ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟုNUG က ပြောသည်။ ဤကဲ့သို့ မှားယွင်းသည့်စွပ်စွဲချက်ကြောင့် ရိုဟင်ဂျာနှင့်အခြားပြည်သူများအကြား နားလည်မှုလွဲနိုင်ပြီး ရေရှည်ငြိမ်းချမ်း‌ရေး၊ သင့်မြတ်‌ရေးနှင့်ဒီမိုကရေစီဖော်ဆောင်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု NUG က ဆိုသည်။

NUG အနေနှင့် “ရိုဟင်ဂျာမူဝါဒ”တစ်ရပ်ပြဋ္ဌာန်းပြီး ရိုဟင်ဂျာပြည်သူများတရားမျှတမှုရှိ‌ရေးအတွက် ဆောင်ရွက်နေသည်ဟူ၍လည်း ထုတ်ပြန်ချက်ထဲ တွင်ဖော်ပြထားသည်။​ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)သည် ဤအမှုကို ၂၀၁၉ ခုနှစ်ကစတင်ဖွင့်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ဖေဖော်ဝါရီဒုတိယအပတ်ထဲတွင်စစ်ခေါင်းဆောင်အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦးနှင့်အရပ်ဖက် ၃ ဦးတို့ကို အာဂျင်တီးနားတရားရုံးမှ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

တိုင်ကြားခဲ့ခြင်းသည် ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေသောကာလဖြစ်သည်။ သို့သော်လည်း ရိုဟင်ဂျာများ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်သည် သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့သည့်ကာလဖြစ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်တွင် သမ္မတဦးထင်ကျော် နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း BROUK က ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏အခြေအနေကြောင့် သမ္မတဦးထင်ကျော် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ နာမည်များကို ဖြုတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော်၂၀၂၄ ဇွန်လတွင် အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်သောကြောင့်ဟု ဆိုကာဖြုတ်၍မရကြောင်း တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်တွင်သမ္မတဦးထင်ကျော် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာခြင်းဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *