ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းများတိုက်ဖျက်မှုစစ်ဆင်ရေးများအတွင်းအချုပ်အခြာအာဏာနှင့် ပတ်သက်၍ နားလည်မှုလွဲမှားမှုများ ဖန်တီးခဲ့သည့်အတွက် တရုတ်နိုင်ငံ၏ ဒုတိယ ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi က ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကို ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ဆုံပြီးနောက်တောင်းပန်ခဲ့သည်ဟု Khaosod သတင်းကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။
အစောပိုင်းတွင် Liu သည် ထိုင်းနိုင်ငံ မဲဆောက်ဂိတ်မှ ကရင်နယ်ခြားစောင့်တပ် (BGF) ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ရွှေကုက္ကိုမြို့ အိမ်ယာခြံဝင်းများအတွင်းမှ ကယ်တင်ခဲ့သည့် တရုတ်နိုင်ငံသား ၉၀၀ ခန့်ကို မြန်မာအာဏာပိုင်များနှင့် သွားရောက်ကြည့်ရှုခဲ့သည်။ သူသည်ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား(၂)ကိုလည်း ဖြတ်ကျော်ပြီးလေကြောင်းဖြင့်သယ်ယူမှုပြုလုပ်ရန်ဖြစ်နိုင်ချေရှိသော နေရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၁၇ ရက်အထိ သူ၏ ခရီးစဉ်များသည် ထိုင်းအာဏာပိုင်များ၏ကန့်သတ်မှုမရှိသောနယ်စပ်လှုပ်ရှားမှုများသည် ထိုင်း၏အချုပ်အခြာအာဏာကို ချိုးဖောက်သည်ဟု ထင်မြင်ယူဆသော ထိုင်းလူမျိုးအချို့၏ ဝေဖန်မှုကို ခံခဲ့ရသည်။ သို့သော်လည်း Liu ကထိုင်းအချုပ်အခြာအာဏာနှင့် ဒေသန္တရဥပဒေများကို တရုတ်နိုင်ငံ၏ လေးစားမှုကို အလေးပေးခဲ့ပြီး တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရာတွင် စိတ်အားထက်သန်မှုအပေါ် နားလည်မှုလွဲမှားမှုများကြောင့် ဖြစ်သည်ဟုဆိုသည်။
တရုတ်သမ္မတ Xi Jinping နှင့် ဝန်ကြီးချုပ် Li Qiang အပါအဝင် တရုတ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ မြဝတီဒေသရှိ လိမ်လည်သူများကို ဆန့်ကျင်သော ထိုင်းနိုင်ငံ၏ အရေးယူဆောင်ရွက်မှုများ အထူးသဖြင့် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ခြင်းတို့ကို ချီးကျူးခဲ့ကြောင်း Liu က ပြောကြားခဲ့သည်။ အစည်းအဝေးမှ ထွက်ပေါ်လာသည့် အဓိကအချက် (၃)ချက်မှာ
(၁)နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ထိုင်းနိုင်ငံမှ လာမည့်သီတင်းပတ်တွင် မြန်မာနှင့် တရုတ်နိုင်ငံတို့ သုံးနိုင်ငံ ဆွေးနွေးပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။
(၂)ထိုင်း-မြန်မာနယ်စပ်မှ တရုတ်နိုင်ငံသား အယောက် ၆ဝဝ ကို သုံးရက်အတွင်းခေါ်ယူရန် တရုတ်နိုင်ငံက လေကြောင်းခရီးစဉ် ၃ ကြိမ် စီစဉ်ပေးမည်ဖြစ်သည်။
(၃)တရုတ်နိုင်ငံမှ အထူးကွန်တိန်နာစစ်ဆေးရေးကိရိယာများပေးပို့ရန် မေတ္တာရပ်ခံနေစဥ်အတွင်းမြဝတီမြို့ရှိ ခေါ်ဆိုရေးစင်တာလုပ်ငန်းများကို ထိုင်းအစိုးရက တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားရမည်ဖြစ်သည်။
နှစ်နိုင်ငံလုံးရှိ အပြစ်မဲ့ အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့်စတုတ္ထမြောက် အဆိုပြုချက်ကို ထိုင်းနိုင်ငံက ပယ်ချခဲ့သည်။ ပထမအကြိမ် နေရပ်ပြန်ပို့ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်ခဲ့ပြီး မဲဆောက်လေဆိပ်မှ လေယာဥ် လေးစင်းဖြင့် ထွက်ခွာမည်ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် တရားခံများနှင့် သံသယရှိသူများကိုခွဲခြား ဖော်ထုတ်နိုင်ရေးအတွက်အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်သည်။