အွန်လိုင်းငွေလိမ်ဂိုဏ်းများတိုက်ဖျက်မှု လုပ်ငန်းများအပြီးတွင် ဆူညံနေခဲ့သော ရွှေကုက္ကို ဆိတ်ဆိတ်သွား

မတ်လ ၁၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

တစ်ချိန်က ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုစီးပွားရေးဇုန်သည် ထိုင်းအာဏာပိုင်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ အွန်လိုင်းငွေလိမ်ဂိုဏ်းများတိုက်ဖျက်ရေး အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ လူသူကင်းမဲ့သွားကြောင်း Matichon သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် အရှေ့ဘက်တွင် ရိုင် ထောင်သောင်းချီ ကျယ်ဝန်းကာ ယခင်က လှုပ်ရှားမှုများဖြင့် စည်ကားခဲ့သော ဧရိယာသည် ယခုအခါ တိတ်ဆိတ်နေပြီး အထပ်မြင့်အဆောက်အအုံ အများအပြားသည်လည်း လစ်လပ်နေပြီး မော်တော်ယဉ်များကိုလည်း စွန့်ပစ်ထားသွားကြသည်။


ဒေသတွင်း လည်ပတ်နေသောအွန်လိုင်းငွေ လိမ်လည်မှုကွန်ရက်များကို ဖယ်ရှားပစ်ရန် ထိုင်း၊ တရုတ်နှင့် မြန်မာ အစိုးရများအကြား ညှိနှိုင်းဆောင်ရွက်မှုများကြောင့်သိသိသာသာ ပြောင်းလဲလာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးအချက်ပြမှုများ အပါအဝင် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ဖေဖော်ဝါရီ ၅ ရက်ကတည်းက စတင်ဖြတ်တောက်ခဲ့သည်။

ယင်းနောက် BGF မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ခေါ်ဆိုရေးစင်တာလုပ်ငန်းများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို စတင်ခဲ့ပြီး လိမ်လည်သည့်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းပိုင်ရှင်များနှင့် အရာရှိများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြောင်း သိရသည်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး ညှိနှိုင်းရေးဗဟိုမှ ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က မတ် ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် လူ ၂၇၀၀ ကျော် နေရပ်ပြန်ပို့ခဲ့ပြီး ၇၀၀၀ ခန့် ပြန်ပို့နိုင်ရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

BGF သည် လက်ရှိတွင် လူတစ်ဦးလျှင် ၂၅၀၀၀ ကျပ် (ဒေါ်လာ ၁၁.၉၀) ဖြင့် နေ့စဥ်စားနပ်ရိက္ခာ ပံ့ပိုးပေးနေပြီး နိုင်ငံခြားအစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အခက်အခဲများကြားမှ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ “လိမ်လည်မှု အားလုံးကို ဖယ်ရှားပြီးတဲ့အထိ တစ်လကို တစ်ကြိမ်လောက် စီးနင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်ကပြောသည်၊တရုတ်ရင်းနှီးမြှုပ်နှံသူများအနေနှင့် ခေါ်ဆိုရေးစင်တာ လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ပတ်သက်မှုများရှိပါက ပြင်းထန်သော ပြစ်ဒဏ်များ ခံရနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ဒေသခံပြည်သူများအတွက် ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ မွေးမြူရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှုများ အပါအဝင် Yatai စီမံချက်အောက်တွင် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အလေးပေးပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က BGF အကြံပေးကော်မတီ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူသည် လူကုန်ကူးမှု သို့မဟုတ် လိမ်လည်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ တရုတ်ရင်းနှီးမြှုပ်နှံသူများကို ငှားရမ်းထားသည့် မြေပိုင်ရှင်ဖြစ်ကြောင်းကာကွယ်ပြောဆို ခဲ့သည်။

သို့သော်လည်း ထိုင်းအာဏာပိုင်များက ဗိုလ်မှူးကြီး စောချစ်သူအား အိန္ဒိယ နိုင်ငံသား ရှစ်ဦးနှင့် လူကုန်ကူးမှု စွဲချက်များနှင့် ပတ်သက်သည့် ၂၀၂၂ အမှုကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (DSI) မှ စုံစမ်းစစ်ဆေးမှု အောက်တွင် ထားရှိခြင်းကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ လူကုန်ကူးခံရသူများအား ထိန်းသိမ်းထားသည့်စခန်းသို့ သတင်းထောက်များ သွားရောက်ကြည့်ရှုစေကာ သိမ်းဆည်းရမိသော လိမ်လည်မှုဆိုင်ရာ ပစ္စည်းကိရိယာများကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးမည်ဟုပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို နိဂုံးချုပ်ခဲ့သည်။

အဲမောင်း
Khaosod သတင်းတွင်ဖေါ်ပြသည့် FROM BUSTLING HUB TO SILENT SHWE KOKKO AFTER ANTI-SCAM OPERATIONS. ကိုပြန်ဆိုသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *