ထိုင်းကအဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးသူသာဖြစ်သည်

ဧပြီ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် မြန်မာစစ်အစိုးရတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍသည် အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးသူတစ်ဦး၏ အခန်းကဏ္ဍကို တိတိကျကျ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစိုးရက ဧပြီ ၁၈ ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။ သို့သော်လည်း ထင်ရှားသော ပညာရှင်တစ်ဦးက ယခုသီတင်းပတ် အစည်းအဝေးမှ ထွက်ပေါ်လာသော ရှင်းလင်းမှု မရှိခြင်းအား မေးခွန်းထုတ်ခဲ့ပြီး ၎င်းတို့၏ အနာဂတ် ဆွေးနွေးပွဲများတွင် ပိုမိုခိုင်မာသော ရလဒ်များ ရရှိရန် တောင်းဆိုခဲ့သည်။

ဧပြီ ၁၇ရက်နေ့က တွေ့ဆုံမှုသည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ပထမဆုံး တရားဝင်တွေ့ဆုံမှုဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောသည်။ မစ္စတာ အန်ဝါ၏ တောင်းဆိုမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ Nikorndej က ပြောကြားပြီး မလေးရှားမှ မြန်မာနိုင်ငံသို့ ဆက်သွယ်ကာ ထိုင်းနိုင်ငံက စီစဉ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ရန် မလေးရှားနှင့် မြန်မာကြား အပြန်အလှန်ယုံကြည်မှုကို ရောင်ပြန်ဟပ်ကြောင်း မစ္စတာ Nikorndej က ပြောကြားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်ရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်များကို ထင်ဟပ်စေပါသည်ဟုလည်းဆိုသည်။


မြန်မာနိုင်ငံတွင် လတ်တလော ငလျင်လှုပ်ခတ်မှုဒဏ်ကို သက်သာစေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အာဆီယံ၏ အခန်းကဏ္ဍကို ပြတ်ပြတ်သားသား အလေးထား ဆွေးနွေးခဲ့ကြပြီး တိုက်ပွဲများ ဒဏ်ခံနေရသော တိုင်းပြည် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်မှာ အရေးကြီးသော်လည်း မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံအတွက် ရေရှည်တည်တံ့သော အကူအညီများရရှိစေရန် ငြိမ်းချမ်းသောဆုံးဖြတ်ချက်ကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော့်အတွက်ကတော့ ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ အာဆီယံအတွက် အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းတစ်ခုပဲ” ဟု မစ္စတာ Nikorndej က ပြောကြားခဲ့သည်။

ဧပြီ ၁၉ ရက်နေ့က Facebook တွင် တင်ထားသော စာထဲတွင် မစ္စတာ အန်ဝါ က ” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမှု ရလဒ်ကိုဖော်ပြခဲ့ပြီး ရန်လိုမှုများ အဆုံးသတ်ရန်နှင့် အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးရန်၊ အရေးတကြီး လိုအပ်နေသည့် မြန်မာ ပြည်သူတွေဆီ ရောက်ရှိရန် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရေး ကိုထပ်မံတိုးချဲ့လုပ်ဆောင်ကြရန်လည်းဖော်ပြခဲ့ပါသည်။ “ဒေါက်တာ သက်ဆင်ရှင်နာဝပ် ဦးဆောင်တဲ့ အာဆီယံဥက္ကဌရဲ့အလွတ်သဘော အကြံပေးအဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရ (NUG) ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့နဲ့ တွေ့ဆုံစဉ်မှာ ဒီစာကို ပဲ့တင်ထပ်ခဲ့ပါတယ်။ “အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးဟာ အစုအဖွဲ့တစ်ခုရဲ့ အခွင့်အာဏာမဟုတ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့အားလုံးရဲ့ အခြေအနေတွေကို ဖန်တီးပေးရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုလည်း ပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်ပြီး အာဆီယံရဲ့ ဘောင်အတွင်း အကောင်းဆုံးနဲ့အဆင့်မြင့်တယ်လို့ ယုံကြည်ထားတဲ့ ဒီကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေကို ကျနော် ရှင်းလင်းတင်ပြပါမယ်။ “ယုံကြည်မှုတည်ဆောက်ရေးဟာ မရှိမဖြစ်လိုအပ်ပြီး ဒါဟာ အာဆီယံဦးဆောင်တဲ့ ကြိုးပမ်းမှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ သာယာဝပြောရေးကို အထောက်အကူဖြစ်စေဖို့အတွက်အဖွံ့အားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ရေးသားထားသည်။ ဒေသတွင်း တွေ့ဆုံမှုအပေါ် တုံ့ပြန်မှု ရောထွေးနေခဲ့ပါသည်။
နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်သူ Panitan Wattanayagorn က ယခုတွေ့ဆုံမှုသည် မြန်မာစစ်အစိုးရအပေါ် အာဆီယံ၏ ရပ်တည်ချက် အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။

သမိုင်းကြောင်းအရ ထိုင်းနှင့် မလေးရှားတို့သည် ယင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများရှိခဲ့သည်။ ထိုင်းက မြန်မာစစ်တပ်နှင့်ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေချိန်တွင် မလေးရှားက ကန့်ကွက်ခဲ့သည်ဟုသူကဆိုပါသည်။ မစ္စတာ အန်ဝါ၏ ရပ်တည်ချက်သည် အာဆီယံကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း ဥက္ကဋ္ဌအဖြစ် ၎င်း၏ အခန်းကဏ္ဍသည် တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ၏ အရေးပါမှုကို အလေးပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ Mr.Panitanသည်မြန်မာစစ်တပ်နှင့် NUG နှစ်ခုစလုံးနှင့် မစ္စတာ အန်ဝါ၏ ထိတွေ့ဆက်ဆံမှုသည် အောင်မြင်သော သံတမန်ရေးရာ ကြိုးပမ်းမှုအဖြစ် ရှုမြင်သည်။ အဖွဲ့အားလုံးနှင့်ထိတွေ့ဆက်ဆံရန်တခြားဘယ်ခေါင်းဆောင်ကမှ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးဟုသူက ပြောသည်။ သို့သော်လည်း အစည်းအဝေး၏ အစီအစဉ်များ၊ ပါဝင်သူများ၊ရည်မှန်းချက်ပန်းတိုင်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားမှု မရှိခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေပြီး ထိုင်းနိုင်ငံ၏ ခေါင်းဆောင်မှုအပေါ် လူအများက သံသယဖြစ်စေခဲ့သည်။

မြန်မာစစ်အစိုးရခေါင်းဆောင်ကို အလွန်အမင်း အာရုံစိုက်လွန်းသည်ဟု ဝေဖန်သူများက ပြောဆိုသည့် အစည်းအဝေးကို နိုင်ငံတွင်းရှိ တိုင်းရင်းသားအချို့ကလည်း မျက်မှောင်ကြုတ်ကြသည်ဟု မစ္စတာ Panitan က ထပ်လောင်းပြောသည်။ ထိုင်းနိုင်ငံသည် အနာဂတ်တွင် အလားတူအစည်းအဝေးများကို လက်ခံကျင်းပသည့်အခါ ပိုမိုရှင်းလင်းသောဖွဲ့စည်းပုံများ၊ အစီအစဉ်များနှင့် သတ်မှတ်ပန်းတိုင်များကို ပံ့ပိုးပေးခြင်းဖြင့် ပိုမိုတက်ကြွသောအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသို့တွေ့ဆုံမှုများသည် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ပိုမိုပါဝင်သည့် ဆွေးနွေးမှုကဲ့သို့သော ပြတ်သားပြီး ခိုင်မာသောရလဒ်များ ထွက်ပေါ်လာစေသင့်ပြီး ဒေသတွင်းတွင် ထိုင်းနိုင်ငံ၏ ဦးဆောင်မှုကဏ္ဍကို ခိုင်မြဲစေမည့် ပါဝါပွဲစားတစ်ဦးအနေဖြင့် အထောက်အကူဖြစ်စေမည်ဟု Mr. Panitan က ပြောကြားခဲ့သည်။

အဲမောင်း
Bangkok Post တွင်ဖော်ပြသည့် Thailand is” just a facilitator” ကိုပြန်ဆိုပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *