မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံအောက်လွှတ်တော်မှအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ က Kokမြစ်အတွင်း အဆိပ်အတောက် ညစ်ညမ်းမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာဘက်မှ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကိုဖိအားပေးရန် တောင်းဆိုထားသည်ဟု ThaibEnquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။
မြစ်ရေညစ်ညမ်းမှုသည် ဒေသတွင်း ကျန်းမာရေးနှင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် သင်္ကြန်ပွဲတော်ကာလအတွင်း ခရီးသွားများကို ထိခိုက်စေပြီး အဆိပ်အတောက်ပမာဏ မြင့်တက်လာခြင်းအတွက် စိုးရိမ်မှုများ တိုးလာသည်ဟု ပြည်သူ့ပါတီအမတ် Rangsiman Rome က ပြောကြားခဲ့သည်။
ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန၏ အချက်အလက်များအရ မြစ်အတွင်း အာဆင်းနစ်ပမာဏသည် 0.37 mg/L—ဘေးကင်းရေးကန့်သတ်ချက် 0.01 mg/L ထက် ကျော်လွန်နေပြီး ခဲအဆင့်သည် 0.043 mg/L သို့ရောက်ရှိပြီးညစ်ညမ်းမှုသတ်မှတ်ချက် 0.05 mg/L နှင့် နီးကပ်နေပါသည်။ အဆိုပါ ညစ်ညမ်းမှုသည် UWSA ထိန်းချုပ်နယ်မြေများတွင် တရားမဝင် ရွှေတူးဖော်မှု လုပ်ငန်း ၃၀ ကျော်မှ ဖြစ်ပေါ်လာသည်ဟု ယူဆရသည်။
အဆိုပါပြဿနာသည် ထိုင်းနိုင်ငံသာမက မဲခေါင်မြစ်မှတစ်ဆင့် လာအိုကိုပါ သက်ရောက်မှုရှိကြောင်း Rangsiman က သတိပေးခဲ့သည်။ UWSA သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အခြားသော နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများနှင့် ဆက်နွှယ်နေကြောင်း သတိပြုမိပြီး ပြည်သူများ လုံခြုံမှု မရှိတော့ကြောင်း ပြောဆိုကာ အရေးယူရန် အစိုးရအား တိုက်တွန်းခဲ့သည်။
UWSA အပေါ် သြဇာလွှမ်းမိုးသည့် နိုင်ငံများနှင့်ပါပတ်သက်သည့် ပိုမိုကျယ်ပြန့်သော သံတမန်ရေး ကြိုးပမ်းမှုများ ပြုလုပ်ရန် မြန်မာနှင့် ဆွေးနွေးမှု တစ်ခုတည်းနှင့် မလုံလောက်ကြောင်း ၎င်းက ပြောသည်။ အစိုးရက အလေးအနက်ထားဆောင်ရွက်ပါက ဤပြဿနာသည်လည်း ဖြေရှင်းနိုင်သည်ဟု ယခင်ကစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများအခြေအနေနှင့် ၎င်းက နှိုင်းယှဉ်ပြခဲ့သည်။