မေလ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက်နေ့မှစပြီး ဆိုင်ကယ်စီးသူများနှင့် ခရီးသည်များအားဦးထုတ်မဆောင်းပါက ဒဏ်ငွေ ဘတ် ၂၀၀၀ ပေးဆောင်ရန် ရဲတပ်ဖွဲ့က စတင်ဆောင်ရွက်မည်ဖြစ်သည်ဟု Bangkok Postက မေ ၂၇ရက်တွင်ဖော်ပြသည်။ ယာဉ်မတော်တဆမှုများ လျော့ပါးစေရန်နှင့် ယာဉ်စည်းကမ်း ပိုမိုကောင်းမွန်စေရန် ပိုမိုကျယ်ပြန့်သော လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယာဉ်ထိန်းရဲ ပုံရိပ်မြှင့်တင်ရေး အဖွဲ့ အကြီးအကဲဒုတိယရဲဗိုလ်ချုပ်ကြီး Nitithorn Jintakanon က “Safe Roads Project” ကိုမေ ၂၇ရက်နေ့တွင် စတင်မိတ်ဆက်ကြောင်း ကြေညာခဲ့သည်။ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာများ တိုးပွားလာစေရန်နှင့် ပိုမိုထိရောက်သော ယာဉ်ကြောစီမံခန့်ခွဲမှုကို သေချာစေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် အန္တရာယ်များသောနေရာများနှင့် စာသင်ကျောင်းများအနီးတွင် ဦးထုတ်အသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ လိုက်နာဆောင်ရွက်စေခြင်း လည်းပါဝင်သည်။
မကြာခဏ ယာဉ်ဥပဒေချိုးဖောက်မှု သို့မဟုတ် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည့် အဓိကလမ်းများကို ဖော်ထုတ်ရန် ခရိုင်ရဲတပ်ဖွဲ့အား ညွှန်ကြားထားပြီး ယင်းနေရာတွင် ကြပ်မတ်ဆောင်ရွက်သွားရန် ရဲတပ်ဖွဲ့မှ ညွှန်ကြားထားကြောင်းသူက ဆက်ပြောသည်။ ကမ်ပိန်းသည် လမ်းစည်းကမ်း လိုက်နာမှုကို အနီးကပ် စောင့်ကြည့်သွားမည့် ကျောင်းများနှင့် ပညာရေးဌာနများ အနီးရှိ လမ်းများကိုပါ ပစ်မှတ်ထား သည်။ အဆိုပါ ညွှန်ကြားချက်အရ မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် ခရီးသည်များ စီးနင်းရာတွင် အချိန်တိုင်း ဦးထုပ်ဆောင်းရမည်။ ကျူးလွန်သူများသည် အမြင့်ဆုံးဒဏ်ငွေ ဘတ် ၂၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ထပ်ခါတလဲလဲ ကျူးလွန်ပါက ပြစ်ဒဏ်နှစ်ဆအထိ ခံရနိုင်ချေရှိသည်။ အဆိုပါ စည်းမျဉ်းသည် ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်စီးသူများတွင် မြင့်မားနေဆဲဖြစ်သည့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို လျှော့ချရန် ရည်ရွယ်သည်။ ဒဏ်ကြေးကို ယခင် ဘတ် ၅၀၀ ထက် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။