မြန်မာကုန်တင်သင်္ဘောကြောင့် ထိုင်းသန္တာကျောက်တန်းများ ပျက်စီးခဲ့

ဇွန်လ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ Mu Koh Surin အမျိုးသားဥယျာဉ်တွင်သောင်တင်ခဲ့သော မြန်မာကုန်တင်သင်္ဘော MV AYAR LIN ကြောင့် သန္တာကျောက်တန်းစတုရန်းမီတာ ၁၅၀ ခန့် ပျက်စီးခဲ့သည်ဟုThai Enquirer သတင်းကဇွန်လ ၆ ရက်တွင်ဖော်ပြသည်။ ထိုင်းအာဏာပိုင်များသည် သန္တာကျောက်တန်းများ ပြန်လည်ထူထောင်ရေးအတွက် နစ်နာကြေး အနည်းဆုံး ဘတ် ၁၂ သန်းကို ရှာဖွေလျက်ရှိသည်။ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင်များ ထိန်းသိမ်းရေး ဦးစီးဌာနသည် ဥပဒေအရ အရေးယူမှုများ ဆက်လက် လုပ်ဆောင်နေသည်။


သင်္ဘောပေါ်ရှိ ဘိလပ်မြေအိတ် ၃၀၀၀ ကျော်သည် နောက်ဆုံးတွင် ပင်လယ်ထဲသို့ ကျသွားနိုင်ကြောင်း တာဝန်ရှိသူများက စိုးရိမ်နေကြသည်။ လောင်စာဆီများယိုစိမ့်မှု မတွေ့ရှိရသော်လည်း ပြင်းထန်သော ရာသီဥတုကြောင့် လုပ်ငန်းများ စိန်ခေါ်နေဆဲဖြစ်သည်။ သင်္ဘောသည် Ao Jak ပင်လယ်အော်ရှိ သန္တာကျောက်တန်းကို ထိခိုက်မးခဲ့ကြောင်း ပန်းခြံအကြီးအကဲ Kriangkrai Pohcharoen က ပြောသည်။ အာဏာပိုင်များသည် ဇွန် ၃ ရက်မှ ၅ ရက်အထိ သင်္ဘောကို စစ်ဆေးခဲ့ရာ သင်္ဘောကိုယ်ထည်အောက်တွင် အက်ကြောင်းများ သို့မဟုတ် ယိုစိမ့်မှုများ မတွေ့ရှိရသော်လည်း သင်္ဘောပေါ်ရှိ အလယ်ပိုင်းနှင့် ပဲ့ပိုင်းတွင် ကြီးမားသော ကျိုးကြေမှုများကို တွေ့ရှိခဲ့သည်။

အတွင်းပိုင်းတွင် ဘိလပ်မြေအိတ်ကြီးများဖြင့် ပိတ်ဆို့နေခြင်းမှတပါး ထိခိုက်ပျက်စီးမှု မတွေ့ရှိရပေ။ တိုင်ကီတွင်လောင်စာဆီများ ပြည့်နေသေးသော်လည်း ယခုအခါ လောင်စာဆီများ ပင်လယ်ထဲသို့ ယိုစိမ့်မှုမှ ကာကွယ်ရန် ဒေသခံ Moken အသိုင်းအဝိုင်း၏ အကူအညီဖြင့် စုပ်ထုတ်ယူလိုက်ပြီဖြစ်သည်။ ၇၅ မီတာ အကွာအဝေးရှိ သင်္ဘောကိုယ်ထည်အောက်ရှိ သန္တာကျောက်တန်းများ ပျက်စီးမှုမှာ အဓိကအားဖြင့် ၄၅ မီတာနှင့် ၇၅ မီတာကြား အဆိုးရွားဆုံး ပျက်စီးမှုဖြစ်ပြီး သင်္ဘောဝင်တိုက်ခဲ့သောကြောင့်သန္တာကျောက်တန်းများ ကြေမွသွားခြင်း ဖြစ်သည်။

အပြာရောင်သန္တာ ကျောက်တန်း(Heliopora coerulea) သည် ၎င်းနယ်မြေများ၏ ၈၀% ခန့် ပျက်စီးသွားခဲ့သည်။ Staghorn သန္တာကျောက်တန်း (Acropora sp.) သည် ၁၅% ခန့်ပျက်စီးခဲ့ပြီး ဧရာမသန္တာကျောက်တန်း(Porites lutea) သည် ၅% ပျက်စီးမှုရှိသည်။

ထို့အပြင် ဦးနှောက်သန္တာကျောက်တန်းများ (Platygyra daedalea)၊ ပန်းဂေါ်ဖီသန္တာကျောက်တန်း (Pocillopora) နှင့် ကြယ်ပွင့်သန္တာကျောက်တန်း (Leptastrea purpurea) တို့သည် ခန့်မှန်းခြေအားဖြင့် လေးခု၊ သုံးခုနှင့် တစ်ခုစီ အသီးသီး ကွဲအက်ပျက်စီးသွားခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *