ဇွန်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ တယ်လီဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့တဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ တိုးလာပါတယ်လို့ BBC သတင်းကဖော်ပြပါတယ်။ ဒီဖြစ်စဥ်နောက်မှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်းမှာလည်း ပြည်ထဲရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ နုတ်ထွက်စာတင်ထားကြပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအတွင်း အကွဲအပြဲကလည်း ကြီးထွားနေပါတယ်။ နုတ်ထွက်တဲ့ဝန်ကြီးတွေက ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာ ၇ နေရာထက်မနည်းယူထားခဲ့တဲ့ ဖွန်ကျန်ထိုင်းပါတီက ဖြစ်ပါတယ်။ ဒီပြဿနာတွေမတိုင်ခင်မှာလည်း ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ ပေထုန်တန်အပေါ် ဖခင်ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ စိုးမိုးခြယ်လှယ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ ဒါတင်မက ဖွန်ကျန်ထိုင်းပါတီက တာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီးနေရာကို ဝန်ကြီးချုပ်ရဲ့ ဖုအာထိုင်းပါတီဘက်က လိုလားသူနဲ့ လဲလှယ်မယ်ဆိုတဲ့ သက်ဆင်ရဲ့ ပြောဆိုချက်တွေကြောင့် အစိုးရအဖွဲ့အတွင်း အကွဲအပြဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့တွင်းပြဿနာတွေအပြင် တစ်ဖက်မှာလည်း ထိုင်း-ကမ္ဘောဒီးယားက နယ်စပ်က ဟိန္ဒူဘုရားကျောင်းနေရာ နယ်မြေအငြင်းပွားမှုပြဿနာကလည်း ကြီးထွားလာနေခဲ့ပါတယ်။ ဇွန်လ ဒုတိယအပတ်အတွင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ရဲ့ နှစ်နိုင်ငံ နယ်စပ်ပြဿနာအပေါ် တယ်လီဖုန်းနဲ့ ပြောဆိုညှိနှိုင်းမှု ၉ မိနစ်ကြာအသံဖိုင် ပေါက်ကြားထွက်လာခဲ့တဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်အပေါ် ဖိအားတွေပိုတိုးလာတာဖြစ်ပါတယ်။ အဲဒီအသံဖိုင်ထဲမှာ ပေထုန်တန်က ထိုင်းရဲ့ နယ်စပ်လုံခြုံရေးကို တာဝန်ယူထားတဲ့ ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီးဟာ ဒီပြဿနာကိုအသုံးချပြီး သူ့ကို လူကြိုက်များအောင်လုပ်နေတာဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါအပြင် သူတို့အစိုးရနဲ့ စစ်တပ်သဘောထားမတူဘူးဆိုတဲ့သဘော ဟွန်ဆင်ကိုပြောခဲ့တာကြောင့် ထိုင်းစစ်တပ် တစ်ခုလုံးကို စော်ကားတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေနဲ့ လူထုအများစုက ပေထုန်တန်ကို ဒေါသထွက်နေကြတာဖြစ်ပါတယ်။ ပြဿနာကြီး ၂ ရပ်ကို တပြိုင်တည်းရင်ဆိုင်နေရတဲ့ ပေထုန်တန်ဟာ ဝန်ကြီးချုပ်နေရာကနေ နုတ်ထွက်ရနိုင်တဲ့အထိ ဖြစ်လာပါတယ်။ ဒီ ထိုင်းနိုင်ငံရေးပြဿနာက ထိုင်းမှာ သန်းနဲ့ချီလူဦးရေရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုသက်ရောက်လာပါသလဲ။
နိုင်ငံတွင်းပဋိပက္ခတွေကြောင့် စစ်တပ်က တကျော့ပြန်အာဏာသိမ်းမှာကို ထိုင်းပြည်သူတွေက အထူး စိုးရိမ်နေသလို ထိုင်းကို အမှီပြုနေရတဲ့ ၅ သန်းနီးပါးရှိလာတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပူပန်နေပါတယ်။ စစ်တပ်က အာဏာပြန်သိမ်းမလားဆိုတဲ့အသံတွေကြောင့် ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်ဆူဗာရီက လတ်တလောအခြေအနေအရ စစ်တပ်အနေနဲ့ အာဏာသိမ်းမှာ မဟုတ်ကြောင်း ထွက်ပြောလာပါတယ်။ ”ဘုရင့်တပ်မတော်အနေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက်ကိုပဲ အာရုံစိုက်နေပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားဖို့ စစ်တပ်က အသင့်ရှိနေပါတယ်” လို့ ဗိုလ်ချုပ်ဝင်ထိုင်ဆူဗာရီက စိုးရိမ်ချက်တွေကို တုံ့ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ထိုင်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါနာကလယ်ပလော့ဒ်တက်ခ် ကတော့ ထိုင်းနိုင်ငံတွင်း ဖြစ်ပေါ် နေတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကို စိုးရိမ်နေတယ်လို့ ဗိုလ်ချုပ်ဝင်ထိုင်းက ထည့်ပြောပါတယ်။ ထိုင်းနိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကျွမ်းကျင်တဲ့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ထိုင်းစစ်တပ်အာဏာပြန်သိမ်းနိုင်ခြင်း ရှိ မရှိ ဆိုတာကို အတိအကျပြောဖို့ခက်တဲ့ အခြေအနေလို့ ဆိုပါတယ်။ ”အခု ဖုအာထိုင်းပါတီလက်ထက်မှာ စစ်တပ်ပြုပြင်ပြောင်းလဲရေးဆိုပြီး စစ်တပ်နဲ့ပေါင်းပြီး Anti Coup Bill ဆိုတဲ့ စစ်တပ်အာဏာသိမ်းတာကို ကာကွယ်နိုင်တဲ့ ဥပဒေကို မူကြမ်းဆွဲတာတွေအထိလုပ်ထားတယ်။ ဒါပေမဲ့ အခု ကာကွယ်ရေးဝန်ကြီးကလည်း အာဏာမသိမ်းဘူးလို့ ပယ်ချလို့မရနိုင်ဘူး ပြောထားတော့ အရိပ်မည်းကြီးကတော့ လွှမ်းနေပါတယ်” လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ကတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ပြောဆိုခဲ့တဲ့ တယ်လီဖုန်းအသံဖိုင်ပေါက်ကြားခဲ့မှုအတွက် တောင်းပန်ကြောင်းနဲ့ နောက်ထပ်ဒီလိုဖြစ်စဥ်တွေ မရှိဖို့ သတိထားသွားမယ်လို့ ဇွန် ၁၉ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောခဲ့ပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်နဲ့ ပတ်သက်လို့ ထိုင်းပြည်သူတွေအားလုံးကို တောင်းပန်ပါတယ်။ ဒါကို မှတ်တမ်းရယူပြီး ဖြန့်ဝေမယ်ဆိုတာလည်း မသိခဲ့ပါဘူး။ ဒီကိစ္စကို စစ်တပ်နဲ့ ရှင်းလင်းပြီးပါပြီ” လို့ ပေထုန်တန်က ပြောထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ အသံဖိုင်ကို ဖွင့်ချခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်လို့ တရားဝင်စာပို့ ပြောထားပါတယ်။ ဇွန် ၂၀ ရက်မှာတော့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အူဘုန်ရတ်ချာဌာနီမြို့က အမှတ် ၂ တပ်နယ်မြေကွပ်ကဲမှုဌာနကို ထိုင်းဝန်ကြီးချုပ် သွားရောက်ခဲ့ပါတယ်။
ကွပ်ကဲမှုနယ်မြေရဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဘွန်ဆင်ပက်ခ်လန်ခ်က ထိုင်းဝန်ကြီးချုပ်ကို ကြိုဆိုခဲ့ပြီး အစိုးရနဲ့ စစ်တပ်ကြား စည်းလုံးမှုကိုပြတဲ့ခရီးစဥ်ဖြစ်သလို နိုင်ငံတော်ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို အားပေထောက်ပံ့ဖို့လို့ဆိုပါတယ်။ ပေထုန်တန်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ဖုန်းပြောဆိုမှုမှာ ဒုတိယဗိုလ်ချုပ်ကြီးဘွန်ဆင်ရဲ့ နာမည်ကို ထည့်ပြောရတာက စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာဖြစ်ကြောင်း ရှင်းပြခဲ့သလို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့လာတာလို့ ပြောခဲ့ပါတယ်။ ဘွန်ဆင်ဆိုတာက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောခဲ့တဲ့အသံဖိုင်မှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေး တင်းမာမှုတွေကို ပေထုန်တန် ထည့်ပြောခဲ့တဲ့ ထိုင်းကြည်းတပ်အရာရှိ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ကလည်း ဘာမှပြဿနာမရှိကြောင်းနဲ့ အခြေအနေတွေကို နားလည်ကြောင်း ပေထုန်တန်ကို တုံ့ပြန်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းမှုမှာ ဝန်ကြီးချုပ်က သတိရှိရှိ အာရုံစိုက်ပြီး စနစ်တကျလုပ်တာမျိုးကို သူ့အနေနဲ့ မြင်ချင်တယ်လို့ The Standard သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘွန်ဆင်က မှတ်ချက်ပေးထားပါတယ်။ နိုင်ငံတွင်းပဋိပက္ခတွေကြောင့် စစ်တပ်က တကျော့ပြန်အာဏာသိမ်းမှာကို ထိုင်းပြည်သူတွေက အထူး စိုးရိမ်နေသလို ထိုင်းကို အမှီပြုနေရတဲ့ ၅ သန်းနီးပါးရှိလာတဲ့ မြန်မာနိုင်ငံသားတွေကလည်း ပူပန်နေပါတယ်။ စစ်တပ်က အာဏာပြန်သိမ်းမလားဆိုတဲ့အသံတွေကြောင့် ထိုင်းဘုရင့်တပ်မတော်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်ဆူဗာရီက လတ်တလောအခြေအနေအရ စစ်တပ်အနေနဲ့ အာဏာသိမ်းမှာ မဟုတ်ကြောင်း ထွက်ပြောလာပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းမှုမှာ ဝန်ကြီးချုပ်က သတိရှိရှိ အာရုံစိုက်ပြီး စနစ်တကျလုပ်တာမျိုးကို သူ့အနေနဲ့ မြင်ချင်တယ်လို့ The Standard သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘွန်ဆင်က မှတ်ချက်ပေးထားပါတယ်။ ညွန့်ပေါင်း အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်ဖို့ စာတင်ထားကြတဲ့အထဲမှာ ပညာရေးဝန်ကြီးနဲ့ အလုပ်သမားဝန်ကြီးတို့ ပါဝင်ပါတယ်။ အလုပ်သမားဝန်ကြီး နုတ်ထွက်ပြီဖြစ်တာကြောင့် ဘတ် လို့ ခေါ်တဲ့ ပန်းရောင်ကတ်သက်တမ်းဆက်တိုးဖို့ စောင့်ဆိုင်းနေတဲ့ ထိုင်းနိုင်ငံမှာနေထိုင်တာကြာပြီဖြစ်တဲ့ လူဟောင်းအလုပ်သမားတွေအတွက် အကျပ်ဆိုက်သွားပါတယ်။ ဒါတင်မက လူသစ်အနေနဲ့ အလုပ်သမားမှတ်ပုံတင်လျှောက်ထားသူတွေလည်း အခက်တွေ့ပြီဖြစ်ပါတယ်။ ပန်းရောင်ကတ်ဆိုတာက တရားမဝင်ရွှေ့ပြောင်းလာသူတွေကို တရားဝင်ဖြစ်အောင် ထိုင်းအစိုးရက နှစ်စဉ်ထုတ်ပေးလေ့ရှိတဲ့ အသိအမှတ်ပြုကတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကြားမှာတော့ ပန်းရောင်ကတ် (Pink Card) လို့ သိကြပြီး “ဘတ်ရိုက်တယ်”လို့ ခေါ်ကြပါတယ်။
ပုံမှန်အားဖြင့် ဝန်ကြီးတစ်ဦး နုတ်ထွက်လည်း ဝန်ကြီးသစ်ကဆက်လုပ်နိုင်ခြေရှိပေမဲ့ လက်ရှိရှုတ်ထွေးနေတဲ့ အစိုးရအဖွဲ့တွင်းပြဿနာကကြီးနေပါတယ်။ ဒါတင်မက နောက်ထပ်တာဝန်ယူသူက ရှေ့က ဝန်ကြီးတာဝန်ယူထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်း စဥ်တွေကို ပိုရှုပ်အောင် ပြောင်းလဲတာ ဒါမှမဟုတ် ရပ်ဆိုင်းထားမှာမျိုးကိုလည်း မြန်မာတွေက စိုးရိမ်နေကြပါတယ်။ ” သူတို့ပြဿနာကအရမ်းကြီးနေတော့ ကိုယ်တွေကိုဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ လူဟောင်းတွေသက်တမ်းတိုးမယ့် ကိစ္စကအရမ်းကိုကြန့်ကြာဦးမှာပေါ့” လို့ ထိုင်းရောက်မြန်မာတစ်ဦးဖြစ်သလို သက်တမ်းတိုးလုပ်ငန်းတွေကိုလုပ်ကိုင်ပေးတဲ့ မဇင်အိအိအောင်က မြန်မာအများစု စိုးရိမ်ချက်ကိုပြောပြပါတယ်။ Myanmar Humanitarian Action Centre (MHAC) က ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်တဲ့ AAC ကိုရဲမင်းကလည်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဆိုပေမဲ့ မြန်မာသန်းနဲ့ချီ မှီတင်းနေထိုင်နေတာကြောင့် မြန်မာတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်တယ်လို့ ဆိုပါတယ်။ အခုလို ထိုင်းအစိုးရတွင်းပြဿနာတွေသာမရှိခဲ့ရင် ၂၀၂၅ ဇွန်လကုန်မှာ လူဟောင်းလို့ခေါ်တဲ့ ၂ နှစ်သက်တမ်း ၄ နှစ်သက်တမ်းနဲ့ နေထိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို နေထိုင်/အလုပ်လုပ်ခွင့်သက်တမ်းတိုးလုပ်ငန်းစတင်ဖို့ ကြေညာထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်သမားဝန်ကြီးပါ ရာထူးကနေနုတ်ထွက်သွားပြီဖြစ်လို့ အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းလုဖြစ်သွားပါတယ်။ ”သက်တမ်းတိုးမြန်မာလုပ်သားတွေအတွက် ကြန့်ကြာမှုတွေဖြစ်နိုင်ပါတယ်။ ဗီဇာနဲ့ အလုပ်ပါမစ်တွေ သက်တမ်းတိုးခွင့်မရတဲ့အတွက် လူမှုဖူလုံရေးကြေးထုတ်ယူမှု၊ ဘဏ်စာအုပ်နဲ့ ငွေသွင်းငွေထုတ်၊ ယာဥ်မောင်းလိုင်စင်စတဲ့ အစိုးရနဲ့ဆိုင်တဲ့ကိစ္စတွေအားလုံးက ဘာမှလုပ်လို့မရနိုင်ပါဘူး” လို့ ကိုရဲမင်းက ရှင်းပြပါတယ်။ ဒါတင်မက ပညာရေးအပိုင်းမှာလည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ ရွှေ့ပြောင်းကျောင်းတွေမှာလည်း ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ”ရွှေ့ပြောင်းလုပ်သားတွေရဲ့ မြန်မာကလေးသိန်းနဲ့ချီရဲ့ ပညာရေးအတွက် အခက်အခဲတွေဖြစ်နိုင်ပါတယ်။ တချို့ ထိုင်းအစိုးရအသိအမှတ်ပြုကျောင်းတွေက ပုံမှန်လည်ပတ်နိုင်သေးရင်တောင် တချို့ နားလည်မှုနဲ့ ဖွင့်ရတဲ့ကျောင်းတွေအတွက် အခက်အခဲဖြစ်လာမှာပါ” လို့ ကိုရဲမင်းက ဆက်ပြောပါတယ်။ ဘန်ကောက်မြို့ Dear Burma Academy ရဲ့ ကျောင်းအုပ်ကြီး ဦးမြင့်ဝေ ကလည်း ပညာရေးပိုင်းဆိုင်ရာ မြန်မာရွှေ့ပြောင်းကလေးတွေအတွက် စာသင်ကျောင်းတွေ ဆက်လက်လည်ပတ်ရေးအခက်အခဲတွေဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
”ကလေးတွေပညာရေးအတွက် ရှုပ်ထွေးသွားနိုင်တယ်။ ဆုံးဖြတ်ချက်ချမယ့်သူတွေ တာဝန်ယူမယ့်သူတွေမရှိ ဖြစ်နေတဲ့အချိန်ဆိုတော့ မြန်မာတွေ အတော်သတိထားနေထိုင်ကြရမယ်”လို့ ဦးမြင့်ဝေက သတိပေးပါတယ်။ ဒါအပြင်လက်ရှိ နှစ်ဖက်ကြားမှာအပြိုင်ဖြစ်လာနိုင်တဲ့ ဆန့်ကျင်ပွဲတွေထဲမှာ မြန်မာတွေဝင်မပါမိစေဖို့လည်း သူက တိုက်တွန်းပါတယ်။ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေတင် ပြဿနာကြုံရတာမဟုတ်ဘဲ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အခက်အခဲတွေရှိလာမယ်လို့ ကောက်ချက်ချ ကြပါတယ်။ မြန်မာမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ထိုင်းကိုရွှေ့ပြောင်းနေထိုင်လာတဲ့ မြန်မာနိုင်ငံသားတွေ၊ ထိုင်းတက္ကသိုလ်တွေကို ပြောင်းရွှေ့ပညာသင်တဲ့ မြန်မာတက္ကသိုလ်ကျောင်းသားတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်နေရသူတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ အရင်က မြန်မာနိုင်ငံသား ၂ သန်းကနေ ၃ သန်းကြားသာရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြောင်းရွှေ့မှုတွေကြောင့် တရားဝင်စာရင်းမှာတင် မြန်မာနိုင်ငံသားဦးရေ ၅ သန်းနီးပါး ရှိလာပါတယ်။ ထိုင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံရေးစီးပွားရေးကျဆင်းမှာကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက အလွန်စိုးရိမ်နေကြတယ်လို့ ထိုင်းမှာစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်က ပြောပါတယ်။ ”ကျွန်တော့် သူငယ်ချင်း ထိုင်းလုပ်ငန်းရှင်ကတော့ သူတို့ တောက်လျှောက်စီးပွားရေးကျလာနေတဲ့အချိန်မှာ ဒီပြဿနာထပ်ဖြစ်လာတော့ အရမ်းစိုးရိမ်နေကြတယ်။ သူတို့မှာအလုပ်မကောင်းရင် မြန်မာတွေလည်း သူတို့ကိုအားကိုးလို့မရတော့ မြန်မာတွေအတွက်လည်း ထိုင်းမှာအလုပ်ပြဿနာရှိလာမှာစိုးရိမ်ရတယ်” လို့ အဲဒီမြန်မာလုပ်ငန်းရှင်က ရှင်းပြပါတယ်။ ဒီလိုမြန်မာနိုင်ငံသားတွေအပြင် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း မဲဆောက်မြို့နဲ့ နိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့တွေမှာလည်း တော်လှန်ရေးအင်အားစုတွေ ခိုလှုံနေထိုင်နေကြတာပါ ။ ”အိမ်ရှင်တွေစိတ်မကြည်တဲ့အချိန်မှာ ဧည့်သည်ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေက အတော်ကို ဆင်ခြင်နေထိုင်ကြရမှာဖြစ်ပါတယ်” လို့ ကိုရဲမင်းက သတိပေးတိုက်တွန်းပါတယ်။ ၂၀၂၂ ရွေးကောက်ပွဲအပြီး လက်ရှိဝန်ကြီးချုပ် ပေထုန်တန်ရဲ့ ဖုအာထိုင်းပါတီနဲ့ ဆေးခြောက်ပါတီလို့ လူသိများတဲ့ ဖွန်ကျန်ထိုင်းပါတီတို့ အဓိက ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခဲ့ကြတာဖြစ်ပါတယ်။ တစ်နှစ်အကြာမှာ ဖုအာထိုင်းပါတီက ရွေးကောက်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ဆေထာထဝီဆင် နုတ်ထွက်ခဲ့ပြီး သူ့နေရာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး ပေထုန်တန်က ဝန်ကြီးချုပ်တာဝန်ယူလာတာဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးလည်းဖြစ် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ အနုတင်ချန်ဝီရကွန်းရဲ့ ဖွန်ကျန်ထိုင်းပါတီက အမတ်အရေအတွက် ဒုတိယ အများစုနဲ့ ညွန့်ပေါင်းအစိုးရထဲ ဝန်ကြီးနေရာ ၇ နေရာထက်မနည်း တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အနုတင်ချန်ဝီရကွန်းရဲ့ ဖွန်ကျန်ထိုင်းပါတီကို ဆေးခြောက်ပါတီလို့ လူသိများပါတယ်။ အရင်အာဏာသိမ်းစစ်တပ်အစိုးရလက်ထက်က သူက ကျန်းမာရေးဝန်ကြီးတာဝန်ယူခဲ့ပြီး ဆေးခြောက်တရားဝင်လုပ်ကိုင်ရောင်းချခွင့်ကို သူ့ လက်ထက်မှာခွင့်ပြုခဲ့လို့ဖြစ်ပါတယ်။ အခု ဝန်ကြီးချုပ်ပေထုန်တန်က အစိုးရအဖွဲ့အတွင်း အခြေအနေကို ပြန်လည်ထိန်းနိုင်တယ်လို့ ပြောနေပေမဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာ ၇ နေရာထက်မနည်း ယူထားခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီလို့ ခေါ်တဲ့ ဖွန်ကျန်ထိုင်းပါတီက နုတ်ထွက်လိုက်တာပါ။ ကွန်ဆာဗေးတစ်ပါတီဟာ ညွန့်ပေါင်းအစိုးရထဲမှာ ဖုအာထိုင်းပါတီအတွက် အားအကောင်းဆုံးမိတ်ဖက်အင်အားစုအဖြစ် ရပ်တည်နေခဲ့တာပါ။ ဖွန်ကျန်ထိုင်းပါတီရဲ့ အောက်လွှတ်တော်ရွေးကောက်ခံ အမတ်နေရာ ၇၁ နေရာ ဆုံးရှုံးလိုက်ရတာက ညွန့်ပေါင်းအစိုးရအနေနဲ့ လွှတ်တော်ထဲမှာ ပြိုင်ဘက်တွေကို အသာစီးယူဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် ညွန့်ပေါင်း အစိုးရထဲမှာ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ပါဝင်ခဲ့ဖူးတဲ့ ယူနိုက်တက်ထိုင်းအမျိုးသားပါတီကလည်း နုတ်ထွက်မယ်လို့ဆိုပြီး အဲဒီပါတီကလည်း ဝန်ကြီးချုပ် နုတ်ထွက်ရေးကို ဦးတည်လာပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးပရာဝတ်ဝုန်ဆူဝမ် (နာရီဝန်ကြီးလို့လူသိများ) ဦးဆောင်တဲ့ ဖလန်ဖရာချက်ပါတီတို့ကလည်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲက နုတ်ထွက်မှာဖြစ်သလို ဝန်ကြီးချုပ်ပေထုန်တန် နုတ်ထွက်ဖို့ ဖိအားပေးပါတယ်။ ဒီလို နုတ်ထွက်ပေးဖို့ဖိအားပေးမှုတွေနဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုသံတွေ ကျယ်လောင်လာတာက ဝန်ကြီးချုပ်ပေထုန်တန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက် အန္တရာယ်ရှိလာပါတယ်။ သူ့ရဲ့ဖခင် သက်ဆင်နဲ့ အဒေါ် ယင်လက်ခ် တို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ချိန်တုန်းက တွေ့ကြုံခဲ့တဲ့ တူညီတဲ့ ကံကြမ္မာအတိုင်း ပေထုန်တန်ထပ်ကြုံရမလားဆိုတာမျိုး ကောက်ချက်ချမှုတွေရှိလာပါတယ်။
ဒါပေမဲ့ တခြားပါတီတချို့ကလည်း ပေထုန်တန်အစိုးရအဖွဲ့ထဲ ပါဝင်ဖို့ ဆန္ဒရှိနေတာကြောင့် အသစ်ထပ်ဝင်လာမယ့် ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တာမျိုးလည်းရှိနေပြန်ပါတယ်။ ရှပ်နီထောက်ခံသူဖြစ်ခဲ့တဲ့ ဂျတူပွန်ပရွန်ပန်က ဇွန် ၂၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အနုစာဝါရီလို့ သိကြတဲ့ Victory Monument မှာ လူအင်အားအများအပြားနဲ့ ဝန်ကြီးချုပ် ပေထုန်တန်နုတ်ထွက်ရေး ဆန့်ကျင်ဆန္ဒပြဖို့ စည်းရုံးလှုံ့ဆော်နေပါတယ်။ ဂျတူပွန်ပရွန်ပန်ဟာ အရင်က သက်ဆင်နဲ့ သူ့ပါတီကိုထောက်ခံတဲ့ ရှပ်နီခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ခဲ့ပေမဲ့ လက်ရှိမှာ ထိုင်းအစိုးရ ဝန်ကြီးချုပ် ပေထုန်တန်နုတ်ထွက်ရေးကို ဖိအားပေးဆန္ဒပြတဲ့အဖွဲ့ကို ဦးဆောင်နေပါတယ်။ ဇွန် ၁၉ ရက်က အစိုးရအိမ်တော်ရှေ့ မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ရဲ့ သမီး ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပေးဖို့ ကျောင်းသားများကွန်ရက်နဲ့ ထိုင်းပြုပြင်ပြောင်းလဲရေး ပြည်သူများအဖွဲ့တို့ အပါအဝင် အဖွဲ့မျိုးစုံကလည်း ဆန္ဒပြခဲ့ကြပါတယ်။ ”တချို့ပါတီတွေကတောင်းဆိုတာက လက်ရှိအစိုးရအဖွဲ့ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲကိုအသစ်လုပ်ပေါ့။ ကျွန်တော်ထင်တာကတော့ ရွေးကောက်ပွဲအသစ်တော့မလုပ်လောက်ဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့အသစ် ပြန်ဖွဲ့စည်းရနိုင်တယ်” လို့ ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သူ့အမြင်ကိုပြောပါတယ်။