ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကိုးကန့်တပ် – MNDAA ထိန်းချုပ်နယ်မြေ သိန္နီမြိို့မှာ MNDAA က၎င်းဖမ်းဆီးရမိတဲ့ ကျားဖျန့်လုပ်ကိုင်သူ (၂၃) ဦးကို “ဝ” တပ် – UWSA ထံလွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” လူငယ့်အသံရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောတယ်လို့ Wa News Land သတင်းကသြဂုတ် ၁၅ ရက်မှာဖော်ပြပါတယ်။
အဲ့ဒီကျားဖျန်လုပ်ကိုင်သူ (၂၃) ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဟိုပန်မြို့ – ဖောင်ဆိပ်တံတားကတဆင့် “ဝ” တပ် – UWSA ထံလွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြေပြင်သတင်းအရင်းအမြစ်က ဆိုပါတယ်။
“သိန္နီ ကဖမ်းဆီးရမိတဲ့ ကျားဖျန့်တွေလို့ သိရပါတယ်။ သက်ဆိုင်ရာ ကိုးကန့်တပ်ရဲ့ ရဲဌာနနဲ့ “ဝ” ဘက်က ရဲဌာနတွေ ဟိုပန် – ဖောင်ဆိပ်တံတားမှာ လွှဲပြောင်းခဲ့ကြတာတွေ့ရတယ်။ အဲ့ဒီ ၂၃ ဦးက “ဝ” ဒေသမှာ နေထိုင်ကြတဲ့သူတွေမို့ “ဝ” ကို ပြန်လွှဲပေးတာတဲ့”လို့သူကဆက်ပြောပါတယ်။
ကိုးကန့်တပ် – MNDAA ရဲ့ “ဝ” တပ် – UWSA ထံကျားဖျန် (၂၃) ဦး လွှဲပြောင်းတဲ့အပေါ် ဟိုပန်ခရိုင် “ဝ” ပြည်သူ့အစိုးရ သတင်းနဲ့ ပြန်ကြားရေးဌာနမှ တာဝန်ခံက “လွှဲပြောင်းပေးခဲ့တာ ဟုတ်ပါတယ်။
တရုတ်ပြည်ကို အကုန်ပြန်လွှဲပြောင်းပေးလိုက်ပါပြီ။ နမ့်တစ် – မန်ခါ နယ်စပ်ဂိတ်ကတဆင့် လွှဲပြောင်းခဲ့တာဖြစ်ပါတယ်” လို့ “ဝ” လူငယ့်ကို ပြောပါတယ်။
“ဝ” လူငယ့်အသံရဲ့ နောက်ဆုံးပြုစုထားတဲ့ စာရင်းအချက်အလက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ ပထမပတ်ထိ “ဝ” တပ် – UWSA မှ တရုတ်ထံ ဖမ်းဆီးရမိတဲ့ ကျားဖျန့် အကြိမ်ရေ (၁၁) ကြိမ်တိတိလွှဲပြောင်းခဲ့ပြီး စုစုပေါင်း လူဦးရေ အယောက် သုံးရာကျော်ပါဝင်ပါတယ်။
ဖမ်းဆီးရမိတဲ့ ကျားဖျန်တွေဟာ “ဝ” ပြည်နယ် နေရာအသီးသီးက ဖြစ်ကြပြီး ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းထဲ “ဝ” တပ် UWSA ကဝင်ရောက်ခဲ့တဲ့ ဟိုပန်နဲ့
ရှမ်းပြည်နယ် တန့်ယန်းမြို့က ကျားဖျန်တွေ ပါဝင်ကာ အားလုံးကို တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ လင်ချန်း ယုံးဟော်ဂိတ်၊ မုံးလျန်း/မုံးအား (ပန်ဆန်း) ဂိတ်နဲ့
လင်ချန်း မန်ခါးဂိတ် အစရှိတဲ့ ဂိတ်တွေကတဆင့် လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။