ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
.ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် တင်းမာမှုတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံကနေထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားတွေနေရာကို အစားထိုးဖို့အတွက် ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄၂,၀၀၀ နဲ့ သီရိလင်္ကာကနေ အခြား ၁၀,၀၀၀ ကို ခေါ်ယူဖို်စီစဉ်ထားတယ်လို့ Thai PBS World သတင်းကသြဂုတ် ၁၅ရက်နေ့မှာဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က လာမယ့်သြဂုတ် ၁၉ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပထမဆုံး အလုပ်သမားအဖွဲ့ အရေအတွက် ၄၂,၀၀၀ထိုင်းနိုင်ငံကို ရောက်ရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အလုပ်သမားရှားပါးတဲ့ လုပ်ငန်းအားလုံးမှာ ဖြန့်ချသွားမယ်လို့ ဆိုပါတယ်။ သီရိလင်္ကာကနေလာမယ့်သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနကဘသီရိလင်္ကာနိုင်ငံသား ၁၀,၀၀၀ ကို ကနဦး ခေါ်ယူဖို့အတွက် သီရိလင်္ကာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်နေရှိပြီး ထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယားနိုင်ငံသား ၃ သောင်းနေရာကိုအစားထိုး ဝင်ရောက်လုပ်ကိုင်ဖို့ ရွေးချယ်ထားကြောင်း Pongkawin က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံသား ပထမအုပ်စုဟာ ၂ လအတွင်း ရောက်ရှိလာမယ်လို့ ၎င်းက မျှော်လင့်ပါတယ်။ ဖီလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံတို့က အလုပ်သမားတွေကို နိုင်ငံအတွင်း အလုပ်လုပ်ကိုင်ဖို့ဝန်ကြီးဌာနက ခေါ်ယူသွားရန် စီစဉ်ထားတယ်လို့လည်း အလုပ်သမားဝန်ကြီးက ပြောပါတယ်။ ကမ္ဘောဒီးယားနယ်စပ်စစ်ဆေးရေးဂိတ်တွေပိတ်ပြီး လူသားချင်းစာနာထောက်ထားမှုအရ ထိုင်းနိုင်ငံမှာ ခြောက်လအထိ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်သွားတာကြောင့် ထိုင်းနိုင်ငံအတွင်း သောင်တင်နေတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကို အထောက်အထား စာရွက်စာတမ်းတွေ ပြတ်လပ်မှုတွေ လျော့ပါးသက်သာစေဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။