ဇူလိုင်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိသည့် ထိုင်းနိုင်ငံသား တရားခံပြေး ၂ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)က ဇူလိုင် ၁၇ရက်ကထုတ်ပြန်သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး နားလည်မှုစာချွန်လွှာအရပြန်လည်လွှဲပြောင်းခြင်းဖြစ်ကြောင်းသိရသည်။ တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇူလိူင်လ ၁ ရက်နေ့က ထိုင်းနိုင်ငံအတွင်း မူးယစ်ပြစ်မှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် Mr.Techin Nowong နှင့် Mr. Chamang Kanthawong တို့ ၂ ဦးအား ရဲတပ်ဖွဲ့ကဖမ်းမိခဲ့သည်။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၏ ကူညီတောင်းမှုအရ ထိုင်း မူးယစ်တရားခံပြေး ၂ ဦးအား ဇူလိူင်လ ၁၇ ရက်နေ့တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစီအစဉ်အရ နယ်စပ်ဖြတ်ကျော် မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ကာ ဖမ်းဆီးလွှဲပြောင်းသွားကြမည်ဟု CCDAC ကထုတ်ပြန်သည်။