“ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် မြဝတီနဲ့ တာချီလိတ်ဘက်ခြမ်းတွေ ရေကြီးနေ

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

“ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် မြဝတီနဲ့ တာချီလိတ်ဘက်ခြမ်းတွေ ရေကြီးနေ “ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ နဲ့ တာချီလိတ်မြို့တွေမှာ ရေကြီးရေလျှံဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်လို့ BBC သတင်းကဇူလိုင် ၂၄ ရက်ကဖော်ပြပါတယ်။ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက်ကို ၉ ပေ ခွဲခန့်ကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်းမှာ ၃ ပေ ထပ်တက်လာဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။ “ သောင်ရင်းမြစ်တောက်လျှောက်က နေရာတွေအားလုံး ရေကြီးနေတယ်” လို့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင် ကပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) က တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဝီဖာ ရဲ့ အရှိန်ကြောင့် မိုးကြီးမြေပြို၊ရေကြီးတာတွေ ကြုံတွေ့ရနိုင်လို့ သဘာ၀ဘေးကို ပြည်သူများချက်ချင်းသတိမူပြီးကြိုတင် ပြင်ဆင်ဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့ ဇူလိုင် ၂၃ ရက်မှာထုတ်ပြန်ထားပါတယ်။


ထိုင်းနဲ့ နယ်နမိတ်ထိစပ်နေတဲ့ မြန်မာဘက်ခြမ်း မြဝတီမှာ ဇူလိုင် ၂၀ ရက်ခန့်ကစပြီး မိုးအဆက်မပြတ်ရွာလို့ မြို့ပေါ်ရပ်ကွက်အချို့ နဲ့ သောင်ရင်းမြစ်ကမ်း တစ်လျှောက် သေ့ဘောဘိုး၊ လော့ခေါ်၊ ဝေါလေရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာလည်း ဝီဖာမုန်တိုင်းအရှိန်ကြောင့် တွေမှာ မိုးကြီး၊ ရေကြီးနေပါတယ်။ ထိုင်းမြောက်ပိုင်းမြို့ ချင်းရိုင်နဲ့ ထိစပ်နေတဲ့ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာမှာ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်‌ရေအမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး နောက် ၂၄ နာရီမှာ ပေထက်ခန့်ထပ်တက်လာနိုင်တယ်လို့ မိုးဇလက ကြေညာပါတယ်။ မြို့နယ်အတွင်းရပ်ကွက်တွေမှာ ရေကြီးမှု အန္တရာယ် သတိပေးထားတယ်လို့ ရှမ်းအရှေ့သတင်းမဏ္ဍိုင် က ဖော်ပြပါတယ်။ ရေထိန်းတံခါးတွေလည်း ၅ ပေအထိ လျှော့ချပိတ်ထားကြောင်း သိရပါတယ်။ တာချီလိတ်၊ ပုန်းထွန် ရပ်ကွက်က ရေဝင်ပေါက် နေရာ ၂ ခုကိုလည်း ရေမဝင်အောင် သဲအိတ်တွေနဲ့ ပိတ်ထားကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အပူပိုင်းမုန်တိုင်း ဝီဖာအရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မယ်လို့ လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *