ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ဆွိဒင်ဝါရင့် သတင်းစာဆရာ Bertil Lintner – ဘာတေးလစ်တနား ကို “ဝ” လူငယ့်အသံက ဆက်သွယ် မေးမြန်းထားပြီး Wa News Land ကဖော်ပြတာကို ပြန်လည်ဖော်ပြပါတယ်။ “ဝ” ပြည်ဟာ တည်ငြိမ်အေးချမ်းတဲ့ ပြည်နယ်အဖြစ် ရပ်တည်ရှင်သန်လာတဲ့ နှစ်ပေါင်း (၄၀) ကာလထဲ တရုတ်ရဲ့ အပြင်းထန်ဆုံး ရှင်သန်ရေး အကြပ်အတည်း ဖိအားကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် (၂၀) ရက်က ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း)မှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ဖြစ်ကြတဲ့ တအာင်းတပ်မတော် – TNLA, ကိုးကန့်တပ်မတော် – MNDAAနဲ့ ရှမ်းတပ်မတော် – SSPP တို့မှအကြီးတန်း ကိုယ်စားလှယ်တွေ အသီးသီး တက်ရောက်ခဲ့ကြပြီး “ဝ” ပြည်နယ်အနေနဲ့ ၎င်းရဲ့နိုင်ငံရေး၊ စစ်ရေးဆုံးဖြတ်ချက်တွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေထဲ အချက် (၄) ချက်ကို ဖွင့်ဟဝန်ခံခဲ့တာပါ။
(၁) “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်မှာ အစအဆုံး ပြောင်းလဲမှု မရှိခဲ့ပါ။ ငြိမ်းချမ်းရေး ရပ်တည်ချက် ခေါင်းစဥ်အောက်မှာ ပြည်သူလူထုတွေ အနေနဲ့ ငြိမ်းချမ်းစွာ ရပ်တည်နေထိုင်ရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေ့ရှု့ကြောင်း ပါဝင်ပါတယ်။ “ဝ” တပ်ဟာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ဘက်မလိုက်မူဝါဒ၊ ကြားနေဝါဒကိုသာ ကျင့်သုံးတဲ့အကြောင်းနဲ့ ဗမာပြည်အရေးသာဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ “ဗမာပြည် အရေးသာ ဖြစ်တယ်” ဆိုတဲ့ “ဝ” တပ်ရဲ့အသုံးအနှုန်းဟာ အခြားအဖွဲ့အစည်းအတွက် တစ်ကိုယ်တည်း အတ္တဆန်၊ တစ်ကိုယ်ကောင်းဆန်ရာ ရောက်တယ်လို့ ယူဆရပေမဲ့ “ဝ” လူမျိုး၊ “ဝ” အမျိုးသားတွေရဲ့ သမိုင်းကြောင်း တစ်လျောက် ဖြတ်သန်းလာရပုံ၊ နှစ်ပေါင်း (၄၀) ကာလအတွင်း ယခုကဲ့သို့ အနေအထားရောက်အောင် ကြိုးပမ်းခဲ့ခြင်း ရလဒ်တွေဟာ အတိတ်က နာကျည်းစရာ အဖြစ်အပျက် များစွာကနေ သင်ခန်းစာ ယူခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီခေတ် (၁၉၆၈ – ၁၉၈၉) မြန်မာ့သမိုင်းတစ်လျောက် အာဏာရှင်စစ်ဗိုလ်ချုပ်တွေလက်ထပ်၊ တစ်ပါတီအာဏာရှင် မဆလ နေဝင်းခေတ်၊ ကွန်မြူနစ်ပါတီ သခင်ဗသိန်းတင်လက်ထက်က ဗမာလူမျိုး အချင်းချင်းတွေရဲ့ လုပ်ဇာတ်၊ ပြသနာတွေကြား “ဝ” အမျိုးသားတွေရဲ့ အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသလို တိုင်းပြည်အတွက်၊ မိမိတို့ အမျိုးသားရေးအတွက် အကျိုးမရှိတဲ့ စစ်ပွဲတွေကို “ဝ” အမျိုးသားများ မလိုလားခဲ့ကြပါဘူး။ ဒါဟာ “ဝ” အမျိုးသားတွေ ခံယူလိုက်တဲ့ အတိတ်က သမိုင်းတစ်ခုလို့ ယူဆရပါတယ်။ တိုက်ပွဲကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်းတွေပျက်စီး၊ စစ်ဘေးရှောင်ကြရင်း ရေကြည်ရာ မျက်နုရာ ရွှေ့လျားနေထိုင်တဲ့ဘဝကို မလိုလားတော့ပါဘူး။ တစ်ဆက်တည်းမှာပဲ “ဝ” ဒေသဘက်ကို ဖြတ် (၄) ဖြတ်နဲ့အတူ အနိုင်ကျင့်ဗိုလ်ကျ ရက်စက်မှုနဲ့ “ဝ” တွေကို မသိကျေးကျွန် လျစ်လျူရှုခဲ့ခြင်းကလည်း တရုတ်နဲ့ ပိုမိုနီးစပ်စေခဲ့တဲ့ အဓိက သမိုင်းတရားခံဆိုလည်း မမှားပါဘူး။ ၁၉၈၉ ဗမာပြည် ကွန်မြူနစ်ပါတီက ခွဲထွက်ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေး ယူခဲ့သည်မှာ ယခုပင် (၃၆) နှစ်တိုင်တည်ရှိခဲ့ပါပြီ။ အထူးသဖြင့် “ဝ” ဟာစစ်ကောင်စီရဲ့ စားပွဲဝိုင်းပေါ်က၊ စာရွက်ပေါ်က ငြိမ်းချမ်းရေး လမ်းစဥ်ကို အယုံအကြည်မရှိပါဘူး။ အပြောနဲ့အလုပ်ထပ်တူမကျတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို အထူးသတိပြုနေခဲ့ပြီး စစ်မျက်နှာပြင်တွေကိုလည်း အမြဲအသင့်ရင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့် အာဏာရှင်ဆန်တဲ့ စစ်တပ်ကိုမကြိုက်တဲ့ တော်လှန်ရေးသမားတွေနဲ့ တိုင်းရင်းသား လက်နက် ကိုင်ထဲ “ဝ” တပ်ဟာ ထိပ်ဆုံးကရှိနေမှာ မလွဲဧကန်ပါပဲ။ သို့ပေမယ့် “ဝ” ဟာ စစ်အစိုးရနဲ့ ပတ်သက်လာရင် ပါးနပ်စွာ ဆက်ဆံလေ့ရှိပါတယ်။ “ဝ”ပြည်နယ် အနေနဲ့ သမိုင်းက အတွေ့အကြုံ သင်ခန်းစာကိုယူပြီး ပြည်နယ်တွင်းရှိ တိုင်းရင်းသား ပေါင်းစုံရဲ့ အကျိုးစီးပွားကို စဉ်းစားပြီး မည်သည့် အဖွဲ့အစည်းရဲ့ စစ်ရေးပဋိပက္ခကိုမှ ပါဝင်ပတ်သက်မှုမပြုဘဲ စစ်မီးမမွှေးခြင်းဆိုတဲ့ ဘက်မလိုက်မူဝါဒကို ၂၀၂၁ ခုနှစ်ကတည်းက ချမှတ်ခဲ့ပြီး ဒီမူဝါဒကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းကာစ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး စတင်ချိန်မှာ ၎င်းရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အသိအလင်း ထုတ်ပြန်ခဲ့သလို၊ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှာ တစ်ကြိမ်၊ လားရှိုးကို ကိုးကန့်တပ် – MNDAA က အပြီးသတ် သိမ်းပိုက်နိုင်ချိန် ၁၀၂၇ ဒုတိယလှိုင်း ဇူလိုင် ၃၀ ရက်နေ့မှာလည်း ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။ ယခုအခါ တရုတ်က ဖိအားပေးလာပြီး အကြပ်အတည်းတွေထဲ ရင်ဆိုင်နေရချိန်မှာလည်း ၎င်းရဲ့မူလနိုင်ငံရေး ရပ်တည်ချက် မပြောင်းလဲတဲ့အကြောင်းကို တိုင်းရင်းသား ကိုယ်စားလှယ်တွေဆီ ဆွေးနွေးပွဲ မစတင်ခင် ကနဦးဖော်ပြထားတာ တွေ့ရှိရပါတယ်။ WSTV က ထုတ်ပြန်တဲ့ သတင်းစဥ်အရ “ဝ” တပ်ရဲ့ မြန်မာစစ်အစိုးရနဲ့ တွေဆုံခဲ့သမျှ အကြောင်းရင်းခံကို အခုလိုဖော်ပြထားပါတယ်။ “မိမိတိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် အခွင့်အရေးရရှိရန် မြန်မာဘက်နှင့် ဆွေးနွေးဆက်ဆံသည့်အခါ ဦးစားပေးရွေးချယ်မှုမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်သူလူထု လူနေမှုဘဝ မြင့်တင်မှုလမ်းစဥ်တွေပဲ ဖြစ်ပါတယ်” လို့ဆိုပါတယ်။ အဲ့ဒီထုတ်ပြန်ချက် မတိုင်ခင်က သြဂုတ်လ ၆၊ ၇ ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဦးအောင်အောင် ဦးဆောင်တဲ့ အဖွဲ့ကိုယ်စားလှယ်တွေဟာ “ဝ” ပြည်နယ်ထိပ်သီးခေါင်ဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
(၂) အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးတွင် မိမိတို့တတ်စွမ်းသမျှ ကူညီထောက်ပံ့မှုများပေးခဲ့ပါသည်။ ယနေ့မှစ၍ “ဝ” ပြည်နယ်သည် မည်သည့် အခြေအနေမျိုးတွင်မဆို လက်နက်များ၊ စစ်ရေးလမ်းကြောင်း သို့မဟုတ် အဖွဲ့အစည်းများအား စီးပွားရေး အကူအညီများ ပေးအပ်မည်မဟုတ်။ အသိပေးကြေငြာချက် (၂) အရ “ဝ” ဟာ ၁၀၂၇ စစ်ဆင်ရေးထဲ တိုင်းရင်းသား လက်နက်ကိုင်အပြင်၊ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ကူညီထောက်ပံမှုတွေ ပေးခဲ့တဲ့အကြောင်း ဝန်ခံထားပါတယ်။ ရှမ်းမြောက်မှာ ညီနောင်မဟာမိတ် သုံးဖော် (TNLA, MNDAA, AA) က ဖော်ဆောင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းထဲ စစ်ရေးဆင်ရာမှာ လွယ်ကူချောမွေ့စေဖို့ လက်နက်ပစ္စည်း၊ လမ်းကြောင်းတွေ သုံးခွင့်ပြုခဲ့ပါတယ်။ကိုးကန့်တပ်မတော် – MNDAA ကဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် တိုက်ပွဲအတွင်း UWSA ထိန်းချုပ်ဒေသ နမ့်တစ်ကတဆင့် စစ်ရေးအကူအညီ၊ လမ်း ကြောင်း၊ နယ်မြေငှားရမ်းကာ စစ်သင်တန်းပေးစေသလို မြို့နယ်အသီးသီးက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးခဲ့ပါတယ်။ MNDAA ရဲ့ဦးဆောင်မှုနဲ့အတူ အာရက္ခတပ်တော် – AA, ပူးပေါင်းတပ်တွေဖြစ်ကြတဲ့ စစ်ကိုင်းနဲ့ ပဲခူးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ် pdf လူငယ်တွေရဲ့တက်ညီလက်ညီ အတူတကွပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရေးမှာ အဓိက ဗျူဟာကျတဲ့ ကွမ်းလုံမြို့ရက် (၄၀) မြန်မာ့သမိုင်းကိုပင် ပြောင်းပြန်လှန်နိုင်ခဲ့တဲ့ထိ မြို့သိမ်းတိုက်ပွဲတွေ အသီးသီးဖော်ဆောင်နိုင်ခဲ့ကြပါတယ်။
(၃) တရုတ်အာဏာပိုင်များသည် ‘ဝ’ အဖွဲ့များ၏ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံပေါင်းများစွာကို ရပ်တန့်ထားပြီး နယ်စပ်ဂိတ်၌ ကန့်သတ်ချက်များ ချမှတ်ထားကာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့မှု မရပ်မချင်း ပြင်းပြင်း ထန်ထန် အရေးယူမည်ဟုဆိုသည်။ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ ကျားဖျန်ဂိုဏ်း နှိမ်နင်ရေးကြောင့် မီးစိမ်းပြလိုက်လို့ ပေါ်ပေါက်ခဲ့သလို ယခုမီးနီပြလာတဲ့အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ရောက်ရာ အရပ်နေရာမှာ စစ်ရေးဆက်လက်မဖော်ဆောင်ပဲ ရပ်တန့်လိုက်ဖို့ တရုတ်က ဖိအားပေးလာပြန်ပါတယ်။ ၁၀၂၇ ပထမလှိုင်းထဲ အသံတိတ်နေပေမဲ့ ဒုတိယလှိုင်းထဲ ကိုးကန့်တပ်မှ ကွမ်းလုံကို ကျော်လွန်ပြီး ပြည်ထောင်စု လမ်းမကြီးတစ်ကြော သိန္နီ၊ လားရှိုးကို သိမ်းပိုက်လိုက်ချိန်၊ တစ်ဖက်မှာလည်း တအာင်းတပ် – TNLA မှ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်အပြင် တော်လှန်ရေးတပ်တွေနဲ့ပူးပေါင်းကာ မန်းလေး၊ ပြင်ဦးလွင်၊ မြန်မာပြည် အလယ်ပိုင်းထိ စစ်မျက်နှာ ဖြန့်ကျက်လာနိုင်ချိန်မှာတော့ တရုတ်က မျက်ခုံးစတင် လှုပ်ခတ်လာပါတော့တယ်။ ကိုးကန့်တပ် – MNDAA ရဲ့ကွမ်းလုံကို ကျော်လွန်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တည်ရှိတဲ့ လားရှိုးထိ နယ်မြေစိုးမိုးလာနိုင်တဲ့အပေါ် တရုတ်ဟာ ဘယ်လိုနည်းနဲ့မှ လက်မခံသလို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ကိုသွားတွေ့ပြီ ဒီအခြေအနေအပေါ် ဆွေးနွေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ထဲ အင်အားအကြီးဆုံးနဲ့ လက်ရှိ FPNCC အဖွဲ့ရဲ့ ဥက္ကဌတာဝန်ကိုယူထားတဲ့ “ဝ” တပ် – UWSA ကတစ်ဆင့် MNDAA, TNLA အဖွဲ့တွေဆီ နားချစေခဲ့ပါတယ်။ တရုတ်ဟာ ၎င်းမျော်မှန်းထားသလို ဖြစ်မလာပဲ ရှမ်းမြောက်မှာ စစ်ရေး၊ တိုက်ပွဲအရှိန်တွေ ပိုအားကောင်းလာချိန်မှာတော့ “ဝ” ကိုခေါ်တွေ့ပြီး အကျပ်ကိုင် ဖိအားပေးခဲ့ပါတယ်။ တရုတ်ရဲ့အစောပိုင်း အကျပ်ကိုင် ဖိအားပေးမှုဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သြဂုတ်လထဲ စတင်ခဲ့ပြီး “ဝ” – တရုတ် နယ်စပ်ဂိတ်ကြီး (၄) ခုမှာ ကုန်စည်တင်သွင်းခွင့်တွေနဲ့ လူအဝင်အထွက်တွေကို စတင်ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။ နယ်စပ်ဂိတ်တွေထဲ “ဝ” ဘက်က နယ်စပ်ဂိတ်ကြီးတွေဖြစ်တဲ့ မုန်းအား(မုန်းစီးဂိတ်)၊ ဆောဖာ (ပန်ဝိုင်ဂိတ်)၊ မန်ခါး (နမ့်တစ်ဂိတ်) နဲ့ ယုံးဟော့ဂိတ်တွေအပြင် ၁၀၂၇ ထဲတိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်လိုက်တဲ့ နယ်စပ်ဂိတ်တွေလည်း ပါဝင်ပါတယ်။ အခုလို “ဝ” နယ်စပ်ဂိတ်တွေ ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် “ဝ” ပြည်နယ် ခရိုင်လေးခု (ဟိုပန်၊ မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော) အောက်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ဒေသတွင်း စားသောက်ကုန်၊ လူသုံးကုန်၊ အခြေခံဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနဲ့ ဓာတ်ဆီပြတ်လပ်တာတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ကန့်သတ်လိုက်တာကြောင့် လူတစ်ဦး၊ မိသားစုတစ်စုကို တစ်ပိုင်တစ်နိုင် ခြင်းတစ်ခြင်းစာသာ စျေးဝယ်ခွင့်ရတဲ့ထိ အကြပ်ရိုက်စေခဲ့သလို ဒေသတွင်း သီးနှံစိုက်ပျိုးကာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ပြည်သူတွေအတွက် တရုတ်ကိုတင်သွင်းခွင့်မရတော့တာကြောင့် ဝမ်းစာရေးမှာ အခက်တွေ့လာကြရပါတယ်။ ဝ” ဟာစီးပွားရေး၊ လူမှုရေး အစစအရာရာမှာ တရုတ်ကို မှီခိုနေရသလို “ဝ” လူမျိုး၊ အမျိုးသားတွေ အများစု တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။
ယခင်က “ဝ” မှတ်တင်နဲ့ တရုတ်ပြည်ထဲကို ဖြတ်သန်း သွားလာနိုင်ပေမဲ့ တရုတ်ရဲ့ နယ်စပ်ဂိတ်မှာ လူအဝင်အထွက်တွေ ကန့်သတ်လိုက်တဲ့နောက် အချိန်တစ်ခုကြာ သွားလာမှုတွေ ရပ်တန့်စေခဲ့ပါတယ်။ ဒီအခြေအနေတွေဟာ “ဝ” လူမျိုး၊ အမျိုးသားတွေအတွက် တရုတ်ပြည်မှာရှိကြတဲ့ မိဘ ဆွေမျိုးများ၊ စီးပွားရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုဖို့အတွက် သွားလာရေးမှာ အခက်အခဲတစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် ဒေသတွင်း စက်သုံးဆီပြတ်လပ်တာတွေ မကြာခဏဖြစ်ပေါ်ခဲ့ကာ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းတွေကိုလည်း အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်တန့်လိုက်ရသလို စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံကြတဲ့ တရုတ်လုပ်ငန်းရှင်တွေ ထွက်ခွာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း ကိုးကန့်တပ် – MNDAA ထိန်းချုပ်ဒေသဘက်ကို (ဆန်တစ်စိ၊ ပန်းသီးတစ်ကိုက်၊ ဟင်းတစ်ပွဲမျှ) စားသောက်ကုန်၊ ဆေးဝါး၊ လက်နက်ပစ္စည်းတွေ မစီးဆင်းစေဖို့ တရုတ်ဟာ “ဝ” နဲ့ ကိုးကန့်တပ် ထိန်းချုပ်ဒေသကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတား၊ ညီနောင်တံတားတွေမှာ လုံခြုံရေး၊ ထောက်လှမ်းရေးထားရှိကာ အဝင်အထွက်စာရင်းတွေကို သေချာစီစစ် စေခဲ့ပါတယ်။ အရေးကြီးဆုံးတစ်ချက်မှာ “ဝ” တပ်ရဲ့ ဘဏ်ငွေကြေးစနစ်တွေကို တရုတ်ထိန်းချုပ်ခဲ့ပါတယ်။ ငွေကြေးစနစ်အရ ယွမ်ငွေသုံးစွဲတဲ့ “ဝ” အတွက် အခုလိုဘဏ်တွေ ထိန်းချုပ်ခံလိုက်ရတာကလည်း ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ “ဝ” တပ် – UWSA ရဲ့မျိုးဆက်သစ်ခေါင်းဆောင်၊ ဒုတိယ စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်ကို တရုတ် အစိုးရအာဏာပိုင်က “၁၀၂၇ စစ်ဆင်ရေး” စတင်တဲ့ အောက်တိုဘာလထဲမှာပဲ ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ဆိုကာ တရုတ်နိုင်ငံထဲ ဖမ်းဆီးခဲ့ပါတယ်။ “‘ဝ’ အဖွဲ့များ၏ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံပေါင်းများစွာကို ရပ်တန့်ထားပြီး နယ်စပ်ဂိတ်၌ ကန့်သတ်ချက်များ ချမှတ်ထားကာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်နေသည့် လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့မှု မရပ်မချင်း ပြင်းပြင်း ထန်ထန် အရေးယူမည်ဟုဆိုသည်” UWSA/ UWSP ဒုတိယ ဥက္ကဌဦးကျောက်ကော်အန်း ပြောဆိုချက်ထဲ ဒီအချက်ဟာ “ဝ” တပ်ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကြပ်အတည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်ထဲမှာပင် “ဝ” ဟာ တရုတ်အလိုကျ ၎င်းဒေသထဲက ကျားဖျန်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ဖမ်းဆီးတာ၊ ကျားဖျန်လုပ်ကိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ လွှဲပြောင်းပေးတာ ဆက်တိုက်ဆိုသလို တက်ကြွစွာနဲ့ ဖမ်းဆီးလွှဲပြောင်း ပေးခဲ့ပေမဲ့ တရုတ်ဟာ ဒီရလဒ်ကို မတင့်တိမ်နိုင်ခဲ့ပါဘူး။ တစ်ဆက်တည်း ၂၀၂၄ ခုနှစ်၊ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေး အရှိန်ကောင်းလာချိန်မှာတော့ ဝါးလုံးရှည် ဒုတ်နဲ့ပတ်ရမ်းသလို “ဝ” တပ်ဟာ ညီနောင်မဟာမိတ်တွေဆီ စစ်လက်နက်နဲ့အခြားအကူအညီတွေ ဆက်လက်ထောက်ပံ့နေတယ်ဟု စွပ်စွဲကာ “ဝ” ဒေသထဲ ကျားဖျန်အပြင် အခြားသောစီးပွားရေး လုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်နိုင်ငံသားအကုန် ပြန်ဆင့်ခေါ်ခဲ့ပါတယ်။ “ဝ” ပြည်နယ်ထဲ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှပ်နှံပြီး လုပ်ကိုင်ကြသူတွေ အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး အခုလို တရုတ်ဘက်က ပြန်လည်ဆင့်ခေါ်လိုက်တာဟာ “ဝ” ပြည်နယ်ရဲ့ဝင်ငွေရရှိမှုကို တစ်နည်းတစ်ဖုံ အဟန့်အတားဖြစ်စေခဲ့ပါတယ် တရုတ်ရဲ့ဖိအားကို တိုက်ရိုက်ရင်ဆိုင်နေရတဲ့ထဲ ကိုးကန့်တပ် – MNDAA လည်းပါဝင်ခဲ့ပြီး လားရှိုးမြို့ပြန်မပေးခင်ချိန်ထိ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်ကိုဖမ်းဆီးချုပ်နှောင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကိုးကန့်ခေါင်းဆောင်ပြန်လွှတ်ပေးရေး၊ ကိုးကန့်ထိန်းချုပ် ဒေသတွေမှာ ပြန်လည်ထူထောင်ရေး စတင်နိုင်ရေး၊ ဌာနချုပ်လောက်ကိုင်မြို့ အရင်လို ပြန်စည်ကားရေးနဲ့ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်နိုင်ရေး စတဲ့အချက်တွေပေါ် အခြေခံပြီး ကိုးကန့်တပ်က တရုတ်ရဲ့တောင်းဆိုမှုကို လိုက်လျောခဲ့ပါတယ်။ ကိုးကန့်တပ် – MNDAA အနေနဲ့ လားရှိုးပေးပြီးနောက် လောက်ကိုင်အရင်လို ပြန်စည်လည်စည်ကားရေးနဲ့ မြို့တွင်းပြန်လည်ထူထောင်ရေးလုငန်းတွေ ကောင်းမွန်စွာ ဆောက်ရွှက်ခွင့်ရရှိနိုင်မယ်လို့ မျော်လင့်ပေမဲ့ စစ်ကောင်စီတပ်ကတော့ သိန္နီ – ကွမ်းလုံ – လောက်ကိုင်မြို့တွေထိပါ ပြန်ရရှိဖို့ ကြိုးပမ်းလာနေပါတယ်။
(၄) တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် နောက်ထပ်တိုက်ပွဲများ ထပ်မံဖြစ်ပွားခွင့်မပြုပါ။ ယခုတရုတ်နိုင်ငံရဲ့ အရေးယူမှုတွေဟာ “ဝ” ပြည်နယ် ခံနိုင်ရည်ထက် ကျော်လွန်နေပြီး တရုတ်က ဒီထက်ပိုပြီး ဖိအားပေးတင်းကြပ် လာပါက မိမိတို့ “ဝ” ပြည်နယ် အနေနဲ့ရလဒ်ကို မှန်းဆရန်ပင် ခက်ခဲလွန်းပါသည်။ UWSA/UWSP ဒုတိယ ဥက္ကဌ၊ ပြင်ပဆက်ဆံရေးဝန်ကြီး ကျောက်ကော်အန်း ပြောဆိုချက်အရ မဟာမိတ် အဖွဲ့တွေကို လက်နက်အပြင် လမ်းကြောင်း ပံ့ပိုးကူညီပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ အခုလို တိုက်ပွဲတွေ အရှိန်မြှင့်လာရခြင်းဖြစ်ကြောင်း ဘေဂျင်းအစိုးရက “ဝ” တပ်ကို စွပ်စွဲပြောဆိုထားသလို အဲ့ဒီအပေါ် “ဝ” တပ်အနေနဲ့ တာဝန်ရှိပြီး ဖြစ်ပေါ်လာသမျှ အကျိုးဆက်တွေကိုလည်း တာဝန်ခံရမှာဖြစ်တယ်လို့တရုတ်က ခြိမ်းခြောက်ဖိအားပေးခဲ့ပါတယ်။ – အခုလို “တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအပေါ် အကျိုးသက်ရောက်မှု” ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ဆွိဒင်ဝါရင့် သတင်းစာဆရာ Bertil Lintner – ဘာတေးလစ်တနား က “အခြေခံအားဖြင့် UWSP (ဝပြည်နယ် သွေးစည်းညီညွှတ်ရေးပါတီ) ဟာ တရုတ်ရဲ့ ဖိအားကို လိုက် လျောလိုက်တာပါပဲ။ ဒီအချိန်ကိုက်ကျတဲ့ဟာက ကြိုတင်တွက်ဆမှုရှိပါတယ်။ တရုတ်အစိုးရက ဒီကနေ့အချိန်မှာ စစ်တပ်က အာဏာဆက်ထိန်းနိုင်တော့မယ်လို့ ကောက်ချက်ချလိုက်ပြီး၊ တော်လှန် ရေးဘက်က (တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ ဗမာ နိုင်ငံရေးအဖွဲ့တွေပါ) မအောင်မြင်နိုင်တော့ဘူးလို့ ယူဆလိုက်တာပါ။ ဒါဟာ အထူးသဖြင့် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲတွေကြောင့် အရေးပါနေပါတယ်။ စစ်ကောင်စီက ဒီရွေးကောက်ပွဲကို ကျင်းပပြီး သူတို့အုပ်ချုပ်မှုကို တရားဝင် ရစေမယ်လို့ မျှော်လင့်နေပြီး၊ တရုတ်ဘက်ကလည်း ဒါကို “မှန်ကန်တဲ့ လမ်းကြောင်းပေါ် ခြေလှမ်း” တစ်ခုလို့ မြင်နေတာပါ။ တရုတ်ဘက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပရေး အစီ အစဉ်ကို ထောက်ခံကြောင်း ကြေညာပြီးသားဖြစ်ပြီး၊ အခြားသော လွတ်လပ်တဲ့ လေ့လာသူ အဖွဲ့အစည်းတွေကတော့ ဒီရွေးကောက် ပွဲကို အသိအမှတ်မပြုကြပါဘူး” “UWSP ရဲ့ ဆုံးဖြတ်ချက်ဟာ (တကယ်တော့ တရုတ်ရဲ့ ဆုံးဖြတ်ချက်ပါ) TNLA နဲ့ MNDAA တို့ရဲ့ တိုက်ခိုက်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိလိမ့်မယ်။ TNLA ကို မန္တလေး-မူဆယ် ကားလမ်းမကြီး (တရုတ်နိုင်ငံဆီသို့ အဓိက ကုန်သွယ်ရေး လမ်း ကြောင်း) တလျှောက်က သိမ်းပိုက်ထားတဲ့ မြို့ငယ်တွေကနေ ဆုတ်ခွာဖို့ တရုတ်ဘက်က ဖိအားပေးနေပြီးသားဖြစ်ပါတယ်။ AA (ရက္ခိုင့်တပ်တော်) ကတော့ သိပ်မထိခိုက်နိုင်ပါဘူး။ AA ဟာ UWSP/UWSA (ဝတပ်တော်) ကနေ လက်နက်တွေရရှိခဲ့ပေမယ့်၊ မြန်မာစစ်တပ်ဆီကနေလည်း လက်နက်ပစ္စည်းတွေ အမြောက်အများ သိမ်းပိုက်ရရှိထားတာကြောင့် TNLA နဲ့ MNDAA (သူတို့နဲ့အတူ တိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့အချို့) တို့လို UWSP/UWSA ရဲ့ လက်နက်ထောက်ပံ့မှုကို မှီခိုနေရတဲ့အဆင့် AA မှာမရှိပါဘူး” ဟု ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က “ဝ” လူငယ့်အသံကို ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ “ဝ” တပ်ဟာ တရုတ်ဖိအား၊ ညီနောင်မဟာမိတ်ကြားနဲ့ FPNCC အဖွဲ့ဝင်ကြား သွေးကွဲပျက်ပြားအောင် ဖန်တီးလာတဲ့ တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်၊ ရှမ်းမြောက်တစ်ခွင် ဘက်ပေါင်းစုံ စစ်မျက်နှာကို ဖြန့်ကျက် ရင်ဆိုင်ထားနေရတဲ့ “ဝ” တပ် – UWSA အတွက် ရေရှည်မှာ ကြီးမားတဲ့ စိန်ခေါ်ချက်တစ်ခုဖြစ်နေသလို လက်ရှိနွေးဦးတော်လှန်ရေး ပေါ်ပေါက်လာရခြင်း အကြောင်းတရား အရင်းခံဟာ အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ပြည်သူတစ်ရပ်ကြောင့်သာ ဖြစ်တယ်ဆိုတဲ့ အချက်ဟာ “ဝ” တပ် – UWSA အတွက်သာဓက တစ်ခုအဖြစ် တည်ရှိနေပါတယ်။