NUG နိုင်ငံခြားရေးပေါ်လစီ အာဖရိက ဂျီဘူတီ လို့ ရေလာမြောင်းပေးဖြစ်လာပါကတော်လှန်ရေးတစ်ရပ်လုံးနဲ့မသက်ဆိုင်

မြန်မာပြည်ဟာ စစ်အေးခေတ်အစပိုင်းမှာ မနီလာစစ်စာချုပ်ထဲဝင်ဖို့စဉ်းစားခဲ့ပေမယ့်တရုတ်မှာ ချန်ကေရှိတ်အစိုးရပြုတ်ကျသွားပြီး မော်စီတုန်းတို့ကွန်မြူနစ်တွေတက်တော့ ပေါ်လစီကို ‌ဂငယ်ကွေ့ ကွေ့လိုက်ရပါတယ်။ကြားနေရေးပေါ်လစီကိုချမှတ်ကျင့်သုံးရပါတော့တယ်။ မြန်မာပြည်မှာ ဘယ်နိုင်ငံရဲ့နိုင်ငံခြားစစ်အခြေစိုက်စခန်းချထားတာတွေကို လက်မခံဘူးလို့ အခြေခံဥပဒေမှာပါအာမခံချက်ပေးလာကြရပါတယ်။ အာရှမှာ အမေရိကန်ရဲ့ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးအရ အရှေ့အာရှနဲ့အရှေ့တောင်အာရှမှာ နိုင်ငံအချို့က အမေရိကန်လုံခြုံရေးအစီအစဉ် အနုမြူထီးရိပ်အောက်မှာ (American Nuclear Umbrella) ခိုလှုံကြပါတယ်။အချို့ကတော့အရင်ကထဲက အမေရိကန်ကိုလိုနီနဲ့ဩဇာ ညောင်းပြီးသားတွေဖြစ်လို့ အမေရိကန်စစ်အခြေစိုက်စခန်းတွေချထားပါတယ်။ ဒေသတွင်းမှာ စစ်အေးခေတ်အတွင်းကထဲက တရုတ်ရဲ့နောက်ဖေးထွက်ပေါက်အနေနဲ့တစ်ပေါက်ဟာ မြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံကလည်း ကြားနေရေးဝါဒကို တင်းတင်းကျပ်ကျပ်ကျင့်သုံးနိုင်ခဲ့လို့စစ်အေးခေတ် တစ်ဆင့်ခံစစ်ပွဲ(Proxy War) ထဲက နေ ရှောင်နိုင်ခဲ့ပါတယ်။ တီတီမီမီပြောတဲ့ တစ်ပေါက်တော့ဖွင့်ပေးထားရမယ်ဆိုတဲ့ ဆွန်ဇု့ ဗျူဟာအရ မြန်မာဟာ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးရဲ့ဖွင့်ပေးထားတဲ့တစ်ပေါက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ထိုင်း၊မြန်မာနယ်စပ် O 7 တောင်ကုန်းနဲ့လွယ်လန်းတောင်ကြားကိစ္စများအပေါ်မှုတည်ပြီး နယ်စပ်စစ်ပွဲဖြစ်ခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပက်သက်ပြီး ဗမာ တတိယစစ်အုပ်စု အပေးအယူနဲ့ထွက်သွားပြီး သူတို့အလှည့်မရောက်မှာစိုးရိမ်နေတဲ့ စတုတ္ထစစ်အုပ်စု လက်ရာပါနိုင်တယ်လို့ ရဲဘော်ဗိုလ်ကြင်မောင်က တွက်ချက်ပြခဲ့ပါတယ်။ အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲပြီးကထဲကဘေးထွက်နေရတဲ့ အင်ဒိုချိုင်းနားမှာ တစ်ပွဲတစ်လန်းအကဲစမ်းချင်နေပါတယ်။ထိုင်း၊မြန်မာစစ်ပွဲကနေတစ်ဆင့် အကဲစမ်းချင်နေပါတယ်။တရုတ်က လက်ဦးမှုယူပြီး နှစ်ဖက်စလုံးကို နားချနိုင်ခဲ့လို့ခေတ္တပြေလည်သွားတဲ့အကြောင်း ပြောခဲ့ပါတယ်။

———————————-
ဇူလိုင်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဗိုလ်မောင်မောင်ရဲ့ အိမ်စောင့်အစိုးရ စာအုပ်မှာ “CIA ကိုခေါ်သွင်းလာသူမှာ မောင်မောင်မဟုတ်”ဆိုပြီး ရှင်းတမ်းတစ်ခန်းပါပါတယ်။ ဗိုလ်နေဝင်းနဲ့အမေရိကန်သံတို့သဘောတူညှိနှိုင်းဆုံးဖြတ်တာကို သူက အကောင်အထည်ဖော်ရတာပါလို့ဆိုပါတယ်။၇ မိုင်ကုန်းက ဝါးတောထဲက ဘန်ဂလိုအိမ်တစ်လုံးမှာ အမေရိကန် CIA က သင်တန်းဆရာတွေ အလှည့်ကျလာသင်တာကို သူကစီမံရတယ်ရှင်းပါတယ်။ကျောင်းအုပ်ကတော့ အခု ဦးတေဇ အဖေ ရှမ်းမြင့်ဆွေတို့ပါပါတယ်။ ဦးတေဇက သူ့အဖေအကြောင်းကို ဦးငွေကိုင်ဆွဲပေးထားတယ်ဆိုတဲ့ပန်းချီကားအဖုံးနဲ့စာအုပ်ထုတ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့လုံခြုံရေးလုပ်ဖူးတယ်ဆိုသလို ဗိုလ်နေဝင်းငပလီကမ်းခြေမှာရိုက်ထားတဲ့အုပ်စုပုံမှာလည်းပါပါတယ်။ဗိုလ်နေဝင်းလူယုံလူရင်းတစ်ယောက်ဖြစ်ခဲ့ပုံပေါ်ပါတယ်။ပွဲတစ်ခုပုံမှာ ဗိုလ်နေဝင်းရဲ့ထောက်လှမ်းရေးချုပ် နုတ်ခမ်းမွှေးကြီးမောင်လွင်နဲ့တစ်ဝိုင်းထဲပုံလည်းပါပါတယ်။နုတ်ခမ်းမွှေးကြီးမောင်လွင်ရဲ့သားကတော့ အခုကြံ့ခိုင်ရေးက ဝဏ္ဏမောင်လွင်လို့သိရပါတယ်။ ရောဘတ်တေလာပြုစုတဲ့ ဗိုလ်နေဝင်းအတ္ထုပ္ပတ္တိမှာ အမေရိကန်က ဗိုလ်နေဝင်းကို Legion of Merit ဘွဲ့ချီးမြင့် သည်ကို အံ့ဩမိကြောင်းရေးသားထားပါတယ်။

၁၉၅၈ ရွေးကောက်ပွဲမှာ ဦးနုအနိုင်ရပြီးနောက် ဗိုလ်နေဝင်းဟာအမေရိကန် ကြည်းတပ်ဦးစီးချုပ် မက်စ်ဝဲတေလာရဲ့အထူးဧည့်သည်အနေနဲ့သွားလည်တဲ့ခရီးစဉ်မှာချီးမြင့်တာဖြစ်ပါတယ်။ ဗိုလ်နေဝင်းနဲ့အဖွဲ့ဟာ ပင်တဂွန်စစ်ဌာနချူပ်မှာ ဆွေးနွေးကြပြီး အမေရိကန်စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုလှည့် လည်လေ့လာကြပါတယ်။ Legion of Merit ဘွဲ့က အမေရိကန်စစ်တပ်မှာ ကြယ်သုံးပွင့်ဗိုလ်ချုပ်ကြီးလောက်အဆင့်မှ ချီးမြင့်ပေးအပ်တာဖြစ်ပါတယ်။နိုင်ငံတစ်ကာမှာဆို အမေရိကန် စစ်လက်နက်ပစ္စည်းတွေ အဓိကဝယ်ယူတဲ့နိုင်ငံနဲ့အမေရိကန်ရဲ့တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကို ပူးပေါင်းဆောင်ရွက်တဲ့ ဗိုလ်ချုပ်ကြီးတွေကိုမှ ရှားရှားပါးပါးချီးမြင့်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဖိလစ်ပိုင်ရဲ့ ရေမွန်မက်ဆေးဆေး ငြိမ်းချမ်းဆုကို ချီးမြင့်ဖို့လုပ်ပါသေးတယ်။ဗိုလ်နေဝင်းက CIA ပေးတဲ့ဆုကို သူလိုအဆင့်ကယူစရာလားဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဘဝက ရေမွန်မက်ဆေးဆေးက ဖိလစ်ပိုင်ကွန်မြူနစ်တွေကို ဖြတ်လေးဖြတ်နဲ့ ရက်ရက်စက်စက် နှိမ်နှင်းခဲ့သူဖြစ်ပါတယ်။ သူကချီးမြင့်တဲ့ ငြိမ်းချမ်းရေးဆုဆိုတာက စစ်အေးခေတ်အတွင်းကွန်မြူနစ်နိုမ်နင်းရေးမှာစွမ်းစွမ်းတမံရှိသူတွေကိုချီးမြင့်တဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ရောဘတ်တေလာစာအုပ်မှာဘဲ တစ်နေရာမှာ ဗိုလ်နေဝင်းကရော CIA မဖြစ်နိုင်ဖူးလားမေးတော့ CIA အသေးစားလေးဖြစ်ကောင်းဖြစ်မှာပေါ့လို့ သံတမန်နှစ်ဦး ရယ်ပွဲဖွဲ့ကြတဲ့အခန်းတစ်ခုပါပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်ကို လေ့လာချဉ်းကပ်တဲ့အခါ (စစ်အေးခေတ်နဲ့ဆက်စပ်ပြီး အမေရိကန်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းမတွက်ချက်ပဲ အမေရိကန်ကိုကယ်တင်ရှင်လိုအားကိုးချဉ်းကပ်တာ အန္တရာယ်များပါတယ်။)

မြန်မာစစ်တပ်နဲ့CIA ရဲ့၂၁ ရာစုမှာဘယ်အတိုင်းအတာထိပက်သက်နေတယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်တော်လှန်ရေးအဆက်ဆက်နယ်စပ်မှာ NGO လူဖြူမျိုးစုံနဲ့သူတို့လက်ဝေခံ တွေကနေတစ်ဆင့် တော်လှန်ရေး သတင်းအချက် အလက် စီးဆင်းမှုတွေက ဘယ်အထိရှိမလဲမသိနိုင်ပါဘူး။သတိပြု့ကြဖို့ပါ။ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ Game Theory ကို တော်လှန်ရေးတာဝန် ယူထားသူတို့ ကျေကျေလည်လည်ထည့်သွင်းတွက်ချက် ချဉ်းကပ်မှ သတိရှိရာကျမယ်ထင်ပါတယ်။ စစ်အေးခေတ်ကနေစပြီးစစ်အေးခေတ်အလွန် နေရာစုံ တရုတ်-အမေရိကန်အားပြိုင်ပွဲမှာ လက်တွေ့နိုင်ငံရေး (Real politic) ကို အမျိုးသားအကျိုးစီးပွားနဲ့အညီ ဉာဏ်ပညာနဲ့ချစ်ခြင်းတရားမိုးကုတ်စက်ဝိုင်းကို ဖြန့်ထွက်စဉ်းစားလုပ်ကိုင်ကြဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထဝီအခြေအနေအရ ကြားနေရေး ပေါ်လစီ(Neutral) ကို အစိုးရအဆက်ဆက်ချမှတ်ကျင့်သုံးခဲ့ရတာကို ကျေကျေညက်ညက်သဘောပေါက်ဖို့လိုအပ်မယ်ထင်ပါတယ်။ အမေရိကန်ရော၊တရုတ်၊အိန္ဒိယ တို့က မြန်မာပြည်ရဲ့လက်တွေ့အာဏာကိုင်ထားသူတွေရဲ့ နိုင်ငံခြားရေးပေါ်လစီကို မျက်ခြေမပြတ်ကြည့်နေကြပါတယ်။ အမေရိကန်က စစ်အစိုးရတွေတက်လည်း အမေရိကန်သံရုံးဆက်လက်ဖွင့်လှစ်ထားတတ်ကြပါတယ်။မြန်မာပြည်မှာ အမေရိကန်သံရုံးဖွင့်လှစ်ထားရခြင်းရဲ့ အန္တိမ ရည်ရွယ်ချက်က မြန်မာပြည်အာဏာလက်ကိုင်အစိုးရတွေရဲ့ တရုတ်နဲ့ဆက်ဆန်ရေး ပေါ်လစီကို အနီးကပ်စောင့်ကြည့် ထိန်းကြောင်းသွားရန်ဖြစ်သည် လို့ အိန္ဒိယသံအမတ်ဟောင်းပရီမာလစ်က ရေးပါတယ်။ အိန္ဒိယကလည်း ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ တရုတ်ဩဇာချဲ့ထွင်လာခြင်းကို အိန္ဒိယအမျိုးသားအကျိုးစီးပွားနဲ့အမျိုးသာလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်တယ် ဆိုတာ ဗမာအစိုးရအဆက်ဆက်ကိုသတိပေးနေဖို့ပဲဖြစ်တယ်လို့ဆိုလိုခဲ့ပါတယ်။

မြန်မာပြည်ဟာ စစ်အေးခေတ်အစပိုင်းမှာ မနီလာစစ်စာချုပ်ထဲဝင်ဖို့စဉ်းစားခဲ့ပေမယ့်တရုတ်မှာ ချန်ကေရှိတ်အစိုးရပြုတ်ကျသွားပြီး မော်စီတုန်းတို့ကွန်မြူနစ်တွေတက်တော့ ပေါ်လစီကို ‌ဂငယ်ကွေ့ ကွေ့လိုက်ရပါတယ်။ကြားနေရေးပေါ်လစီကိုချမှတ်ကျင့်သုံးရပါတော့တယ်။ မြန်မာပြည်မှာ ဘယ်နိုင်ငံရဲ့နိုင်ငံခြားစစ်အခြေစိုက်စခန်းချထားတာတွေကို လက်မခံဘူးလို့ အခြေခံဥပဒေမှာပါအာမခံချက်ပေးလာကြရပါတယ်။ အာရှမှာ အမေရိကန်ရဲ့ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးအရ အရှေ့အာရှနဲ့အရှေ့တောင်အာရှမှာ နိုင်ငံအချို့က အမေရိကန်လုံခြုံရေးအစီအစဉ် အနုမြူထီးရိပ်အောက်မှာ (American Nuclear Umbrella) ခိုလှုံကြပါတယ်။အချို့ကတော့အရင်ကထဲက အမေရိကန်ကိုလိုနီနဲ့ဩဇာ ညောင်းပြီးသားတွေဖြစ်လို့ အမေရိကန်စစ်အခြေစိုက်စခန်းတွေချထားပါတယ်။ ဒေသတွင်းမှာ စစ်အေးခေတ်အတွင်းကထဲက တရုတ်ရဲ့နောက်ဖေးထွက်ပေါက်အနေနဲ့တစ်ပေါက်ဟာ မြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံကလည်း ကြားနေရေးဝါဒကို တင်းတင်းကျပ်ကျပ်ကျင့်သုံးနိုင်ခဲ့လို့စစ်အေးခေတ် တစ်ဆင့်ခံစစ်ပွဲ(Proxy War) ထဲက နေ ရှောင်နိုင်ခဲ့ပါတယ်။ တီတီမီမီပြောတဲ့ တစ်ပေါက်တော့ဖွင့်ပေးထားရမယ်ဆိုတဲ့ ဆွန်ဇု့ ဗျူဟာအရ မြန်မာဟာ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေးရဲ့ဖွင့်ပေးထားတဲ့တစ်ပေါက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ ထိုင်း၊မြန်မာနယ်စပ် O 7 တောင်ကုန်းနဲ့လွယ်လန်းတောင်ကြားကိစ္စများအပေါ်မှုတည်ပြီး နယ်စပ်စစ်ပွဲဖြစ်ခဲ့ပါတယ်။အဆိုပါကိစ္စနဲ့ပက်သက်ပြီး ဗမာ တတိယစစ်အုပ်စု အပေးအယူနဲ့ထွက်သွားပြီး သူတို့အလှည့်မရောက်မှာစိုးရိမ်နေတဲ့ စတုတ္ထစစ်အုပ်စု လက်ရာပါနိုင်တယ်လို့ ရဲဘော်ဗိုလ်ကြင်မောင်က တွက်ချက်ပြခဲ့ပါတယ်။ အမေရိကန်ကလည်း ဗီယက်နမ်စစ်ပွဲပြီးကထဲကဘေးထွက်နေရတဲ့ အင်ဒိုချိုင်းနားမှာ တစ်ပွဲတစ်လန်းအကဲစမ်းချင်နေပါတယ်။ထိုင်း၊မြန်မာစစ်ပွဲကနေတစ်ဆင့် အကဲစမ်းချင်နေပါတယ်။တရုတ်က လက်ဦးမှုယူပြီး နှစ်ဖက်စလုံးကို နားချနိုင်ခဲ့လို့ခေတ္တပြေလည်သွားတဲ့အကြောင်း ပြောခဲ့ပါတယ်။

ယခုနွေဦးတော်လှန်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ မြန်မာ၊ထိုင်းနယ်စပ်ကိစ္စအရေးနဲ့ ထိုင်းစစ်တပ်နဲ့ ဝ တပ်ဖွဲတို့စစ်ရေးတင်မာမှုဖြစ်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကလည်း မူးယစ်ဆေးဝါးစွတ်စွဲချက်နဲ့ မူးယစ်စစ်ပွဲ(Druge War) ဆင်နွဲဖို့ဘေးတီးခဲ့ပါတယ်။တရုတ်က ကျားဖျန့်နဲ့ထိုင်းကို ကိုင်တွယ်ထားတဲ့အတွက် ထိုင်းနဲ့မြန်မာ နယ်စပ်အငြင်းပွားမှုနောက်ဆုတ်သွားပါတယ်။ အခု ထိုင်းနဲ့ကမ္ဘောဒီးယား ဒေသတွင်းစစ်ပွဲ အစပျိုးလာပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်ရဲ့ “အမေရိကန်ဟာ ဗီယက်နမ်စစ်ပွဲပြီးကထဲက အားစမ်းပွဲမလုပ်ရတဲ့အတွက် ဒေသတွင်းမှာ အားစမ်းပွဲ တစ်ပွဲနွဲချင်နေပါတယ်” ဆိုတာ ၂၀၀၁ ပြည်ချစ်ဝါဒစာတန်းကထဲက တွက်ချက်ပြခဲ့ပါတယ်။ ယခု NUG နိုင်ငံခြားရေးဌာနက ရေးရာကော်မတီများကို NUG နိုင်ငံခြားရေးပေါ်လစီထုတ်ပြန်ရေးနဲ့ပက်သက်ပြီးရှင်းလင်းတဲ့ ပွဲတစ်ခုကျင်းပတာကို မီဒီယာသတင်းများအရ ဖတ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေး အခြေအနေနဲ့ကမ္ဘာ့အခင်းအကျင်း World Order ဟောင်း ဖရိုဖရဲဖြစ်နေတဲ့ကာလ မှာ နိုင်ငံခြားရေး ပေါ်လစီကိစ္စကို အထူးပြုလာတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ လွတ်လပ်တဲ့ကြားနေရေးပေါ်လစီကို ၊အခြားပေါ်လစီတစ်ခုခုနဲ့အစားထိုးတာမျိုး၊ မြန်မာနိုင်ငံရဲ့လုံခြုံရေးအတွက် နိုင်ငံတစ်ခုခုရဲ့ ထီးရိပ်ခိုရတာမျိုး၊မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ စစ်အခြေစိုက်စခန်းဖွင့်လှစ်မှာကို လမ်းဖွင့်ပေးတာ မျိုး ပါ၊မပါ စိုးရိမ်စွာစောင့်ကြည့်ရလျှက်ပါပဲ။ အကယ်၍ နိုင်ငံခြားစစ်အခြေစိုက်စခန်းဖွင့်လှစ်နိုင်ရေး ကို လမ်းဖွင့်ပေးတဲ့ ပေါ်လစီမျိုးကျင့်သုံးမိရင် မြန်မာနိုင်ငံရဲ့ဘဝဟာ အာဖရိက ဂျီဘူတီနိုင်ငံလို နိုင်ငံစုံ စစ်အခြေစိုက်စခန်းတွေ လက်ခံဖွင့်လှစ်ပေးရတဲ့ နိုင်ငံတစ်ခုဘဝ ရောက်သွားမှာ အသေအချာပဲဖြစ်ပါတယ်။

အဲ့လိုမျိုးသာဖြစ်ခဲ့ရင် နိုင်ငံကလည်း ဆီးရီးယားလို နိုင်ငံစုံက အဖွဲ့စုံကို ကူညီတဲ့ နိုင်ငံလူဦးရေ ၆ သန်းလောက်ပြည်ပမှာ စစ်ဘေးဒုက္ခသည်(Refugee )အဖြစ်ထွက်ပြေးခိုလှုံရပြီး၊ပြည်တွင်းစစ်ဘေးရှောင် (IDP) ၆ သန်း လောက်ထက်ဆိုးရွားတဲ့ စစ်မီးတောက်ကြီးထဲ ကျရောက်သွားမှာဖြစ်ပါတယ်။ ကုလသမဂ္ဂက မြန်မာ အငတ်ဘေးဆိုက်ရောက်နိုင်ခြေစာရင်းကို လူ ၁၅ သန်းလောက်လို့ နှစ်တိုင်းထုတ်ပြန်နေတာ အကြောင်မဲ့ ပေါ့ပေါ့ဆဆ တွက်လို့မရပါဘူး။ ဆီးရီးယားအခြေအနေ၊ဂျီဘူတီအခြေအနေမျိုးသာကြုံတွေ့ရပါက”ဖက်ဒရယ်လေး လည်း ဒို့နဲ့ဝေး””ဒီမိုကရေစီလေး လည်း တို့နဲ့ဝေး”ပါပဲ။ နောက် အဲ့ဒီလို ပေါ်လစီမျိုး  အရိပ်အယောင်ထွက်လာတာနဲ့ အမေရိကန်က မြန်မာစစ်အုပ်စုကို လက်ကမ်းလိုက်မှာပဲဖြစ်ပါတယ်။ လက်တွေ့ပေးလို့ရတဲ့ အာဏာကသူ့မှာရှိ့တာဖြစ်ပါတယ်။စစ်အုပ်စုက တရုတ်ကိုကျောက်ဖြူနဲ့ရုရှား၊ ထားဝယ်ဆိပ်ကမ်းလုပ်ငန်းနဲလေဆိပ်ပရောဂျက်တစ်ခု လက်တွေ့ပေးထားပြီးဖြစ်ပါတယ်။ အမေရိကန်ကမ်းလှမ်းလာရင် ပေးဖို့အသင့်ပါပဲ။ (အခုတောင် ထရမ့် အစိုးရက ဗျောင်လက်ကမ်းမှု့တွေလုပ်လာတာ မြင်နေရပါတယ်။) ဥပမာ။ ။အခွန်ကိစ္စစာပိုတာတို့၊ဆန်ရှင်ပယ်ဖျက်ပေးတာတို့။ မမြင်ရတဲ့ အသံတိတ်သံခင်းတမန်ခင်း က ဘယ်လောက်တာသွားထားတယ်မသိနိုင်ပါဘူး။ နိုင်ငံကို တရုတ်အင်ပါယာကြီးကိုဖရဲသီးစိတ်သလိုမျိုး အနိမ့်ဆုံး နိုင်ငံစုံ စီးပွားရေးအခြေခံနဲ့စစ်အခြေခံစခန်း(နှစ်မျိုးသုံး)၊သို့မဟုတ် အာဖရိက ဂျီဘူတီ နိုင်ငံလို နိုင်ငံစုံစစ်အခြေစိုက်စခန်းမျိုးစုံ လက်ခံလိုက်ရတဲ့ တိုင်းပြည်အဖြစ်မျိုး စစ်အုပ်စုက သူ ဆက်လက်ရှင်သန်နိုင်ရေး (Exist Strategy) အဖြစ် ခင်းကျင်းလက်ဝါးရိုက်နေတာကို တော်လှန်ရေးက ရေလာမြောင်းပေးမလုပ်မိဖို့၊ တာဝန်မခံမိဖို့လိုပါတယ်။ တော်လှန်ရေးရဲ့ နဂါးခေါင်းလှည့်ဟာ အမျိုးသားလွတ်မြောက်ရေးဖြစ်သွားတာရဲ့ ရေရှည်၊ရေတို အကျိုးဆက်ကို ဆင်ခြင်နိုင်ကြပါစေကြောင်း။

စိမ်းမောင်

မှက်ချက် ။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *