စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဗိုလ်ျုပ်ထွန်းမြတ်နိုင်မှ-
—-“ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို- အာရီယန် (Indo-Aryan) မျိုးနွယ်စုတခုပေါ့။ ပြီးမှ ဘင်္ဂါလီထဲမှာမှ ဘင်္ဂါလီ-ဟိန္ဒူ ရှိမယ်၊ ဘင်္ဂါ လီ-မွတ်စလင် ရှိမယ်၊ ဘင်္ဂါလီ- ခရစ်ယာန် ရှိမယ်။ ဘင်္ဂါလီ- ဗုဒ္ဓ ရှိမယ်။ အဲဒီသန်းပေါင်း ၂၅၀ ကျော်၊ အိန္ဒိယ ကမ်းခြေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာနိုင်ငံပေါ့။ အဲဒီ့ Bay of Bengal တခု လုံးမှာ ဘင်္ဂါလီတွေ အများကြီး နေတယ်။ သူ့ရဲ့ဘင်္ဂါလီထဲမှာမှ Chittagong Bengali ၊ East Bengali ရှိမယ်။ West Bengali ရှိတယ်။ တကယ် ကျယ်ပြန့်တယ်။ ကျနော်တို့က ကျယ်ပြန့်တဲ့ လူမျိုးစုနဲ့ ဆိုင်တဲ့ စကားလုံးကိုလည်း အသုံး ပြုလိုက်တာ ဖြစ်တယ်။ အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်တဲ့ ချိုးနှိမ်တဲ့ အဓိပ္ပါယ် လုံးဝ မရှိဘူး။ သဘောက ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးမှာ လူဦးရေ ဘင်္ဂါ လီ သန်း ၁၆၀ လောက် နေထိုင်တယ်။ အဲဒီထဲမှာ မွတ်စလင် ကိုးကွယ်တဲ့ ဘင်္ဂါလီက အများစုပေါ့။ ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီလည်း ရှိတယ်။ အလားတူပဲ ရခိုင်ပြည်ထဲမှာလည်း ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ ဥပမာ မောင်တောမြို့နယ်ထဲမှာ ဆိုရင် ဟိန္ဒူလူမျိုးတွေလို့ လူတွေက ပြောတယ်။ တကယ်တော့ ဒါက ဘင်္ဂါလီလူမျိုး၊ ဟိန္ဒူ ဘာသာဝင်ပဲ။ သူတို့လည်း ဘင်္ဂါလီပဲ။ ဒါပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂါလီကျတော့ ရိုဟင်ဂျာလို့ သူတို့ဘာသာ သူတို့ ပြန်ပြောင်းလိုက်တော့ ဥပမာ လူသန်း ၂၅၀ လောက်က နတ်မြစ်ကမ်းကို ကူးလိုက်တာနဲ့ မြန်မာနိုင်ငံ ရောက်လာတာနဲ့ ဘင်္ဂါလီ တယောက်မှ မရှိတော့ဘူး လား။ ဘင်္ဂါလီ မွတ်စလင် အမည်ခံထားသူတွေက ဘယ်ကို ရောက်သွားလဲပေါ့။ လူဦးရေရဲ့ ဖြန့်ကျက် နေထိုင်ပုံအရ ဒါတွေက မေးခွန်း ထုတ်စရာ ပြန်ဖြစ်နေပါတယ်။
————————————————
၁၀၂၇စစ်ဆင်ရေးမှ အသစ်ပေါ်ထွန်းလာသည့်
ရိုဟင်ဂျာ မေးခွန်း
——————————————
၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းဟု ဆိုရမည်ထင်သည် ရခိုင်စစ်မြေပြင်မှ AA ၏ နယ်မြေသိမ်းပိုက်မှု့များနှင့်အတူ စစ်အစိုးရတပ်များ၏ နယ်မြေလက်လွတ်ရမှု့များမှနေ၍ ရခိုင်ပြည်နယ်တွင်းမှ ထွက်ပြေးသွားသော မွတ်ဆလင်လူမှု့အသိုင်းအဝိုင်းပြဿနာကို ကိုင်တွယ်ရဖြေရှင်းရမည့် လက်သည် ပြောင်းလဲသွားသည်ဟု ဆိုရမည်ဖြစ်သည်။ အဆိုပါ ရခိုင်ပြည်နယ်အတွင်းနေ မွတ်ဆလင်လူမှု့အသိုင်းအဝိုင်းနှင့် ဘင်္ဂါလားဒေရှ်နိုင်ငံသို့ ထွက်ပြေးသွားသော မွတ်ဆလင်များနှင့်ပင်သက်၍ ကိုင်တွယ်ဆုံးဖြတ်ရမည် ဇာတ်ကောင်ပြောင်းလဲသွားခြင်းနှင့်အဆုံးအဖြတ်ပေးရမည့် လက်ပြောင်းလဲလာခြင်းကို ဦးစွာသတိပြု့ မိလာကြသည်မှာ အနောက်နိုင်ငံမီဒီယာများဖြစ်သည်ဟု့ ဆိုရတော့မည်ပင်ဖြစ်သည်။ BBC အပါအဝင် မီဒီယာများမှ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အား အဆိုပါကိစ္စနှင့်ပက်သက်၍ ပွင့်ပွင့်လင်းလင်းမေးကြသလို ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားခဲ့သည်ကို အားလုံးကြားကြမည်ပင်ဖြစ်သည်။
မီဒီယာများမှ ရိုဟင်ဂျာ ဆိုသည့် အသုံးအနှုန်း၊အခေါ်အဝေါ်နှင့်ပက်သက်၍ ပွင့်လင်းစွာပင်မေးကြရာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ–
“ဒီအရေးကြီးက တော်တော်လေးကို သတိထားပြီး ကိုင်တွယ်ရမယ်၊တော်တော်အရေးကြီးပါတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်တယ်။ ဆိုတော့ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကအစပေါ့လေ ကျွန်တော်တို့ ရခိုင်နဲ့မြန်မာလူ့အဖွဲ့အစည်းထဲမှာ တော်တော်ကို Sensitive (ထိလွယ်ရှလွယ်) ဖြစ်ကြတယ်။ အဲဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကတော့ အပြင်ဘက်က လူတွေက လူ့အခွင့်အရေးရှုထောင့်ကနေပြီးမှ လူမျိုးတစ်မျိုးဟာ ကိုယ်ကြိုက်တဲ့ နာမည်ကို ခံယူလို့ရပါတယ် ဆိုပြီးမှ လက်ခံထားကြတယ်။ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်းဆိုရင်တော့ လူ့အခွင့်အရေးနဲ့အညီ ခေါ်တာကို ငြင်းစရာတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဒီနာမည်ကို သုံးစွဲလာပြီးမှ ဒီသမိုင်းဆိုင်ရာ Narrative (ဇာတ်ကြောင်း) တွေကို ပုံဖော်တဲ့အချိန်မှာကျတော့ ကျွန်တော်တို့ရခိုင်ဒေသရဲ့ သမိုင်းဆိုင်ရာမှန်ကန်မှုတွေကို ဖုံးကွယ်မယ့် အားထုတ်မှုတွေနဲ့ ပြောဆိုမှုတွေ ပါလာတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က၊ ဒီရခိုင်တွေဘက်ကလည်း စိုးရိမ်မှုတွေအများကြီး ဖြစ်လာတာပေါ့။ ကျွန်တော်က ဒီကိစ္စကို တစ်ဖက်နဲ့တစ်ဖက်နားလည်မှုလွဲ၊ အမျိုးမျိုးထင်ပြီးမှ အကျယ်အကျယ်နဲ့ ငြင်းခုံစရာတွေဖြစ်အောင်တော့ မပြောလိုဘူး။ သို့သော်ကျွန်တော်တို့ပြောတာက နိုင်ငံရေးအရဆိုရင် ရိုဟင်ဂျာလို့ပဲခေါ် ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် Chittagonian (စစ်တကောင်းနယ်သား)လို့ပဲခေါ် ခေါ် ရခိုင်ဒေသကိုရောက်လာတဲ့ ရခိုင်ပြည်သားတစ်ယောက်ဆိုရင် ရခိုင်ပြည်သားတစ်ယောက်ရဲ့ နိုင်ငံသားအခွင့်အရေးက ရရမှာပဲ။ အဓိကအရေးကြီးတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ သဟဇာတရှိရှိ နေထိုင်ဖို့ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဥပဒေနဲ့အညီ အသိအမှတ်ပြုမှုတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လက်ခံဖို့အတွက်၊ တစ်ဖက်ကလည်း ရိုးသားစွာနဲ့ သမိုင်းဆိုင်ရာ ဖန်တီးမှုတွေ ပြောဆိုမှုတွေကို acknowledge (အသိအမှတ်ပြု၀န်ခံဖို့) လုပ်ဖို့တော့ လိုအပ်တယ်။
အဲလိုမျိုးမဟုတ်ဘဲနဲ့ ရခိုင်တွေက ဝေသာလီခေတ်မှာ ဘယ်လိုဖြစ်တယ်ဆိုတော့၊ ငါတို့က မင်းတို့ထက်စောပြီးမှ ဝေသာလီခေတ်မတိုင်ခင်ကတည်းကရောက်နေတာ၊ ဒီလောက် အိန္ဒိယသမုဒ္ဒရာနဲ့ Bay of Bengal (ဘင်္ဂလားပင်လယ်အော်)မှာ လူဦးရေ သန်း ၄၀၀ကျော်နေပြီးမှ မြစ်ကလေးတစ်ဖက် ဒီဘက်ကို ကူးလိုက်တာနဲ့ ဘင်္ဂါလီဆိုတာ တစ်ယောက်မှ မရှိတော့ဘူး၊ အဲလိုမျိုးအနေအထားတွေပေါ့လေ၊ ငါတို့က ၈ ရာစုကနေ ရောက်လာတဲ့ အာရပ်လူမျိုးတွေ ဖြစ်ပါတယ်ဆိုတဲ့ ဒီ Logical (ကျိုးကြောင်းဆီလျှော်မှု) လည်း မရှိဘူး။ သမိုင်း အထောက်အထား လည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက ကိုယ့်ဟာကိုယ် မကာကွယ်နိုင်ဘဲနဲ့ နိုင်ငံရေးအရ လည်း ပြိုလဲနေတဲ့အချိန်မှာ ကျွန်တော်တို့ကို၊ နှစ်ပေါင်းထောင်ချီပြီးမှ နိုင်ငံအနေနဲ့နေလာတဲ့ လူမျိုးတွေကို Identity (ပင်ကိုယ်သွင်ပြင်လက္ခဏာ) အရရော နယ်မြေအရရော စိန်ခေါ် ပြီးမှ ပြိုင်ဆိုင်တိုးဝင်လာတဲ့ ပုံစံမျိုးတွေကိုတော့ မလုပ်မိဖို့လိုတာပေါ့။ အဲလိုမျိုးလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ အခု ကြိုးစားနေတဲ့ နှစ်ဖက် လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းကြားမှာ Harmony (သဟဇာတ) ဖြစ်မယ့်စည်းစည်းလုံးလုံးနဲ့ တည်ငြိမ်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့် လုပ်ငန်းတွေကို အဲဒီပြောဆိုမှုတွေ တောင်းဆိုမှုတွေက အထောက်အကူပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သဘောထားကြီးပြီးမှ သင့်မြတ်ချစ်ခင်အောင် စည်းလုံးဖို့ လိုသလို တစ်ဖက်ကလည်း ရိုးသားပြီးမှ တည်ငြိမ်တဲ့ အနာဂတ်ကို ရှာဖွေဖို့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတာပေါ့။ ဒါက ဒီထက်ပိုပြီး ရှင်းပြဖို့လည်း လိုပါဦးမယ်။ သို့သော် ကျွန်တော် ဒီနေ့မှာတော့ ဒီမေးခွန်းအပေါ်မှာ ဒီလောက်ပဲ တုံ့ပြန်ပါရစေ။” (AA စစ်ဦးစီးချုပ်အင်တာဗျုး အပိုင်း – ၁)
ဟုဖြေဆိုသွားသည်ကို အမှတ်ရကြမည်ပင်ဖြစ်သည်။ AA သည် ရိုဟင်ဂျာ ဆိုသည် အသုံးအနှုန်းနှင့်ပက်သက်သည့် သဘောထားကို ယခင် ICJ ကိစ္စအပေါ် ယနေ့ ၁၀၂၇ စစ်ဆင်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ထုတ်ပြန်ချက် ကာလ ကထဲက စတင်ထုတ်ပြန်ရှင်လင်းလာသည့် သဘောကိုတွေ့ရသည်။မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာ ဟု့သော အသုံးအနှုန်းကို ရှောင်ရှားသုံးနှုန်းသည့် အပေါ်မှုတည်ပြီး မီဒီယာ မေးမြန်းချက်ကို ပြန်လယ်ဖြေကြားရာတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ BBC ထံသို့ဖြေဆိုထားသည့် သဘောထားအတိုင်းဖြေကြားထားခဲ့ပြီး ဘင်္ဂါလီ ဆိုသည့် အခေါ်အဝေါ်နှင့်ပက်သက်၍ အထူးပြု့ရှင်းပြသွားသည်။
ဗိုလ်ျုပ်ထွန်းမြတ်နိုင်မှ-
—-“ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို- အာရီယန် (Indo-Aryan) မျိုးနွယ်စုတခုပေါ့။ ပြီးမှ ဘင်္ဂါလီထဲမှာမှ ဘင်္ဂါလီ-ဟိန္ဒူ ရှိမယ်၊ ဘင်္ဂါ လီ-မွတ်စလင် ရှိမယ်၊ ဘင်္ဂါလီ- ခရစ်ယာန် ရှိမယ်။ ဘင်္ဂါလီ- ဗုဒ္ဓ ရှိမယ်။ အဲဒီသန်းပေါင်း ၂၅၀ ကျော်၊ အိန္ဒိယ ကမ်းခြေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာနိုင်ငံပေါ့။ အဲဒီ့ Bay of Bengal တခု လုံးမှာ ဘင်္ဂါလီတွေ အများကြီး နေတယ်။ သူ့ရဲ့ဘင်္ဂါလီထဲမှာမှ Chittagong Bengali ၊ East Bengali ရှိမယ်။ West Bengali ရှိတယ်။ တကယ် ကျယ်ပြန့်တယ်။ ကျနော်တို့က ကျယ်ပြန့်တဲ့ လူမျိုးစုနဲ့ ဆိုင်တဲ့ စကားလုံးကိုလည်း အသုံး ပြုလိုက်တာ ဖြစ်တယ်။ အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်တဲ့ ချိုးနှိမ်တဲ့ အဓိပ္ပါယ် လုံးဝ မရှိဘူး။ သဘောက ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးမှာ လူဦးရေ ဘင်္ဂါ လီ သန်း ၁၆၀ လောက် နေထိုင်တယ်။ အဲဒီထဲမှာ မွတ်စလင် ကိုးကွယ်တဲ့ ဘင်္ဂါလီက အများစုပေါ့။ ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီလည်း ရှိတယ်။ အလားတူပဲ ရခိုင်ပြည်ထဲမှာလည်း ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ ဥပမာ မောင်တောမြို့နယ်ထဲမှာ ဆိုရင် ဟိန္ဒူလူမျိုးတွေလို့ လူတွေက ပြောတယ်။ တကယ်တော့ ဒါက ဘင်္ဂါလီလူမျိုး၊ ဟိန္ဒူ ဘာသာဝင်ပဲ။ သူတို့လည်း ဘင်္ဂါလီပဲ။ ဒါပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂါလီကျတော့ ရိုဟင်ဂျာလို့ သူတို့ဘာသာ သူတို့ ပြန်ပြောင်းလိုက်တော့ ဥပမာ လူသန်း ၂၅၀ လောက်က နတ်မြစ်ကမ်းကို ကူးလိုက်တာနဲ့ မြန်မာနိုင်ငံ ရောက်လာတာနဲ့ ဘင်္ဂါလီ တယောက်မှ မရှိတော့ဘူး လား။ ဘင်္ဂါလီ မွတ်စလင် အမည်ခံထားသူတွေက ဘယ်ကို ရောက်သွားလဲပေါ့။ လူဦးရေရဲ့ ဖြန့်ကျက် နေထိုင်ပုံအရ ဒါတွေက မေးခွန်း ထုတ်စရာ ပြန်ဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြု တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ နယ်စပ်မှာ ကပ်လျက် ချောင်းကလေးပဲ ခြားတယ်၊ တချို့နေရာဆို ချောင်း ကလေးတောင် မရှိဘူး။ အဲဒီလူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးထဲမှာလည်း ရိုဟင်ဂျာ တိုင်းရင်း သား ဆိုတာလည်း မရှိဘူး။ ရခိုင်ဆိုလည်း ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာ ခွပြီး နေတယ်။ ရခိုင်ပြည်မှာလည်း ရှိသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ လည်း တရားဝင် ရခိုင်လူမျိုး ဆိုတာ ရှိတယ်။ သူတို့ကျ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလည်း ဒုက္ခသည် စခန်းထဲမှာတော့ တရားမဝင် ရိုဟင်ဂျာ ဆိုတာ လက်ခံတယ်။ သူ့ရဲ့တရားဝင် ဆိုတာ ဘာလို့မရှိလဲဆိုတာ ဆန်းစစ်လို့ ရတယ်လေ။ “—- ( မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမ နှစ်ခုပေါ်မှာ ရပ်တည်ချက် ဘယ်လိုရှိလဲ ဆိုတာကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်း၊ဖြေကြားချက်မှ-) ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် နိုင်ငံရေးလှုပ်ရှားမှု့များပြန်လယ်စတင်လာသည့် အချိန်ကိုက်စွာပင် ရခိုင်ပြည်နယ် ကျောက်နီမော်ပြဿနာအား ဦးသိန်းစိန်၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိ့သူ မှ စတင်ဖောက်ခွဲလိုက်ရာမှ မြန်မာနိုင်ငံတွင် ဘာသာရေးပဋိပက္ခများစတင်လာခဲ့သည်။ရခိုင်ပြည်နယ် အတွင်း စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ကနဦး ရခိုင်ပြည်နယ် အတွင်းနေ လူမှု့အသိုင်းအဝိုင်းနှစ်ခု၏ ပြဿနာဟု သာယူဆခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ မြို့အချို့သို့ကူးဆက်သွားပြီး ဘာသာရေး ပဋိပက္ခအသွင်ဖော်ဆောင်လာသော စစ်တပ်ကျော ထောက် နောက်ခံ အမျိုးသားရေး အစွန်းရောက်အုပ်စု၏ လက်ရာခြေရာများကို တွေ့လာကြရသည်ဟု TRANNATIONAL INSTITUTE ( TNI ) မှ ပြုစုထုတ်ဝေသော စာရေးဆရာ Martin Smith ၏ မြန်မာနိုင်ငံ အနောက်ဖက်ဒေသမှ ပဋိပက္ခမြေ(အာရကန်) ဆိုသည့် စာတန်းတွင်းဖော်ပြထားသည်။ မာတင်စမစ်သည် မြန်မာနိုင်ငံပြည်တွင်းစစ်နှင့်ပက်သက်၍ ရေးသားထုတ်ဝေမှု့အများစုတွင် ဘက်လိုက်မှု့ နည်းပါးသည်ဟု ယူဆကိုးကားခံရသော မြန်မာအရေးကျွမ်းကျင်သူတစ်ဦးအဖြစ် သဘောထားခံရသူဖြစ်၍ သူ၏ စာတန်းအားလေ့လာသင့်သည်ဟု ယူဆရသည်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိ့ပြီးသည့် နောက်တွင် ရခိုင်ပြည်နယ်အတွင်း ပြဿနာများဆက်တိုက်ပေါ်ထွက်လာပြီး မြန်မာနိုင်ငံ၏ ပေါ်ပေါက်ခါစ အရပ်သားအစိုးရတစ်ရပ်အနေဖြင့် သတိကြီးကြီးထား၍ ကိုင်တွယ်ဖြေရှင်းရသော ငြိမ်းခြောက်မှု့ကြီး တစ်ခုဖြစ်ခဲ့သည်။ ကနဦး ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ငြိမ်းချမ်းစွာအဖြေရှာရန် အတွင် ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ်ဟောင်း ကိုဖီအာနမ်ဦးဆောင်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းစေဆောင်ရွက်ခဲ့သည်။ ကိုဖီအာနမ် အစီရင်ခံစာထုတ်ပြန်ရန်မည့်ရက်မတိုင်မည် ရခိုင်နိုင်ငံရေးပါတီတစ်ခုမှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင်နိုင်ငံရေး သမားများသည် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့အားသွားရောက်တွေ့ဆုံ၍ ရခိုင်ပြည်နယ်လုံခြုံရေး အခြေအနေများနှင့် ပက်သက်၍ တင်ပြအကူအညီတောင်းခဲ့သည်။
ထို့နောက် မြန်မာစစ်တပ်မှ ရခိုင်ဒေသသို့ လုံခြုံရေး အဖွဲ့များပို့ဆောင်ရာတွင် မျော်လင့်ထားသလို ရဲတပ်ဖွဲ့များမဟုတ်ပဲ တပ်မ ၃၃ နှင့်တပ်မ ၉၉ မှ တပ်ရင်းများအလုံးအရင်းနှင့်နေရာယူဖြန့်ချလာတော့သည်ဟု မာတင်စမစ်အစီရင်ခံစာ အရသိ့ရသည်။ ရခိုင်ပြည်နယ်သို့ စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် စေလွတ်ခြင်းနှင့်ပက်သက်၍ မြန်မာအရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည် ဂျာနယ်လစ် ဘာတေးလစ်တနာမှလည်း၎င်း၏ အနောက်တံခါးဆိုသည့် စာအုပ်တွင် သုံးသပ်ထားသည်။ဘာတေး က မြန်မာစစ်တပ်သည် ရခိုင်ဒေသသို့ တပ်ရင်းတပ်ဖွဲ့ပေါင်း ၇၀ နီးပါး၊ခန့်မှန်းခြေ အင်အား ၃၀၀၀၀ နီးပါးပေးပို့နေသည်မှ ARSA အဖွဲ့ ခြိမ်းခြောက်မှု့သက်သက် ကြောင့်မဖြစ်နိုင်ကြောင်း မြန်မာစစ်တပ်တွင် အခြားသော မဟာဗျူဟာ ရည်မှန်းချက်၊ အကြောင်းပြ ချက်ရှိ့မည်ထင်ကြောင်း သုံးသပ်သွားခဲ့သည်။သူ၏ ခန့်မှန်းသုံးသပ်ချက်နှင့်ပက်သက်၍ သူ၏ စစ်တပ် အတွင်းမှ အဆက်အသွယ်များထံမှ ကိုးကားချက်ယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် နိုင်ငံရေးပြန်လယ်ရှင်သန်လာမှု့နှင့်အတူစတင်လာခဲ့သော ဘာသာရေးပဋိပက္ခနှင့် ရခိုင်ပြည်နယ်အတွင်းနေ မွတ်ဆလင် အသိုင်းအဝိုင်း နှင့်ပတ်သက်သောပြဿနာများသည် ၂၀၂၁ စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးသည့်နောက် မှေးမှိန်သွားပြန်သည်ကို တွေ့ရသည်။ ဦးသိန်းစိန်လက်ထက်မှ စတင်ခဲ့သောပဋိပက္ခများအတွက် ဦးသိန်းစိန်အစိုးရမှ လည်း ကော်မရှင်ဖွဲ့ခဲ့သလို၊ဒေါ်အောင်ဆန်းစုကြည်လက်ထက် ဆက်လက်ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွက်လည်း ကော်မရှင်များဖွဲ့ခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်ပြီးနောက် လပိုင်းအတွင်းဖြစ်ပေါ်လာသော ပဋိပက္ခများအတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနမ်ဦးဆောင်သော ရခိုင်စုံစမ်းရေးကော်မရှင်မှာ စတင်ကထဲက ပွဲဆူခဲ့သည်ဟု့ ဆိုနိုင်သည်။ ကိုဖီအာနမ်ကော်မရှင်အား စစ်တပ်၊ကြံ့ခိုင်ရေးပါတီတို့မှ ကန်ကွက်သည့်အပြင် ရခိုင်အမျိုးသားရေး ပါတီအချို့မှလည်း ကန့်ကွက်သည်မှာ ထူးဆန်းသလိုဖြစ်နေသည်။ကိုဖီအာနမ်သည် ကုလသမဂ္ဂအတွင်းရေးမျုးချုပ်ဟောင်း အပြင် ကမ္ဘာ ရပ်မိရပ်ဖများအဖွဲ့(The Elder) အဖွဲ့၏ မူလတည်ထောင်သူအဖွဲ့ဝင်လည်းဖြစ်သည့် အတွက် ယုံကြည်မှု့ဆိုင်ရာ ဂုဏ်သိက္ခာအရ ငြင်းဆိုရန် ခက်ခဲမည်ဖြစ်သည်။ ၂၀၁၇၊ဩဂုတ်လ ၂၄ ရက်နေ့တွင် ကိုဖီအာနမ်၏ နောက်ဆုံးအပြီးသတ်အစီရင်ခံစာကို ထုတ်ပြန် ခဲ့သည်။အစီရင်ခံစာမထုတ်ပြန်ခင် ၂၀၁၇၊ဩဂုတ်လ ၉ ရက်နေ့တွင် ဒေါက်တာအေးမောင် ဦးဆောင် သော ရခိုင်နိုင်ငံရေးသမားများသည် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အား သွားရောက်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်လုံခြုံရေးအတွက် အကူအညီတောင်းခဲ့သည်။
စစ်တပ်မှလည်း စစ်အင်အား အမြောက်အများပို့ဆောင်ခဲ့ခြင်းဖြင့် အကြီးဆုံး စစ်ရေးရွေ့လျားမှု့ကြီးလုပ်ခဲ့သည်။ ထို့နောက် ဩဂုတ်လ ၂၅ မှ ၃၀ ရက်အတွင်း ARSR အဖွဲ့များမှ လုံခြုံရေးစခန်းများအား ဝင်ရောက် တိုက်ခိုက်ရာမှု့နှင့်အတူ ရခိုင်ပြည်နယ်တွင်းနေ မွတ်ဆလင်လူမှု့အသိုင်းအဝိုင်းမှ လူပေါင်း သိန်းချီ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရွေ့ပြောင်းမှု့ကြီးဖြစ်ပေါ်ခဲ့သည်။ အဆိုပါပဋိပက္ခဖြစ်ပြီးနောက်အခြေအနေများ အတန်အသင့်တည်ငြိမ်သည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ စက်တင်ဘာလ၊၁၉ နေ့ ရက်တွင် နိုင်ငံတကာ သံတမန်များအားဖိတ်ခေါ်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းသဘောမျိုးတိုင်းပြည်သို့ ပြောဆိုခဲ့သည်။အဆိုပါမိန့်ခွန်းတွင် စက်တင်ဘာ ၅ ရက်နေ့တွင် အခြေအနေများတည်သွားပြီဖြစ်ကြောင်း ရှင့်လင်းခဲ့သလို- “ဒါပေမယ့် မွတ်စလင်တွေ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတာတွေ ရှိနေတုန်းပဲလို့ ကြားနေရတဲ့အပေါ် စိုးရိမ်မိပါတယ်။ ဒါဘာကြောင့် ဖြစ်နေတာလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်။ ထွက်ပြေးသွားတဲ့ သူတွေနဲ့ရော ဆက်ပြီး နေတဲ့ သူတွေနဲ့ရော တွေ့ဆုံစကားပြောချင်ပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်အများစုက အခုလိုဖြစ်တဲ့ ပြဿနာမှာ မပါဝင်ဘူးဆိုတာ အားလုံးသိဖို့ လိုပါတယ်။ ဒီဒေသမှာ ပြဿနာမဖြစ်ခင် အချိန်နဲ့ ဖြစ်တဲ့ အချိန်က အခြေအနေတွေအားလုံးကို နားလည်ဖို့ လိုပါတယ်။ အချို့မွတ်စလင်တွေက ဒီပြဿနာမှာ မပါဝင်အောင် ဘာလို့နေနိုင်သလဲဆိုတာ နားလည်ဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်နေတဲ့ မွတ်စလင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ကျွန်မတို့အနေနဲ့ ဆောင်ရွက်ရာမှာ သံတမန်အသိုင်းအဝိုင်းအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ လက်ရှိကျန်နေတဲ့သူတွေ ဘာကြောင့်မပြေးတာလဲ။ ဆက်ပြီးနေတာလဲဆိုတာ ကိုယ်တိုင်မေးမြန်းချင်ကြတယ်ဆိုရင်တော့ သံတမန်အဖွဲ့အစည်းတွေအတွက် အစီအစဉ်တွေကို ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ပါတယ်။” ဟု ပြန်လယ်မေးခွန်းထုတ်သည့်သဘောပြောဆိုခဲ့သည်။ ဩဂုတ်လအတွင်း ARSA တိုက်ခိုက်မှု့နှင့်နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ အကျပ်ရိုက်သွားသည်ကို ဒုသမ္မတ ဟင်နရီဗန်ထီးယူ၏ ကုလသမဂ္ဂမိန့်ခွန်းတွင် တွေ့ရသည်။ “၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်တွင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ ယခု ညီလာခံကြီးသည် အကြံပေးကော်မရှင်၏ အရေးကြီးသည့် သုံးသပ်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ ရရှိခဲ့သော တိုးတက်မှုများကို ကမ္ဘာကသိအောင် ပြောကြားရန် အခွင့်အလမ်းတစ်ရပ် ဖြစ်မည်ဟု မူလက မျှော်လင့်ထားခဲ့သော်လည်း ARSA ဟုခေါ်သည့် အကြမ်းဖက်အုပ်စု၏ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများကိုသာ အလေးထားပြောကြားရမည့် အနေအထား ဖြစ်လာခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။”
မည်သို့ပင်ဖြစ်စေ အဆိုပါကိစ္စသည် ICJ ကမ္ဘာခုံရုံးသို့ လူမျိုးသုန်းသတ်ဖြတ်မှု့စွတ်ဆွဲမှု့ဖြင့် တရားတဘောင်ဖြင့်နိုင်ငံတကာခုံရုံးတွင်ရင်ဆိုင်ဖြေရှင်းရန်ဖြစ်လာသည်။အဆိုပါခုံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်လျောက်လဲမည့်ကိစ္စနှင့် ပက်သက်၍ ဝေဖန်မှု့များဖြစ်ပေါ်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည့် မြန်မာနိုင်ငံအပေါ်ဆွဲဆိုခြင်းဖြစ်၍ သွားရောက် ရင်ဆိုင်ခဲ့သည်။ပြည်တွင်းမှ သူမကို ထောက်ခံသူသိန်းပေါင်းများစွာမှ ဒေါ်စုဖက်မှရပ်တည်ကြောင်း( We Stand Daw Suu) ဖြင့်ပြသခဲ့ကြရာမှ ကန့်ကွက်သူတို့စိတ်ပျက်အားလျော့ခဲ့ကြသည်။ ICJ ရုံး ပဏမ အဆိုအခြေလျောက်ထားမှု့ကို ကမ္ဘာတစ်ဝှမ်းမှ စောင့်ကြည့်နေကြပြီး ကမ္ဘာထိပ်တန်း သတင်းတစ်ခု ဖြစ်ခဲ့သည်။ပြည်တွင်း၌လည်း လျောက်လဲချက် ဘာသာပြန်များကို ဖော်ပြခဲ့ သည်။ အဆိုပါလျောက်လဲချက်နှင့်ပက်သက်၍ နိုင်ငံတကာ တုံ့ပြန်မှု့ထက် ပြည်တွင်းကန့်ကွက်သူတို့၏ ဝေဖန်မှု့များမှာ ပိုမိုပြင်းထန်ခဲ့သည်။အဆိုပါလျောက်လဲချက်နှင့်ပက်သက်၍ ပြည်တွင်းမှ အင်အားစု အချို့မှ စစ်တပ်ကို ခုခံကာကွယ်ခဲ့သည်ဆိုသည်ဟု စွတ်စွဲကြသော်လည်း စစ်တပ်ဖက်မှမှုကနဦး၌ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းမှ ထောက်ခံကြောင်းပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့အပေါ် သိမ်မွေ့စွာ ပုံချလိုက်သည်ဟုခံစားရသည် ဆိုကာ မကျေမချမ်းဖြစ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လျောက်လဲချက်ကို ခွဲခြမ်းစိတ်ဖျာကြည့်ပါက- မြန်မာနိုင်ငံအပေါ်စွဲဆိုထားသည့် လူမျိုးသုန်းသတ်ဖြတ်မှု့ဆိုသည်ကို နိုင်ငံအနေဖြင့် မမြောက်ကြောင်း ကမ္ဘာတရားကျင့်ထုံးများကို ကိုးကားလျောက်ထားသွားခဲ့ခြင်းဖြစ်သည်။သို့သော် ကျူးလွန်ကောင်း ကျူးလွန်ခဲ့ဖွယ်ရှိ့သော် ကိစ္စများအတွက် ကာယကံရှင်စစ်တပ်ကို ပထမအဆင့်ကိုင်တွယ် ဆောင်ရွက် ခွင့်ကို တောင်းလိုက်ခြင်းဖြစ်သည်။အရပ်စကားဖြင့်ဆိုပါက ရခိုင်ပဋိပက္ခသည် မြန်မာနိုင်ငံဖြင့်မဆိုင် စစ်တပ်ကပြု့လုပ်ခြင်းဖြစ်သည်၊စစ်တပ်မှ အဆိုပါပြဿနာကိုသူ့နည်းသူဟန်ဖြင့်ရှင်းခွင့်ပေးပါဟု တောင်းလိုက်ခြင်းဟု မြင်ရသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ဖွဲ့စည်းခဲ့သော NUG အစိုးရမှ ICJ လုပ်ငန်းစဉ်တွင် အဆိုပြင်ဆင်ချက်ကို အစားထိုးရန်ကြိုးပန်းခဲ့သော်လည်း နောက်ဆက်တွဲ ဖြစ်စဉ်သတင်းများ ပေါ်ထွက်မလာ၍ လက်တွေ့အလုပ်ဖြစ်ပုံမရဟု ယူဆရသည်။NUG ဖက်မှ နိုင်ငံတကာတရားဝင် မှု့ရရှိ့စေရန် နည်းပရိယာယ်ကြိုးပမ်းမှု့တစ်ခုအဖြစ်အကြောင်းပြကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာနှင့်ပြည်တွင်းပြည်သူများကို ရှင်လင်းချပြခြင်းမရှိ့သေးသည်ကို တွေ့ရသည်။
အဆိုပါအကြောင်းအရာနှင့်ပက်သက်၍ NUGအနေဖြင့်သာ အစိုးရသဘော ဆောင်ရွက် နေခြင်းဖြစ်ပုံရပြီး ရွေးချယ်ခံလွတ်တော်ကိုယ်စားလှယ်များဖြင့်ကျင်းပသော လွတ်တော်အစည်းအဝေး များတွင် တင်ပြခြင်းမရှိ့သည်ကို တွေ့ရသည်။NUG အစိုးရမှ ရိုဟင်ဂျာ အမည်အား သုံးစွဲမှု့နှင့် ပက်သက်ပြီး အမေရိကန်အစိုးရ၏ အကူအညီဖြစ်သော NDAA ၏ အကူအညီမျှော်ကိုးမှု့နှင့်အခြား နိုင်ငံတစ်ကာ အလှူရှင်များ၏ ဖိ့အားပေးမှု့ကြောင့်ဖြစ်ဖွယ်ရှိ့သည်ဆိုသော ဝေဖန်ချက်များလည်း ကြားသိ့ရသည်။ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်ပဋိပက္ခများစတင်ကထဲက ဒေါ်အောင်ဆန်းစုကြည်မှ နှစ်ဖက်လူမှု့ အသိုင်းအဝိုင်းကြားထဲတွင် ဘက်လိုက်မှု့မဖြစ်ပေါ်စေရန်အတွက် ရခိုင်ပြည်နယ်အတွင်းနေ မွတ်ဆလင် လူမှု့အသိုင်း အဝိုင်း ဆိုသည့် အမည်ကိုသာ တောက်လျောက်သုံးစွဲခဲ့သည် ကိုတွေ့ရသည်။ ထိုသို့ ကြားနေရေး အမည်သုံးစွဲမှု့သည်လည်း တစ်ဖက်တစ်ချက်စီမှ ရပ်တည်ကြသူများ၏ စိတ်ကျေနပ်မှု့ မရခဲ့ဟု ဆိုရမည်ဖြစ်သည်။NGO,CSO များနှင့်အနောက်နိုင်ငံအများစုပါဝင်သော အစုတို့မှ ရိုဟင်ဂျာ ဟူသော အမည်ကို မသုံးစွဲ၍ အခဲမကျေဖြစ်ကြသလို ရခိုင်အမျိုးသားရေး ပြင်းထန်သူတို့မှလည်း ရိုဟင်ဂျာ ဆိုသည့် အမည်ကို မငြင်းပယ်၍ မကျေမချမ်းဖြစ်ကြသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ဖွဲ့စည်း လိုက်သမျှ ကော်မရှင်တိုင်းလိုလို၏ အစီခံစာများတွင် အဆိုပါ ရိုဟင်ဂျာ အသုံးအနှုန်းကို ဂရုတစ်စိုက် ထိမ်းသိမ်း သုံးစွဲကြပြီး ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်းကို အဓိက သုံးစွဲကြသည်။မာတင်စမစ်၏ စာတန်းအရ အစီရင်ခံစာတစ်ခုတွင် “ဘင်္ဂါလီ”ဆိုသည့် အသုံးအနှုန်းကို အကြိမ်ရေ ၆၀၀ ကျော်သုံးစွဲထားသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်ပြည်နယ်အတွင်းနေ နှစ်ဖက် လူမှု့အသိုင်းအဝိုင်း သဟဇာတ ဖြစ်ရေးကို ဦးတည်ကြိုးပမ်းခဲ့သော်လည်း ပြဿနာများသည် နိုင်ငံတကာမျက်နှာစာသို့ ရောက်ရှိ့သွားခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသော်လည်း စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အတွက် အဆိုပါပြဿနာကို ဒေါ်အောင်ဆန်းစုကြည်မှ ဆက်လက်ကိုင်တွယ်ရန် အခြေအနေမရှိ့ တော့သည့် ကာလဖြစ်သည်။အဆိုပါအခြေအနေတွင် ၁၀၂၇ စစ်ဆင်ရေး၏ ရခိုင်ပြည်စစ်မျက်နှာ အလှည့်အပြောင်းသည် ပြဿနာကို အဆုံးအဖြတ်ပြု့မည့် အင်အားစုနှင့်လူပုဂ္ဂိုလ်ဆိုင်ရာ အပြောင်းအလဲဖြစ်သွားပြီဟု ဆိုရမည်ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် စစ်တပ်မှ ဗိုလ်ချုပ်များ၊ဗိုလ်မှုးချုပ်များအပါအဝင် အရာရှိ့စစ်သည် အမြောက်အများကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ့ထားသည်။ AA ၏လတ်တလောထုတ်ပြန်ချက်အရ ဖမ်းဆီးရမိ့သော သုံ့ပန်းများထံမှ စစ်ဆေးချက်များရယူလျက်ရှိ့ပြီး ရခိုင်ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု့ကျူးလွန်သူများကို ဥပဒေနှင့်အညီအပြစ်ပေးအရေးယူမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်သူများအပေါ် စစ်တပ်၏ ကျူးလွန်မှု့များအပေါ် AA မှ စစ်ဆေးအရေးယူမည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်းနေ မွတ်ဆလင်များအပေါ် စစ်တပ်မှ ကျူးလွန်ခဲ့သော ပြစ်မှု့ဟောင်းများကိုလည်း ဖော်ထုတ်စစ်ဆေးမှု့များရှိ့မည်ပင်ဖြစ်သည်။ အဆိုပါ ရခိုင်ပဋိပက္ခနှင့်ပက်သက်၍ ရခိုင်တို့အနေဖြင့် အသုံးချရန်မလိုသော်လည်း အဆိုပါဒေသ၏ ပထဝီနိုင်ငံရေးကစားကွင်းတွင် ဟန်ချက်ပျက်ကာ တည်မရဖြစ်နေသော တရုတ်နိုင်ငံအဖို့ အဖိုးတန်အချက်အလက်များပင်ဖြစ်နေမည်ဖြစ်သည်။
AA အနေဖြင့် ၎င်းဆန္ဒရှိ့ပါက ယခင်က ခွင့်ပြု့ချက်မရခဲ့သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မတီကို အကူအညီပေးမည်ဆိုပါက ပေးနိုင်သည့် အခြေအနေသို့ရောက်ရှိ့နေပြီဖြစ်သည်။ ထို့အပြင် AA သည် ICJ တရားခုံရုံးသို့ မြန်မာစစ်ရာဇဝတ်သား ၂ ဦး ကိုလွဲပြောင်းပေးခဲ့သော ဖြစ်စဉ်လည်း ရှိ့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း သူမ တစ်လျောက်လုံးပြောဆိုလာခဲ့သည် နှစ်ဖက်လူမှု့အသိုင်းအဝိုင်း သဟဇာတ ဖြစ်ရေးနှင့်ရခိုင်ပြည်သူတို့၏ ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစားကြရမည်ဆိုသည့် သဘောထားသည် ယခုအခါ လက်တွေ့ကာယကံရှင်တို့ထံ ရောက်ရှိ့လာပြီဟု ဆိုရမည့်အခြေအနေဖြစ်သည်။ကိုဖီအာနမ်အစီအရင်ခံစာသည်လည်း အဆိုပါအချက်ကိုပင် ရည်ညွန်းသည်ကို တွေ့ရသည်။ ဇာတ်ကြောင်းတို့သည်”ကြွေတစ်လှည့် ကြက်တစ်ခုန်” တစ်ပတ် ပြန်လည်လာပြီဖြစ်သည်။ မြန်မာနိုင်ငံအရပ်သားအစိုးရအတွက် ကျိမ်စာသင့်လက်ဆောင်ဟု့ ဆိုနိုင်သည့် ရခိုင်ပဋိပက္ခကြောင့် နိုင်ငံရေးအကျပ်အတည်းမိ့နေကာ လက်ဦးမှု့မဲ့နေသော ဒေါ်အောင်ဆန်းစုကြည် အဖို့လည်း စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အတွက်ကြောင့် အဆိုပါ ကစားကွင်း၏ အပြင်လူ ဖြစ်သွားသလိုဖြစ်နေသည်။ ထို့အတူရခိုင်ပဋိပက္ခများစတင်ကထဲက ဒေသတွင်းပထဝီကစားကွင်းတွင် ချောင်ပိတ်မိနေသော တရုတ်အဖို့ စကစ ၏ အာဏာသိမ်းမှု့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှု့များအပေါ်မှုတည်၍ လက်ဦးမှု့အချို့ ပြန်လယ်ရရှိ့လာသည့် ကာလဟု ဆိုရမည်ပင်ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ဒေသစစ်ပွဲများတွင် တရုတ်တို့အလိုရှိ့နေသော ကျားဖြန့် လိမ်လည်သူ တရားခံများရရှိ့ခဲ့သလို မြန်မာပြည်အနောက်ပိုင်း ရခိုင်စစ်ပွဲများမှ တရုတ်တို့ အတွက် ရိုဟင်ဂျာ ပဋိပက္ခ၏ နောက်ကွယ်မှဇာတ်လမ်းဇာတ်ကွက်များရရှိ့သွားဖွယ်ရှိ့နေသည်။ ရိုဟင်ဂျာ အရေးကိစ္စနှင့် ပက်သက်၍ အနောက်ကမ္ဘာမှ အလုပ်မဖြစ်သောကစားပွဲဟု ယူဆလိုက်ပြီး အကြောင်းအရာအသစ် ဖြင့်ကစားမည်ဆိုပါက မှုလရိုဟင်ဂျာကစားပွဲတွင် လျိုဝှက်ပူးပေါင်းကြံစည်ရေးသီအိုရီအရ အရေးပါသည့် နေရာများတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ခြေမပေါ်ဟု ယူဆခဲ့သူများအနေဖြင့် သာမန်ဘဝများတွင်တိုးတိတ်စွာ ဇာတ်မြုပ်နေကြရတော့မည်ကို ပြင်ဆင်ထားကြရန်သာ။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အမြင်အယူအဆသာဖြစ်ပါသည်။ယခုဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသုံးအနှုန်းဖြစ်သော ရခိုင်ပြည်နယ်အတွင်းနေ မွတ်ဆလင်လူမှု့ အသိုင်းအဝိုင်းဆိုသည့် အသုံးအနှုန်းအား ဆောင်းပါးရည်ညွန်းမှု့နှင့်လျောညီစွာ သုံးစွဲပါသည်။
ကိုးကား။ ။-အာရကန်(မြန်မာနိုင်ငံအနောက်ဖက်ဒေသမှ ပဋိပက္ခမြေ)၊ မာတင်စမစ် ။
-ကိုဖီအာနမ်အစီရင်ခံစာ။ –
-စက်တင်ဘာလ ၁၉ ရက်နေ့၊ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေး ပြည်သူသို့ တင်ပြချက်။
-ICJ ခုံရုံး ဒေါ်အောင်ဆန်းစုကြည်၏ လျောက်လဲချက်။
–သတင်းမီဒီယာဖော်ပြချက်များ။