ရွေးကောက်ပွဲ မလုပ်မယ့် မဲဆန္ဒနယ် ၁၂၁ ခု ကို ရွေး/ကော် ကြေညာ

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ‌ရွေးကောက်ပွဲ မလုပ်တဲ့ လွှတ်တော် ၃ ရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ကို စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်(UEC ) က စက်တင်ဘာ ၁၅ ရက် နိုင်ငံပိုင်သတင်းစာကနေ ကြေညာတယ်လို့ BBC က စက်တင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတဲ့ မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့ ပါဝင် ပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်မှာ ကချင်ပြည်နယ်က ၄ မြို့နယ်၊ ကယားပြည်နယ် က ၃ မြို့နယ်၊ ချင်းပြည်နယ် က ၄ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁၀ မြို့နယ်၊ မန္တလေးတိုင်းက ၃ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ထဲက ၁၀ မြို့နယ်နဲ့ ရှမ်းပြည်နယ် က ၁၇ မြို့နယ်တို့ပါဝင်ပါတယ်။ ရွေးကောက်ပွဲမလုပ်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ နယ်ကတော့ ကယားပြည်နယ်ထဲက ဖားဆောင်း၊ မယ်စဲ့နဲ့ ရှားတောမြို့နယ်၊ ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ မင်းတပ် ခရိုင်တို့အပြင် ရခိုင်၊ မောင်တော၊ မြောက်ဦးခရိုင်နဲ့ ရှမ်းပြည်နယ်ထဲက ပလောင်နဲ့ ကိုးကန့်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲလုပ်မရတဲ့ မဲဆန္ဒနယ် ၅၆ နယ်ကတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်နဲ့ တူညီပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း ၁ ကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ်နဲ့ မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) နဲ့ မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် FPTP စနစ်နဲ့ မဲဆန္ဒနယ် ၂၆၆ နယ်၊ PR စနစ်နဲ့ မဲဆန္ဒနယ် ၄၂ နယ်အပါအဝင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် စုစုပေါင်း ၇၁၂ ခုမှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ UEC က ပြောပါတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအပါအဝင် တပ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ကို စက်တင်ဘာ ၁၇ ရက်နောက်ဆုံးသတ်မှတ်ထားရာကနေ စက်တင်ဘာ ၂၂ ရက်အထိ ၅ ရက် ထပ်တိုးပေးထားတယ်လို့ စစ်ကော်မရှင်ရဲ့ UEC က ကြေညာပါတယ်။ စစ်ကော်မရှင်ခန့် UEC က ကြေညာတဲ့မဲဆန္ဒနယ်တွေအရ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ် ( KIA) ၊ ချင်းကာကွယ်ရေးတပ်များ၊ ကရင်နီကာကွယ်ရေးတပ်ပေါင်းစုတွေ၊ အာရက္ခတပ်တော် ( အေအေ)၊ ကိုးကန့်တပ်( MNDAA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *