စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံပတ္တရားမှာ ညဥ့်နက်ပိုင်း ပြင်းထန်စွာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှာ မြန်မာ အလုပ်သမား တစ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ဆေးရုံတင်ထားခဲ့ရတယ်လို့ The Thaiger သတင်းကစက်တင်ဘာ ၂၄ ရက်မှာဖော်ပြပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာစက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၄၀ ဝန်းကျင်က မြန်မာစားသောက်ဆိုင် အပြင်ဘက် လမ်းစွန်းရှိ Soi VC မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရန်ပွဲ ပုံရိပ်တွေကို ဒေသတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလျင်မြန်စွာ မျှဝေခဲ့ပြီး ဒေသခံတွေအကြား အချေအတင် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ လမ်းမပေါ်ဖြတ်လာခဲ့တဲ့ဟိုတယ်ဝန်ထမ်းတစ်ဦးကအမျိုးသားလေးဦးကျော် ဟာဝန်းရံပြီးအခြားအဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “မြေပေါ်မှာ လဲကျနေချိန်အထိ ရိုက်နှက်ကန်ကျောက်ကြတယ်”လို့သူကဆိုပါတယ်။
အဲဒီနောက် တိုက်ခိုက်သူတွေဟာအခင်းဖြစ်ပွားရာနေရာကနေထွက်ပြေးသွားခဲ့ပြီး တိုက်ခိုက်ခံရသူကိုသူငယ်ချင်းတွေကသယ်ဆောင်သွားခဲ့ပါတယ်။ ဒဏ်ရာရရှိသူဟာ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသား ယာဂျူးအေဖြစ်တယ်လို့ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ သူဟာအလွန်အမင်းမူးနေပြီး ကမောက်ကမဖြစ်နေတာကြောင့် ဖြစ်ပျက်ခဲ့တာကို အတိအကျဖော်ထုတ်ဖို့ခက်ခဲစေတယ်လို့အရာရှိတွေက ပြောကြားခဲ့ပါတယ်။ သူ့ကိုပတ္တရားမြို့ ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ပါတယ်။ ပတ္တယားမြို့ ရဲတပ်ဖွဲ့က ယာဂျူးကို စစ်ဆေးမေးမြန်းဖို့စကားပြန်တစ်ဦးနဲ့လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ တာဝန်ရှိသူတွေက ၎င်းတို့ မကြာမီထုတ်ပြန်ချက်ထုတ်မယ်ဖြစ်တယ်လို့ဆိုပါတယ်။စုံစမ်းစစ်ဆေးရေးမှူးတွေက သံသယရှိသူတွေကို ခြေရာခံရှာဖွေနေပြီလို့ ပြောကြားခဲ့ပါတယ်။