ထရမ့် က စက္ကူကျားပါ

ဖေဖော်ဝါရီ ၁၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး)

အိန္ဒိယဝန်ကြီးချုပ် မိုဒီး အမေရိကန်သွားတဲ့ သတင်းအလှည့်ရောက်လာပါတယ်။လတ်တလော ထရမ့်ရဲ့ ငါ့လှေငါထိုး ပဲခူးရောက်ရောက် သတင်းတွေနဲ ကျားဖြန့်သတင်းတွေကပဲ လွှမ်းမိုးထားပါတယ်။
ယေဘူယျတော့ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ ဘာကို ဘယ်လိုနားလည်ရမယ်ဆိုတာကိုက မျက်စေ့လည်နေရပါတယ်။ဒါကြောင့် ရဲဘော်ဗိုလ်ကြင်မောင်ကကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် မြန်မာပြည်သူတွေ မိမိတို့အရေးမှ မျက်စေ့လည်ပြီး ကျန်ရစ်ခဲ့မှာ စိုးရိမ်မိပါတယ်လို့ ၂၀၀၁ ပြည်ချစ်ဝါဒစာတန်းတင်ပြစဉ်ကထဲက စိုးရိမ်ခဲ့ပါတယ်။

မိုဒီးရဲ့ အမေရိကန်ခရီးစဉ်သတင်းတွေထဲမှာ အနာဂါတ် အိန္ဒိယနိုင်ငံအတွက် အဓိက စွမ်းအင်ရောင်းချပေးမယ့် တိုင်းပြည်က အမေရိကန်ပဲဖြစ်ရမယ်ဆိုတဲ့ သတင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်း၊ကျောက်ဖြူ၊မဒဲကျွန်းမှာ တည်ဆောက်ထားတဲ့ တရုတ်ရေနံချဆိပ်ကမ်းရဲ့ ပထမဦးဆုံးအကြိမ်ဆိုက်ကပ်တဲ့ ရေနံစိမ်းတင် သင်္ဘောက တန်ချိန် ၄ သိန်း ရေနံတင်သင်္ဘောကြီးဖြစ်တယ်လို့ ဖတ်မှတ်ရပါတယ်။ဒီသင်္ဘောရဲ့ ထူးခြားချက်က အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေ တင်ဆောင်လာရာမှာအမေရိကန်စီးပွားရေးပိတ်ဆို့ထားတဲ့ အီရန် နိုင်ငံက ရေနံစိမ်းအမျိုးအစားတွေက အများစုပါဝင်ခဲ့တယ်လို့ ထိုစဉ်က ရေကြောင်းစာမျက်နှာ အချို့အရသိရှိ့ရပါတယ်။

အမေရိကန်နဲ့အီရန်ပဋိပက္ခမှာ အမေရိကန်က အီရန်ရေနံဝယ်ယူရေးကို တားမြစ်ထားပြီး စီးပွားရေးပိတ်ဆို့ထားပါတယ်။ဒါကြောင့် အီရန်ဟာ သူ့ရဲ့ ရေနံစိမ်းတွေကို ကမ္ဘာ့ပုံမှန်ဈေးကွက်မှာ ရောင်းဝယ်ရတာ အကန့်အသတ်ရှိပြီး သူ့ရဲ့ ရေနံစိမ်းတွေကို ဂရေးမားကက် မှောင်ခိုမကျ ၊ပုံမှန်မကျဈေးကွက်မှာပဲ ရောင်းချရတယ်ဆိုပါတယ်။အီရန်ရေနံဟာ ပုံမှန်ဈေးကွက်မှာ မရောင်းရတဲ့ အတွက် အခြားနိုင်ငံများရဲ့ ပေါက်ဈေးထက်လျော့ပြီး ရောင်းချရတဲ့ အတွက် ဈေးနှုန်းသက်သာတဲ့ ရေနံဖြစ်နေပါတယ်။ အီရန်ရေနံကို ဂရေးမားကက်မှာ တရုတ်ကလည်းဝယ်သုံးရသလို လောင်စာလိုအပ်ချက်ထိုးတက်လာပြီး ဆင်းရဲနေသေးတဲ့ အိန္ဒိယကလည်း ဝယ်ယူသုံးစွဲနေရတယ်လို့ဆိုပါတယ်။

ယခု မိုဒီရဲ့ အမေရိကန်ခရီးစဉ်မှာ အိန္ဒိယစွမ်းအင်လောင်စာလိုအပ်ချက်ကို အမေရိကန်က ဖြည့်ဆည်းရောင်းချပေးမယ်ဆိုတဲ့သတင်းတွေကို ဖတ်ရတဲ အပေါ်ကတွက်ရင် ထရမ့်က မိုဒီးကို အီရန်ရေနံမဝယ်ဖို့ ဖိ့အားပေးတာဖြစ်နိုင်ပါတယ်။ယှေးလကျောက်ကနေ ရေနံနဲ့ ဓါတ်ငွေ့ အောင်မြင်စွာထုတ်နိုင်လို့ ရေနံဖူလုံတိုင်းပြည်ဖြစ်နေတဲ့ အမေရိကန်က လူဦးရေ သန်း ၁၅၀၀ ကျော်ရှိ့တဲ အိန္ဒိယလို နိုင်ငံကြီးရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ပေးမယ်
ဆိုတာ ဖြစ်နိုင်တယ်ပဲစဉ်းစားလိုက်ပါတယ်။
ဒါပေမယ့် ဈေးကွက် ပြိုင်ဆိုင်မှု့သဘောအရ ခရီးမိုင်ပေါင်း ထောင်ချီဝေးတဲ့အမေရိကားက အိန္ဒိယကို စွမ်းအင် ရောင်းမယ်ဆိုတာရယ်၊အိန္ဒိယကလည်း ဈေးချိုပြီး ခရီးနီးတဲ့ အီရန်ရေနံနဲ့ အရှေ့အလယ်ပိုင်းကနေ မဝယ်ပဲ အမေရိကားကပဲ ဝယ်မယ်ဆိုတာတော့ သာမာန်အသိ့နဲ့ မဖြစ်နိုင်ဖူးပဲ တွက်မိပါတယ်။
ဒါ့အပြင် အီရန်ကရောင်းတဲ့ဈေးလို အောက်ဈေးနဲ ထရမ့်လို စီးပွားရေးဘီးလူးက ရောင်းပါ့မလားဆိုတာလည်းစဉ်းစားကြည့်မိပါတယ်။

ကမ္ဘာ့စွမ်းအင်လောင်စာဈေးကွက်မှာ ယူကရိန်းစစ်ပွဲတွေစကထဲက အမေရိကန်က ဥရောပတိုက်က ရုရှား ဓါတ်ငွေ့ကို မဝယ်ဖို့တောက်လျောက်ဖိ့အားပေးလာပါတယ်။ဥရောပနိုင်ငံအများစုက ဈေးသက်သာတဲ့ ရုရှားရဲ့ဓါတ်ငွေ့ကို မှီခိုနေကြရတာဖြစ်ပါတယ်။ဗဟိုဥရောပရဲ့ အဓိက ဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့ ဂျာမဏီဆို ဈေးသက်သာတဲ့ ရုရှားဓါတ်ငွေ့ကို ၆၀ ရာခိုင်နှုန်းကျော် မှီခိုနေရလို့ စီးပွားတက်နေတဲ့သဘောဖတ်ရပါတယ်။ထိုစဉ်ကလည်း အမေရိကန်က ဥရောပကို ရုရှားဓါတ်ငွေ့အစား သူတို့ယှေးလကျောက်ကထုတ်ထားတဲ့ ဓါတ်ငွေ့ရည်ကို ဝယ်ရမယ်ဆိုပြီးလုပ်ပါတယ်။ဒါပေမယ့် ဘယ်သူမှ အဖက်လုပ်ပုံမရကြလို့ အသံပြန်တိတ်နေတာ တွေ့ရပါတယ်။ဈေးသက်သာတဲ့ရုရှားဓါတ်ငွေ့ကို ဥရောပက မဝယ်ရင် အိန္ဒိယနဲ့တရုတ်က ဈေးချိုချိုနဲ့ဝယ်သွားမှာကိုက ဥရောပ စီးပွားပျက်ကိန်းဖြစ်နေလို့ ဘယ်သူမှ အမေရိကန်အလိုကျ မလိုက်နာကြပါဖူး။ဥရောပ ဘုစုခရု နိုင်ငံငယ်လေး အချို့ကပဲ လိုက်နာပြကြပါတယ်။အာရှရဲ့ တီမောလို နိုင်ငံမကျ၊အစောင့်ရှောက်ခံနယ်မြေမကျတွေပဲဖြစ်ပါတယ်။

ဥရောပပြဿနာနဲ့ ကိုယ်ကဝေးတယ်ထားရင် အမေရိကန်ရဲ့ အီရန် ပေါ်လစီ၊အီရန်ရေနံ၊တရုတ်နဲ့ ကျောက်ဖြူရေနံချဆိပ်ကမ်း၊ကျောက်ဖြူ-ကူးမင်း ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေက မြန်မာနဲ့လာပတ်သက်နေရတဲ့ သဘောဖြစ်နေပါတယ်။မြန်မာနိုင်ငံမှ စစ်တုရင်ချက်ခုံမှောက်ပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုတော့ မသိ့နိုင်ပါဖူး။ခန့်မှန်းတွက်ချက်မှု့မျိုးစုံ၊ရှု့ဒေါင့်မျိုးစုံအရ တရုတ်၊ဂျပန်၊အမေရိကန်၊အာဆီယံ၊အိန္ဒိယ စသဖြင့် မျိုးစုံ ဖတ်ရှု့နေကြရမှာဖြစ်ပါတယ်။

ယခု ထရမ့်အစိုးရလက်ထက်မှာ အီရန်ကို ခြိမ်းလိုက်ခြောက်လိုက်နဲ့လုပ်နေတာက ယခင်ထရမ့်လက်ထက်ကလို အရှေ့အလယ်ပိုင်းမှာ အမေရိကန်လက်နက်ဈေးရောင်းရန်သက်သက်လို့ပဲယူဆရပါတယ်။ယခင်ပထမအကြိမ်ထရမ့်လက်ထက်တုန်းကလည်း အီရန်ကို ပါးပါးလှီးမယ်၊နုတ်နုတ်စင်းမယ် လုပ်ခဲ့ဖူးပါတယ်။ဆရာဝင်းငြိမ်းပြန်ဆိုတဲ့ PERIL (အန္တရာယ်)ဆိုတဲ့ ထရမ့်အကြောင်းစာအုပ်မှာ ထရမ့်က အီရန်ကို တိုက်ဖို့ခိုက်ဖို့ ပင်တဂွန်ကို
ဖိ့အားပေးရာမှာ ပင်တဂွန်က ဗိုလ်ချုပ်ကြီးတွေက အမေရိကန်ဟာ တောင်တွေနဲ့ စစ်မတိုက်ဖူးလို့ ပြန်လယ်တုံ့ပြန်ကြရတယ်လို့ပါရှိ့ပါတယ်။သမိုင်းတစ်လျောက် ပါရှားအင်ပါယာကြီးကို ပတ်လယ်ဝိုင်းထားတဲ့တောင်တန်းကြီးတွေထဲမှာ ဝင်တိုက်တဲ့ အင်ပါယာနိုင်ငံတိုင်း ဒုက္ခများခဲ့တဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ အီရန်ရဲ့ ပထဝီနိုင်ငံရေးအားသာချက်ကြောင့် အမေရိကန်ဗိုလ်ချုပ်ကြီးတွေက အမေရိကန်ဟာ တောင်တန်းတွေနဲ့ စစ်မတိုက်ဖူးလို့ဆိုခဲ့တာကို ကြည့်ရင် ထရမ့်ရဲ့ ဟောက်လုံးခြောက်လုံးထက် မပိုဖူးလို့ပဲ ယူဆရပါတယ်။
သတင်းတွေထဲမှာ ထရမ့်က ယူကရိန်းအရေးကို ပူတင်နဲဆွေးနွေးနေတာကို ဖတ်ရပါတယ်။နောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ဆိုတာလည်းပါဝင်ပါတယ်။နောက် ထရမ့်နဲ့ ပူတင် တတိယနိုင်ငံတစ်ခုခုမှာ တွေ့ကြမယ်။ ထရမ့်ဖက်က နုူးကလီးယားလျော့ချရေးအတွက် ပူတင်ဖက်ကို အဆိုပြု့လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထရမ့် ကစားကွက်တွေထဲကနေ မြန်မာပြည်နဲ့ တော်လှန်ရေးအပေါ်ရိုက်ခတ် လာနိုင်တာတွေကိုတော့ လိုက်လံတွက်ချက်နေကြရမှာကတော့ အလုပ်သဘောအရ လုပ်နေကြရမှာဖြစ်ပါတယ်။

ကိုရီးယားစစ်ပွဲကာလအတွင်းက အယူအဆအချို့ကလည်း ထည့်သွင်းတွက်ချက်သင့်ပါတယ်။မြောက်ကိုရီးယားက ၃၈ မျဉ်းပြိုင်ကို ကျော်ပြီး တောင်ကိုရီးယားကို ဝင်ရောက်တိုက်ခိုက်တာမှာ ဆိုးလ်မြို့တော်လည်းကျပြီး၊တစ်နိုင်ငံလုံးသိမ်းပိုက်လုနည်းပါးတာဆူလာပါတယ်။ထိုစဉ်မှာ အမေရိကန်ဦးဆောင်ပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်နဲ အင်ချွမ်းကနေကမ်းတက်ပြီး မြောက်ကိုရီးယားတပ်တွေကို ပြန်လည်တိုက်ထုတ်ပါတယ်။အမေရိကန်ဦးဆောင်တဲ့ တပ်များဟာ တိုက်လာရင်းနဲ့ မြောက်ကိုရီးယားနဲ့တရုတ်နယ်ခြားဒေသ ယာလူးမြစ်စီရောက်လာပါတယ်။ဒီအခါမှာ တရုတ်တို့က ဒီတိုက်ပွဲကနေ အမေရိကန်ဟာ တရုတ်ကိုဦးတည်လာပြီး တရုတ်ပြည်ဖက်ကိုပါတိုက်ခိုက်လာနိုင်တယ်လို့ သက်မှက်ပြီး မြောက်ကိုရီးယားဖက်ကဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တရုတ်တို့ဖက်က မော်စီတုန်းရဲ့သားအပါအဝင် စစ်သည်သိန်းချီအကျအဆုံးခံတိုက်ခိုက်ခဲ့ကြပါတယ်။ဒီလိုတရုတ်ဖက်က ပြန်လည်ဖိ့အားပေးတွန်းထုတ်လာတဲ့ အပေါ်မှုတည်ပြီး စစ်ကိုဦးစီးရတဲ့ အမေရိကန် စစ်ဦးစီးက နည်းဗျူဟာမြောက် အနုမြူဗုံးသုံးဖို့အထိ ခွင့်တောင်းလာပါတယ်။တရုတ်ဖက်မှာလည်း အမေရိကန်ရဲ့ အနုမြူဗုံးလက်နက်ကို ကြောက်ရွံ့နေတဲ့ ပါတီအပေါ်ပိုင်းလူကြီးပိုင်းအတွင်းလွန်ဆွဲပွဲကလည်းရှိ့ထားပါတယ်။မော်စီတုန်းက အကယ်၍ အနုမြူဗုံး အမေရိကန်ဖက်ကသုံးခဲ့သော် တရုတ်လူမျိုး တစ်ဝတ်လောက် ဆုံးရှုံးကောင်းဆုံးရှုံးနိုင်မယ်၊ဒါပေမယ့် ကမ္ဘာနိုင်ငံတွေနဲ့ ဆိုဗီယက်နိုင်ငံတို့ကလည်း သူတို့အပေါ်လည်း သုံးလာမှာပဲဆိုပြီး လက်ဦးအောင်ပြန်သုံးမှာသေခြာတယ်။ဒီအတွက် အနုမြူစစ်ပွဲဖြစ်ရင် သူအပါအဝင် အကုန်ဆုံးရှုံးပျက်ဆီးကြမှာမို့ အမေရိကန်မသုံးရဲပါဖူးလို့ သုံးသပ်ပြီး အမေရိကန်တို့ ၃၈ မျဉ်းပြိုင်ကို ပြန်ဆုတ်တဲ့အထိ့ ပြန်တိုက်ထုတ်ခဲ့ပါတယ်။ ထိုစဉ်က မော်စီတုန်းသုံးနှုန်းခဲ့တဲ့
“အမေရိကန်ဟာ စက္ကူကျားပါ” ဆိုတဲအသုံးအနှုန်းက နိုင်ငံငယ်လေးတွေက တိုးတက်တဲ့တော်လှန်ရေး အင်အားစုတွေအတွက် စိတ်ခွန်အား(ခေတ်စကားနဲ့ဆို မိုတီ)ရခဲ့၊ယူခဲ့ကြရပါတယ်။

ယခု အမေရိကန်ဟာ ဆာဖရီဥယာ့ဉ်ထဲက တောရိုင်းတိရိစ္ဆာန်တို့ ပြိုင်ပွဲလို အားနည်းသူခံ၊နိုင်ရာစားဝါဒနဲ့ ဆာဖရီဆိုင်းတီးထွက်လာပါတယ်။သူနဲ့ ပါဝါပြိုင်တွေဖြစ်တဲ့ ရုရှား၊တရုတ်၊ဥရောပတို့ကိုတော့ ချော့မြူနေ
ပါတယ်။UN နဲ့တစ်ကွ ကမ္ဘာ့အစီအစဉ်ဟောင်းကို အလုပ်မဖြစ်တော့အောင် စလုပ်နေပြီဖြစ်ပါတယ်။နိုင်ငံငယ်လေးတွေအားကိုးနေရတဲ့ ဟိုအဖွဲ့၊ဒီအဖွဲ့ကနေ နှုတ်ထွက်ပြနေပါတယ်။ICC တွေတောင် ဆန်ရှင်ချပစ်မယ် ၊ငါတို့နိုင်ငံသားတစ်ယောက်တောင်လာမထိနဲ့ ကြိမ်းမောင်းထားပါတယ်။မြန်မာပြည်က ဟိုဝန်ကြီးနဲသားသမီးတစ်သိုက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ပါဖမ်းဝရမ်းပါတယ်ဆိုတော့ အပျော်တွေလွန်နေကြပုံနဲ့ ကွာပါ့ လိုပဲ ဆိုရပါတော့မယ်။တော်ကြာမြန်မာပြည်ဝင်ဗီဇာပိတ်ခံရတဲ့အခြေအနေကြုံနေရဦးမယ်။

ပြန်ဆက်ရရင် အမေရိကန်သမ္မတသစ် ထရမ့်လုပ်နေတာ ထရမ့်ပေါ်လစီဆိုတာထက် အမေရိကန်အကျိုးစီးပွားအပေါ်အခြေပြု့တဲ အမေရိကန်အမျိုးသားပေါ်လစီဆိုတာကို သတိပြု့ကြဖို့ပါ။အမေရိကန်အနေနဲ့ ကမ္ဘာ့အရင်းရှင်လောကနဲ့ အင်အားပါဝါကို အခြေပြု့ပြီး ကမ္ဘာ့အစီအစဉ်အသစ်တစ်ခု( New World Order)တစ်ခုကို ဦးဆောင်ချမှက်ဖို့စအားထုတ်နေတယ်လို့မြင်မိပါတယ်။ဒီအစီအစဉ်သစ်ကအားကြီးသူသာရှင်သန်ကျန်ရစ်မယ့် တောရိုင်းဝါဒကို အခြေခံထားပြီး ကမ္ဘာ့ ဈေးကွက်၊ကုန်ကြမ်းနဲ့အရင်းအမြစ်
တွေကို ညှိနှိုင်းခွဲဝေယူကြမယ့် ကမ္ဘာ့စနစ်အစီအစဉ်လို့မြင်မိပါတယ်။ကျန်တဲ့ အင်အားနည်းနိုင်ငံတွေအားလုံးကို နယ်မြေသိမ်းပိုက်တာမဟုတ်ပဲနဲ့ နိုင်ငံကြီးတွေရဲ နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး အကုန်ချုပ်ကိုင်ထားခံရတဲ့ ကိုလိုနီလက်သစ်ဝါဒကို အကောင်းအထည်ဖော်ဖို့ပဲဖြစ်ပါတယ်။နိုင်ငံငယ်တွေကို ကြယ်ရံနိုင်ငံတွေအဖြစ် ထားခွင့်ပြု့မယ့် စနစ်မျိုးဖြစ်ပါတယ်။

အမေရိကန်ကဦးဆောင်ပြီး ကမ္ဘာ့အင်အားကြီးတွေနဲ့ နယ်မြေနဲ့အရင်းအမြစ်ခွဲဝေယူရေး သဘောတူညှိနှိုင်း လို့ရရင် သူတို့အချင်းချင်း စစ်မဖြစ်ရေးပဲဖြစ်ပါတယ်။ဒါပေမယ့် အမေရိကန်လို ခေတ်သစ်အင်ပါယာဝါဒထူထောင်ချင်နေသူတွေကို အင်ပါယာရှင်ဟောင်းတွေက ဝါးနုက ဝါးရင့်လာပတ်တယ်မြင်ကြပြီး အမေရိကန်ဗိုလ်ကျစိုးမိုးရေးဝါဒကို လက်ခံနိုင်ကြမှာမဟုတ်ပါဖူး။အမေရိကန်မှာ ဒီမိုကရက်တွေပြန်တက်လာလည်း ဒီလမ်းကိုပဲ လျောက်မှာပါပဲ။USAID နဲ့ ပိုက်ဆံနည်းနည်းပါးပါးပြန်ချပေးပြီး လူယုံမွေးမြူရေး ပြန်လုပ်လာနိုင်တာမျိုးလောက်ပဲ အနည်းငယ်ပြောင်းလဲလာမှာဖြစ်ပါတယ်။အမေရိကန်ပေါ်လစီကို အမေရိကန်ကိုယ်စား စကားပြောပေးမယ့် နိုင်ငံအသီးသီးက အငှားပါးစပ်မွေးမြူရေးကို ထရမ့်တို့အုပ်စု က အလုပ်မဖြစ်ဖူး တည့်ပဲ ရော့ပတ္တမြား ၊ရော့နဂါး ပဲလိုချင်တယ်ဆိုတဲ့ ပုံစံပြောင်းဖို့လုပ်တာပါပဲ။

မကြာမှီ အမေရိကန်ပေါ်လစီသစ်ထုတ်ပြန်လာတော့မယ်မြင်မိပါတယ်။ယခင်ကအမေရိကန်ပေါ်လစီရဲ့ အခြေခံကျောရိုးက”အမေရိကန်တည်ထောင်ကထဲက ကျင့်သုံးလာခဲ့တဲ့ ဒီမိုကရေစီ၊လူ့အခွင့်ရေး အခြေခံမှုများပျံ့နှံ့မှုကတစ်ဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဟန်ချက်ကို ထိမ်းထားရန်” ဆိုတာဖြစ်ပါတယ်။

“လူတစ်ဦးခြင်းအခွင့်အရေး၊လူ့အခွင့်ရေး၊ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကမ္ဘာ့လူသားတိုင်းကပြောခွင့်ရှိ့သလို သူတို့အတွက်(ကမ္ဘာသူကမ္ဘာသားတွေ)နိုင်ငံတစ်ကာညီအစ်ကိုတော်ဝါဒအရ အမေရိကန်ကလည်း ပြောခွင့်ရှိတယ်”ဆိုတဲ့ သူဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ဖြစ်ပါတယ်။

ဒါကလည်း ၁၆၀၀ ခုနှစ်တွေစီက ကိုလိုနီနယ်ပယ်သစ်တွေရှာဖွေနယ်ချဲ့ကြတဲအခါသူတို့သိမ်းပိုက်မယ့် နိုင်ငံတွေမှာ ရှိ့တဲ့ လူသားတွေအတွက်”လူသားအဖြစ်သတ်မှက်လို့ရတဲ့ အရိုင်းအစိုင်းများ၏ ဝိညဉ်ကိုသန့်ရှင်းစင်ကြယ်စေရန်နှင့် ယုံကြည်သူအဖြစ်ကယ်တင်ခြင်းခံကြရစေရန်အတွက်ကယ်တင်ဖို့ တာဝန်မှာ လူဖြူများ၏ တာဝန်၊လူဖြူတို့၏ ဝန်ထုတ်ဝန်ပိုးသာ”ဖြစ်သည် ဆိုတဲ့ အကြောင်းပြချက်နဲ့ အတူတူသဘောပဲဖြစ်ပါတယ်။ အနှစ်သာရကတော့ နယ်ချဲ့တာပါပဲ။

ယနေ့ ၂၁ ရာစုထဲမှာတော့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ တစ်ခုပြောင်းဖို့ တာဆူနေတဲ့အချိန်မှာ အမေရိကန်က အခင်းအကျင်းသစ်တစ်ခု မိတ်ဆက်လာမယ်လို့ ယူဆမိပါတယ်။နိုင်ငံတစ်ကာဆက်ဆံရေးနဲ့ ကမ္ဘာလုံခြုံရေးစနစ် စသဖြင့် ဘယ်လိုတွေပြောင်းလာမယ် ကို မပြသေးပါဖူး။အရိပ်ပြသလာတာကတော့ အီလွန်းမတ်ခ်ရဲ့ ရောမအလေးပြု့နည်း၊ဟစ်တလာက ကျယ်ပြန့်စွာ သုံးခဲ့တဲ့အတွက် အများအမြင် ဟစ်တလာအလေးပြုနည်းနဲ့ ပွဲထွက်တာရယ်၊နောက်တစ်ခုက ဘာသာရေးဆိုင်ရာ ခုံရုံးဖွဲ့တာ (အကွီဇေးရှင်း)၊ဒီဖက်ကဒီမိုကရက်တို့လေ့ကျင့်ပေးထားပြီး အရာရာ အခွင့်အရေးသီးသန့်စံနှုန်းသာ ကြည့်မြင်နိုင်တော့တဲ့ ဝါဒီများကတော့ မဘသ လို့ တန်းအဓိပ္ပါယ်ဖွင့်ကြပါတယ်။

အမေရိကန်လတ်တလောပြထားတဲ့ ရောမအလေးပြု့နည်းနဲ ဘာသာရေးခုံရုံးကိစ္စ အပေါ်ကနေကြည့်ရင်သာသနာစောင့် ရောမအင်ပါယာနဲ့ အင်ပါယာအရှင် ဆီဇာအမွေခံ နယ်မြေဟာ ဥရောပမဟုတ်ဖူး အမေရိကား ပါလို့ ဥရောပနားရွက်ကို တံတွေးစွတ်လိုက်ပြီဖြစ်ပါတယ်။သူရဲ့ အနီးကပ်ဆုံးဥရောပမိတ်ဆွေရဲ့ ချားလ်ဘုရင်နဲ့ ကင်တာဗာရီဘုရားကျောင်းသာသနာကို စိမ်ခေါ်လိုက်သလိုပါပဲ။
သာသနာစောင့် ရှားလမိန်းဘုရင်ရဲ့ သာသနာစောင့်ရောမအင်ပါယာကို အမွေဆက်ခံတယ်လို့ ခံယူနေကြတဲ့ ဥရောပက ချားလ်တွေ၊ဇာတွေ၊ဗာဘေးရီးယမ်း ဖာဒီနမ်တွေနဲ့ ရောမကျောင်းတော်ကိုပါ အားစမ်းလိုက်သလို
ဖြစ်နေတယ်လို့မြင်ရပါတယ်။သမိုင်းအလှည့်အပြောင်းတွေအရ ဘိုင်ဇင်တိုင်းနီးယမ်း၊အရှေ့ရောမသာသနာနဲ့ အပေးအယူလုပ်ပြီး သာသနာစောင့် အမေရိကန် အင်ပါယာကြီး ကို ဥရောပလက်ထဲက လုယူမယ့်.အားစမ်းပွဲတစ်ပွဲ (ဆရာတစ်ဦးသုံးနှုန်းတဲ့ စစ်နွေး)ကာလတစ်ခုလာလိမ့်မယ်လို့ သုံးသပ်မိ့ပါတယ်။

ဒီလို ကမ္ဘာ့အစီအစဉ်သစ် ပုံဖော်နေဆဲကာလမှ မိမိတို့ပြဿနာများကို အမြန်ပြီးစီးအောင် မြင့်မြင့်တက်၊ဝေးဝေးကြည့်လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုပါတယ်။အမေရိကန်မှ အမေရိကန်ပဲ၊ဥရောပမှ ဥရောပပဲ၊တရုတ်မှ တရုတ်ပဲ ဆိုတာမျိုးတွေနဲ့ ကလေးစိတ်ကောက် မုန့်ဖိုးတောင်းသလို လုပ်လို့ရပုံမရတော့ပါဖူး။ထရမ့်ကစပြီး နောက်ဆိုမုန့်ဖိုးဆိုတာမရှိ့တော့ဖူး လုပ်ပြထားပါတယ်။

သူတို့ဥရောပသမိုင်းတွေအရတော့ ကမ္ဘာ့အစီအစဉ်သစ်၊နိုင်ငံတစ်ကာအစီအစဉ်သစ်ကို တစ်ကိုယ်တော်ကျဲ အတင်းအကျပ်ပုံဖော်ဖို့ကြိုးစားကြတဲ့ ပွဲတွေက ဈေးအရမ်းကြီးတာကို သိကြပါတယ်။ နပိုလီယံစစ်ပွဲများနဲ့နပိုလီယံကျဆုံးခန်းက ပြင်သစ်နဲ့ဥရောပ သွေးချောင်းစီး ရင်းနီုးရပါတယ်။ ပထမနဲ့ ဒုတိယကမ္ဘာစစ်က နှစ်ခုပေါင်း သန်း ၈၀ နည်းပါးသေဆုံးရပါတယ်။အမေရိကန်ဟာ ကမ္ဘာစစ်ကြီး နှစ်ခုစလုံး သူမြေပေါ်မှာ ကျည်တစ်တောင့်မှ မကျပဲ ဈေးရောင်းစားပြီး အင်အားကြီးလာတာပါလို့ ဗိုလ်ကြင်မောင်သုံးသပ်ဖူးပါတယ်။

ကမ္ဘာ့အစီအစဉ်သစ်ပြောင်းဖို့ဆို စစ်ကြီးတစ်ခုဖြစ်ကြရပါလိမ့်မယ်။ဒီတစ်ခါစစ်ဖြစ်ရင် ရှုံးသူ၊နိုင်သူမရှိ့တော့ပါဖူး လို့ဆိုခဲ့ပါတယ်။
ဒီတစ်ခါ စစ်ဖြစ်ရင် အမေရိကန်မြေပေါ် ခြေမှုန်းရေး ရိုင်ဖယ်ကျည်ဆံတွေကျမှာ မဟုတ်တော့ပဲ အမေရိကန်မြေအပေါ် ကျမယ့် လက်နက်ဆန်းမျိုးစုံက ဘာတွေဆိုတာကို အမေရိကန်တွေ သိ့နေသ၍“အမေရိကန် ၊ထရမ့်ဟာ လေကျယ်နေတာတွေကို မော်စီတုန်းများရှိ့သေးရင် ထရမ့်က စက္ကူကျားပါ”လို့ပဲ သတ်မှတ်မှာပါပဲ။

တရုတ်ကို ဗိုလ်ကြင်မောင်သုံးသပ်တဲ့”တရုတ်က ၁၂ပွဲဈေး ဈေးလှည်ရောင်းနေရတဲ့ အနေအထားပါ”ဆိုတာကို နမှုနာယူရရင်၊
ထရမ့်က ခြောက်စားဟောက်စား ဆေးရောင်းစားတဲ့ လမ်းဘေး၊မျက်လှဲ့၊မြွေအလိပ္မါယ် ဈေးရောင်းသမား၊ရထားပေါ် ဆေးရောင်းသမား အထာပါ။

မြန်မာအရေးကတော့ ရဲဘော်ဗိုလ်ကြင်မောင်ရေးသလို”ကိုယ့်အရေးကတော့ ကိုယ်ဖာသာကိုယ် ပြတ်အောင်လုပ်ရမှာပါ”ဆိုတာပါပဲ။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *