ဒီတော်လှန်ရေးမှာ ကိုယ်ရဲ့ နိုင်ငံရေးရည်မှန်းချက်ပေါ် အခြေခံပြီး (နိုင်စီးလူ တရားမျှတမှု စံတန်ဖိုး) ဘယ်သူတွေနဲ့ ဘယ်ချိန်ထိပေါင်းလို့ရတယ်၊ သူတို့နိုင်ငံရေး ရည်မှန်းချက်က ဒါတွေဖြစ်တယ်၊ ငါတို့က ဘယ်ထိ သွားမဲ့သူတွေဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တတ်ရင် ရပ်တန့်သွားတဲ့ ကိစ္စရပ်တွေမှာ ပြုံးနေလိုက်ရုံပါပဲ။

“ဒါကြောင့် ငြင်းစရာတွေပြည့်နေတဲ့ အစုအဖွဲ့တွေကြားမှာ ပေါင်းစပ်ကြတဲ့အခါ နိုင်ငံရေး ရည်မှန်းချက်တွေအပေါ် စံတန်ဖိုး သတ်မှတ်မှုတွေပေါ်မူတည်ပြီး နည်းဗျူဟာရ မဟာမိတ်စုဖွဲ့ခြင်း (Tactical alliance) ရေတိုပေါင်းစပ်ခြင်းနဲ့ မဟာဗျူဟာအရ မဟာမိတ်စုဖွဲ့ခြင်း (Strategic alliance) ရည်မှန်းချက်ဆုံးခန်းတိုင်အောင် အတူတကွ ရေရှည်ပေါင်းစပ်ခြင်းဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်တယ်။ (သတိထားရမှာက ရန်ဘက်လို့ထင်နေပေမဲ့ ဘုံအကျိုးစီးပွားပေါ်မူတည်ပြီး ပေါင်းစပ်သွားတဲ့ မဟာမိတ်တည်ဆောက်မှုမျိုးလည်းရှိတယ်ဆိုတာပါပဲ)”

————————————————–

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅>သောင်ရင်းသတင်းလွှာ(ဆောင်းပါး)

ဒီနေ့ တော်လှန်ရေးနယ်ပယ်မှာ တွင်တွင်ကျယ်ကျယ်ကြားနေရတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါ တပ်ပေါင်းစုဖြစ်မြောက်ရေး တပ်ပေါင်းစုတည်ဆောက်ရေးဆိုတဲ့ စကားလုံးဖြစ်တယ်။ တပ်ပေါင်းစုအသွင် ဆိုတာ ရန်သူကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် မဟာမိတ်ပူး‌ပေါင်းဆောင်ရွက်ခြင်း တနည်း အတူတကွလက်တွဲဆောင်ရွက်ခြင်းဖြစ်တယ်။

မဟာမိတ်အကြောင်းအရာ ပြောကြရာတွင် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းကို ခွဲပြောကြတာ ရှိသလို တွဲပြောကြတာလည်းရှိတယ်။ တကယ်တမ်းကျ ပူးပေါင်းဆောင်ရွက်တယ်လို့ ပြောကြတဲ့အခါ ရည်မှန်းချက် ပန်းတိုင်ပေါ် အခြေခံတာရှိသလို မူဝါဒတွေ နိုင်ငံရေးရပ်တည်ချက် တွေပေါ်မှာ ပူးပေါင်းဆောင်ရွက်တာလုပ်ကြရပါတယ်။

မဟာမိတ် တည်ဆောက်တယ်ဆိုတာ ညီအစ်ကိုကဲ့သို့ ပေါင်းစပ်ခြင်းဖြစ်တယ်။ တစ်ယောက်ကိုတ စ်ယောက်နားလည်ပြီး တွဲလုပ်ကြတာ ဖြစ်တယ်။ တူတာတွဲလုပ်၊ မတူတာခွဲ လုပ်တာဆိုတာထက် အနည်းငယ်ပိုပါတယ်။ ဒါကြောင့်သေသေချာချာပြောကြရရင် ပေါင်းစပ်တဲ့အခါမှာလည်း ရည်မှန်းချက် တစ်စုံလုံး တူညီစွာပေါင်းစပ်ဆောင်ရွက်ခြင်း (subjective forces) နဲ့ တစ်စုံတစ်ခု တူညီတာကိုပေါင်းစပ်ဆောင်ရွက်ခြင်း (သို့) တူတာတွဲလုပ်မတူတာခွဲလုပ် (Objective forces) ခြင်းဆိုပြီးပြောကြတယ်။

တကယ်တမ်းကျ Obiective forces ကိုပြောကြတဲ့အခါမှာလည်း သေချာတိကျစွာ ပြောနေကြတာမဟုတ်ဘူး။ ဘုံရန်သူ တူညီတဲ့အတွက် ပထဝီအရ နီးစပ်ကြတဲ့အခါ စစ်ရေးအရ ပေါင်းစပ်ခြင်းပဲဖြစ်တယ်။ ဒါကြောင့် မဟာမိတ်တည်ဆောက်ခြင်း (Alliance) လို့ ဖွင့်ဆိုတဲ့အခါ Subjective forces ကို ဆိုလိုခြင်းဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးမှာတော့ အကြောင်းအရာအလိုက် ပူးပေါင်းဆောင်ရွက်ကြတဲ့ (objective forces) တွေကို တည်ဆောက်ကြတာများတယ်။ ဒါကို နားလည်သဘောပေါက်ထားဖို့ လိုတယ်။

ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ သမိုင်းနောက်ခံတွေ ဖြစ်တည်မှုတွေ စံတန်ဖိုးထားမှုတွေ ရည်မှန်းချက်တွေအပြင် ref point ဖြစ်တဲ့ အခြေခံလူထုအမျိုးအစား (Class base or Ethnic base) အခြေခံစဉ်းစားချက်နှင့် နိုင်ငံရေးအတွေးခေါ် (Political Ideology) လည်း ထည့်တွက်ရပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါင်းစပ်တဲ့အခါ တစ်ခုချင်းစီမှာ ငြင်းခုံမှုတွေရှိပြီး တစ်ခုချင်းစီ ချိတ်ဆက်တဲ့အခါ ပိုငြင်းခုံစရာတွေရှိပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းပေါင်းစပ်မလဲ စဉ်းစားရပါတယ်။ ပေါင်းစပ်တဲ့ အခါမှာလည်း အထက်အောက်ပေါင်းစပ်ခြင်းနဲ့ ရေပြင်ညီပေါင်းစပ်ခြင်းတွေ ထပ်ရှိလာပြန်ပါတယ်။ တစ်ခုချင်းစီတိုင်းက ငြင်းခုံစရာတွေ ရှိနေတတ်ပါတယ်။”

ဒါကြောင့် ငြင်းစရာတွေပြည့်နေတဲ့ အစုအဖွဲ့တွေကြားမှာ ပေါင်းစပ်ကြတဲ့အခါ နိုင်ငံရေး ရည်မှန်းချက်တွေအပေါ် စံတန်ဖိုး သတ်မှတ်မှုတွေပေါ်မူတည်ပြီး နည်းဗျူဟာရ မဟာမိတ်စုဖွဲ့ခြင်း (Tactical alliance) ရေတိုပေါင်းစပ်ခြင်းနဲ့ မဟာဗျူဟာအရ မဟာမိတ်စုဖွဲ့ခြင်း (Strategic alliance) ရည်မှန်းချက်ဆုံးခန်းတိုင်အောင် အတူတကွ ရေရှည်ပေါင်းစပ်ခြင်းဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်တယ်။ (သတိထားရမှာက ရန်ဘက်လို့ထင်နေပေမဲ့ ဘုံအကျိုးစီးပွားပေါ်မူတည်ပြီး ပေါင်းစပ်သွားတဲ့ မဟာမိတ်တည်ဆောက်မှုမျိုးလည်းရှိတယ်ဆိုတာပါပဲ)

နည်းဗျူဟာရ မဟာမိတ်စုဖွဲ့ခြင်း (Tactical alliance)
နည်းဗျူဟာအရ ရေတိုပေါင်းစပ်ခြင်း ဆိုတာ ဘုံရန်သူကိုတိုက်ထုတ်တဲ့အခါမှာအကြောင်းအရာတစ်ခု ပေါ်မူတည်ပြီး ရန်ဘက်ဖြစ်နေပါစေ မိတ်ဖက်အဖြစ်တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းသဘောဖြစ်တယ်။ ဥပမာအနေနဲ့ ပြရမယ် ဆိုရင် ကိုးကန့်ဒေသရှိ ကျားဖြန့်နှိမ်နင်းချင်တဲ့ တရုတ်နဲ့ ဒေသလွတ်မြောက်ရေးလုပ်ချင်တဲ့ MNDAA ပေါင်းစပ် ခြင်းမျိုးဖြစ်ပြိး ဒါဟာရေတိုပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်။

လတ်တလော ဘုံရည်မှန်းချက်တူလို့ဖြစ်တယ်။ ပူးပေါင်းဖို့တည်ထားတဲ့ အကျိုးစီးပွား ခွဲဝေပြီးသွားတဲ့အခါ သို့မဟုတ် ပူးတွဲဘုံရည်မှန်းချက်ပြီးသွားတဲ့အခါမျိုးမှာ မဟာမိတ်အရ ပူးပေါင်းမှုရပ်တန့်သွားတတ်တဲ့ မဟာမိတ်အနေနဲ့ ပူးပေါင်းတဲ့အခါ ဒီအဖြစ်အပျက်ကိုပဲ သေချာလေ့လာရင် အပေါ်အောက် မဟာမိတ်တည်ဆောက်ခြင်းနဲ့ ရေပြင်ညီမဟာမိတ်တည်ဆောင်ခြင်းကိုပါ တပါတည်းတွေ့နိုင်တယ်။ အထူးသဖြင့် ဘုံအကျိုးစီးပွားဆုံချက်တစ်ခုပေါ်မှာ မူတည်ပြီး တည်ဆောက်ကြတာများတယ် သို့တည်းမဟုတ် စစ်အနိုင်တိုက်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်မတူတော်လည်း ဘုံရန်သူတူတဲ့အတွက် ပေါင်းစပ်ကြတာမျိုးဖြစ်တယ်။

မဟာဗျူဟာအရ မဟာမိတ်စုဖွဲ့ခြင်း (Strategic alliance)
မဟာဗျူဟာအရ ရည်မှန်းချက် ဆုံးခန်းတိုင်ထိ အတူတကွရေရှည် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးဖြစ်ပြီး ဒီလိုအခြေအနေမျိုးဖြစ်ဖို့ဆိုရင် အခြေခံနိုင်ငံရေးအယူဝါဒအတွေးခေါ်နဲ့ စံတန်ဖိုးတွေတူမှ ပေါင်းစပ်လို့ရတာမျိုး ဖြစ်တယ်။ အထူးသဖြင့် ref point (လူထုအခြေခံမှု) တူသွားတဲ့အခါမျိုးတွေမှာ တွေ့ရလေ့ရှိတယ် ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်အင်အားစုတွေ ပူးပေါင်းဆောင်ရွက်တာမျိုး သို့မဟုတ် ဆိုရှင်ဒီမိုကရက်တစ် အင်အားစုတွေ အတူတကွ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကြတာမျိုး နိုင်ငံရေးအတွေးအခေါ်နှင့် စံတန်ဖိုးတူညီတာမျိုးမှာ ဖြစ်လာတဲ့အခြေနေဖြစ်ပြီး လက်ဝဲအင်အားစုတွေ အတူပူးပေါင်းဆောင်ရွက်ကြတာ (အဖိနှိပ်ခံလူတန်းစားဆိုတဲ့ ref point တူတာခြင်းကြောင်း) မျိုးတွေက ရေရှည်ပူးပေါင်းဆောင်ရွက်ခြင်းတွေ ဖြစ်တယ်။

ဒါကြောင့် ကျွန်တော် မကြာခဏပြောလေ့ရှိတဲ့ လူထုလွတ်မြောက်ရေး၊ လူတန်းစားလွတ်မြောက်ရေး နဲ့ လူမျိုးစုလွတ်မြောက်ရေးက မတူဘူး ဆိုတာ ဒီအကြောင်းအရာတွေကို မြင်ရင် တွေ့ နိုင်မယ်ထင်ပါတယ်။ Strategic alliance ကိုပြောကြတဲ့အခါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားမျှတမှုပေါ်မှာစဉ်းစားတဲ့ အတွေးအခေါ် စံတန်ဖိုး ရေသောက်မြစ်ကိုကြည့်ကြရဖို့ဖြစ်ပါမယ်။ နှစ်ခုကို ကွဲပြားအောင်မြင်ဖို့ဆိုရင် ဥပမာအနေဖြင့် တပ်အတွက်လာမယ့် ၅နှစ်တာ ရိက္ခာဘယ်လိုစီစဉ်မလဲ၊ စိုက်ကြ/ပျိုးကြမလားက strategic၊ ဒီနေ့ နောက်တပတ် ဘာဟင်းစားကြမယ် ဟင်းဘယ်က ထင်းဘယ်ကရမယ်က tactical။ သူက operational level အရ စဉ်းစားခြင်းဖြစ်တယ်။

ယနေ့ တော်လှန်ရေးအတွက်ပူးပေါင်းဆောင်ရွက်ခြင်း
တော်လှန်ရေး ဘုံရည်မှန်းချက်တွေကြည့်ကြရင် လူမျိုးစုလွတ်မြောက်ရေးအခြေခံသော အင်အားစုများ၊ စစ်တပ်ပြုတ်ကျရေး အင်အားစုများ(Regime change)၊ စစ်သုံးစစ်အမြစ်ပြတ်ရေး (သို့) အာဏာရှင်စနစ်ဟူသမျှပြုတ်ကျရေး (System Change) အုပ်စု ခွဲခြားမြင်ကြည့်နိုင်ရမှာဖြစ်တယ်။ စစ်တပ်ပြုတ်ကျရေးအတွက် စု ရွေး လွှတ် အုပ်စုတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရသလို ဆန်ပေး ဆီရဖို့အတွက် လူမျိုးစုလွတ်မြောက်ရေးအုပ်စုတွေနဲ့ ပူးပေါင်းရတာမျိုးတွေဖြစ်တယ်။

ဒါတွေကို စဉ်းစားမယ်ဆိုရင် တော်လှန်ရေးမှာ ဘာတွေဆန့်ကျင်ကြမှာလည်းဆိုတဲ့ အခြေခံအကျဆုံးစဉ်းစားချက် (၅) ခုရှိရမှာဖြစ်တယ် (ဒါကတော့ ကျွန်တော်ရဲ့သီးသန့်အမြင်ပါ)။ ဖက်ဆစ်ဆန့်ကျင်ရေး၊ အရင်းရှင်စနစ်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒမှန်သမျှဆန့်ကျင်ရေး၊ အမျိုးသားကြီးစိုးမှုဆန့်ကျင်ရေး (ဖိုဝါဒ)၊ သဘာဝပတ်ဝန်းကျင်ဖျတ်ဆီးမှုကို ဆန့်ကျင်ရေး ဆိုပြီး စဉ်းစားရဖို့ဖြစ်တယ်။ ဒါတွေဟာ လက်ရှိတော်လှန်ရေးမှာ အဖွဲ့တိုင်းမတူညီနိုင်ပါဘူး။

ငါတို့ဘယ်ကို သွားမှာလဲ သူတို့ဘယ်ကိုသွားမှာလဲ ဆိုတဲ့ အခြေခံစဉ်းစားချက်ကို ကြည့်ပြီး ပေါင်းစပ်တဲ့အချိန် အတိုင်းအတာတစ်ခုထိ ရေတိုပေါင်းစပ်ပြီး (Tactical alliance) တည်ဆောက်ရမှာဖြစ်သလို ဘုံရည်မှန်းချက်တူညီသော စံတန်ဖိုးထားမှုတူညီသော သူများနဲ့လည်း (Strategic alliance) တည်ဆောက်ကြရဖို့ဖြစ်တယ်။ ဒီလိုပေါင်းစပ်တဲ့အခါမှာ လက်နက်ကိုင် အင်အားစု (Armed Revolution Organization ARO) အချင်းချင်းပဲမဟုတ်ပဲ နိုင်ငံရေးပါတီအင်အားစုများ (Political Party PP) အကြမ်းမဖက်လူထုလုပ်ရှားမှုအဖွဲ့များ (Non Violence Social Movenemt Organization SMO) နှင့် NGO (CSO, CBO) ( စကားချပ် – NGO တွေနဲ့ဘာဆိုင်လည်းမေးစရာရှိပါတယ် USAID ကိစ္စတွေ မှာ စားနပ်ရိက္ခာဖူလုံမှု ကိစ္စတွေမှာ CSO CBO အဖွဲ့တွေနဲ့ပူးပေါင်းရသလို နိုင်ငံရေးအတွေးခေါ်နဲ့empowerment ကိစ္စရပ်တွေမှာပူးပေါင်းဖို့ သတိထား ရဖို့က NGO အများစုကလူထုနဲ့ကင်းကွာကြတယ်) များနှင့်ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ ခက်ခဲတဲ့ နိုင်ငံရေး အကျပ်အတည်းကြားမှာ မတူညီမှုတွေကနေ ပူးပေါင်းဆောင်ရွက်ရတာဖြစ်တယ် (Ecumenical Movement – မတူကွဲပြားသောအမြင်ရှိသူများ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း) ဒါကိုပဲ ဒီမိုကရေစီကျင့်ဆိုးလို့ဆိုပါတယ်။ မတူကွဲပြားမှုတွေကြား အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ လစ်ဘရယ်ဒီမိုကရေစီရဲ့ အနှစ်သာရတွေထည်းက တစ်ခုဖြစ်သလို့ တနည်း ဗဟုဝါဒ (Pluralism) ဖြစ်ပါတယ်။

ဒီလိုပေါင်းစပ်တဲ့အခါမှာလည်း အထက်အောက် မကြည့်ပဲ ရေပြင်ညီကြည့်ပြီး တော်လှန်ရေးမှာ ပေါင်းစပ်ဆောင်ရွက်ရ ဖို့ဖြစ်ပါမယ်။ အဆုံးသတ်အနေနဲ့ ပြောရရင် ဒီတော်လှန်ရေးမှာ ကိုယ်ရဲ့ နိုင်ငံရေးရည်မှန်းချက်ပေါ် အခြေခံပြီး (နိုင်စီးလူ တရားမျှတမှု စံတန်ဖိုး) ဘယ်သူတွေနဲ့ ဘယ်ချိန်ထိပေါင်းလို့ရတယ်၊ သူတို့နိုင်ငံရေး ရည်မှန်းချက်က ဒါတွေဖြစ်တယ်၊ ငါတို့က ဘယ်ထိ သွားမဲ့သူတွေဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တတ်ရင် ရပ်တန့်သွားတဲ့ ကိစ္စရပ်တွေမှာ ပြုံးနေလိုက်ရုံပါပဲ။

တရားမျှတမှုအတွက် ကျွန်တော်ရဲ့ တိုက်ပွဲဟာရေရှည်တိုက်ပွဲဖြစ်ပါတယ်။ မနက်ဖြန်သဘက်ခါ ပြီးသွားမဲ့ စုရွေးလွှတ် မဟုတ်ဘူးဆိုတာ မြဲမြဲသိဖို့ လိုပါလိမ့်မယ်။ ကျေးလက်ကနေ မြို့ပြဆီသွားတဲ့ တစ်လှိုင်းပြီးတစ်လှိုင်းဟာ ပင်လယ်လှိုင်းလိုတော့ မဟုတ်ဘူးဆိုတာ သတိကပ်ဖို့လိုပါတယ်။

နေမွန် (သူပုန်ထတဲ့ယောဂီကြီး)

Photo Crd Internet

By admin

Leave a Reply

Your email address will not be published. Required fields are marked *