တော်လှန်ရေးကို အိပ်မက်မက်လို့တောင်မရဘူး။ယောင်ပြီး ပြောလို့တောင်မရဘူး။လက်ရှိစနစ်ကို ဆန့်ကျင်ဖက်တွေးပြီဆိုတာနဲ့၊မကျေမနပ်ဖြစ်ပြီဆိုတာနဲ့ ရာဇဝတ်မှုကျုးလွန်ရာရောက်တယ်။ဘာရာဇဝတ်မှုလဲဆိုတော့ အကိုကြီးတို့ကို စိတ်နဲ့ပြစ်မှားတဲ့ပြစ်မှု။ပြစ်မှုနောက်မှာ ပြစ်ဒဏ်တွေပါလာတယ်။ ချစ်ခြင်းမေတ္တာဝန်ကြီးဌာနကိုပို့ပြီး စနစ်တကျ ဦးနှောက်ဆေးပစ်တာဟာ ပြစ်ဒဏ်ပဲ။ချစ်ခြင်းမေတ္တာဝန်ကြီးဌာနရဲ့ ပေါ်လစီအရ နိုင်ငံတော်က လက်ခံထားတဲ့ တခုတည်းသော ချစ်ခြင်းမေတ္တာဟာ အကိုကြီးအပေါ်မှာထားရမယ့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်ရမယ်။အခြား ချစ်ခြင်းမေတ္တာဆိုတာကို နိုင်ငံတော်က လက်သင့်မခံဘူး။ စိတ်နှစ်ခွသမားတွေကို နှိပ်ကွပ်ပစ်တယ်။ဒီဟာလည်း အမှန်၊ဟိုဟာလည်း မမှားဘူးလို့ တွေးနေတဲ့ နှစ်ထပ်ကွမ်းအတွေးရှိနေသူတွေကို နိုင်ငံတော်က ဖိအားပေးပြီး ပြုပြင်ပြောင်းလဲပစ်တယ်။ ဒီနေရာမှာ ကျနော်တို့ထောက်ပြချင်တာ အတွေးနဲ့တင် အကိုကြီးကို မချစ်လို့မရဘူး၊ မုန်းလို့မရဘူး၊ဆိုလိုတာ အုပ်စိုးသူလူတန်းစားကို ဆန့်ကျင်လို့မရဘူး၊ကဏ္ဋကောစလုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်ကို ပေးနေတယ်။ ဗမာပြည်နိုင်ငံရေးမှာလည်း အကိုကြီးကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ရမယ်ဆိုတဲ့အုပ်စုက သက်သက်ကိုရှိတယ်။ဗိုလ်နေဝင်းခေတ်က မဆလပါတီဝင်အတော်များများ၊စစ်ဗိုလ်စစ်သား အတော်များများဟာ နေဝင်းရှေ့ရောက်ရင် အီးတောင်ကျယ်ကျယ်ပေါက်ရဲတဲ့သူတွေမဟုတ်ကြဘူး။နေဝင်းကို အိမ်က အဖေ အမေထက်ပိုပြီး ရိုသေလေးစားပြကြတယ်။
မနောကံဖြင့် ပြစ်မှားကျုးလွန်မိသည်ရှိသော်
———————————————–
ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ခေတ်ကြီးက ပြောင်းလဲတိုးတက်လာပြီး နည်းပညာတွေ ပိုပိုအဆင့်မြင့်လာတဲ့အခါ ကျနော်တို့ ဘာတွေ စိတ်ကူးနေသလဲဆိုတာကအစ AI က သိနိုင်လာမှာလားလို့ စိုးရိမ်စရာဖြစ်လာနေပါတယ်။ တခါတလေ ကျနော်တို့စိတ်ထဲမှာ အကင်ကောင်းကောင်းလေးရတဲ့ ဟော့ပေါ့ဆိုင်မှာ ထိုင်ရရင်ကောင်းမယ်လို့ တွေးမိနေတုန်းပဲရှိသေး ကျနော်တို့အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာမှာ ဟော့ပေါ့ဆိုင်နဲ့အကင်ဆိုင်ကြော်ငြာပေ့ချ်တွေ တက်လာမျိုးကို သတိထားမိမှာပါ။ လက်ရှိကိုယ်နေတဲ့အိမ်က ဌားရမ်းခကြီးမြင့်ပြီး အပိုင်မဟုတ်တဲ့အတွက် ဘဝမှာ အိမ်ပိုင်ယာပိုင်လေး လိုချင်တဲ့အကြောင်း ငြီးငြူမိရင်တောင် အိမ်ခြံမြေအရောင်းပို့စ်တွေ တက်လာတာမျိုးလေ။ ဒါကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်တွေလို့ ယူဆလို့မရပါဘူး။ကျနော်တို့သုံးစွဲတဲ့ မိုဘိုင်းဖုန်းတွေမှာ တပ်ဆင်ထားတဲ့ စပိုင်ဝဲလ်တွေကြောင့် ကျနော်တို့ဟာ နှစ်ဆယ့်လေးနာရီလုံး စောင့်ကြည့်ခံနေရတာပါ။ကျနော်တို့အိပ်နေပေမယ့် ဖုန်းထဲမှာ ဘက်ထရီရှိနေသရွေ့ အလုပ်က အဆက်မပြတ်လုပ်နေဦးမှာဖြစ်ပါတယ်။ ကျနော်တို့ အခု ဖုန်းတွေသုံးနေတာ လုံးဝမလုံခြုံပါဘူး။ဘာ ဆော့ဖ်ဝဲလ်ပဲသုံးသုံး ကျနော်တို့အချက်အလက်တွေ အားလုံးပေးထားရတာပါ။ကျနော်တို့ ကြိုက်နှစ်သက်မှုတွေကို AI ကသိပြီး ကျနော်တို့ စိတ်ကူးထဲမှာ အလိုချင်ဆုံးအရာတွေကို ကြိုတင်ခန့်မှန်းတွက်ချက်ပြပေးနိုင်နေပါပြီ။
လူတိုင်းကို အချိန် မိနစ် စက္ကန့်အလိုက် အမြဲစောင့်ကြည့်နိုင်တဲ့စနစ်တခု မိုဘိုင်းလ်ဖုန်းတွေမှာ တပ်ဆင်ထားတယ်လို့ ယူဆရပါတယ်။အရုပ်၊အသံကိုတော့ သေချာပေါက် စောင့်ကြည့်လို့ရပါတယ်။အတွေးအကြံ စိတ်ကူးအိပ်မက်တွေကိုရော စောင့်ကြည့်နိုင်တဲ့အဆင့်တခုကို ရောက်နေပြီလား။ ကျနော်တို့ ငယ်ငယ်ကတည်းက ဖတ်ဖူးကြားဖူးတဲ့ ဝတ္တုတပုဒ်ကို ဒီနေရာမှာ အမှတ်ရမိပါတယ်။ဂျော့ချ် အော်ဝဲလ်ရေးတဲ့ “1984” တထောင့်ကိုးရာ ရှစ်ဆယ့်လေး။ အော်ရှန်းနီးယားမဟာတိုင်းပြည်ကြီးကို ပါတီတခုက အုပ်ချုပ်နေတယ်။ဒီပါတီကို ဘာသာစကားအသစ်( Newspeak) အရ Ingsoc party (အင်းဂလစ်ရှ်ဆိုရှယ်လစ်ပါတီရဲ့ အတိုကောက်)လို့ခေါ်တယ်။ ဒီပါတီက လူတိုင်းကို စောင့်ကြည့်နေတာ။ပါတီခေါင်းဆောင်ဖြစ်တဲ့ အကိုကြီးက စောင့်ကြည့်နေတယ်ဆိုတဲ့ ပိုစတာတွေ နေရာအနှံ့မှာ ကပ်ထားတယ်။ Big Brother is watching you ( အကိုကြီးက မင်းတို့ကို စောင့်ကြည့်နေတယ်)ပေါ့ဗျာ။တကယ်တမ်းတော့ နေရာတကာမှာ အသံဖမ်းစက်တွေ၊တယ်လီစက်(အရုပ်ပါဖမ်းလို့ရတဲ့စက်)တွေတပ်ထားပြီး လူတွေ ဘာတွေလုပ်နေလဲဆိုတာ ကြိုသိအောင်လုပ်ယူကြတယ်။ပိုဆိုးတာက အစိုးရကို ဆန့်ကျင်မယ့် အတွေးရှိရင်ကို အတွေးပြစ်မှုလို့ သတ်မှတ်ပြီး အတွေးပုလိပ်တွေက ဖမ်းဆီးခေါ်ဆောင်တာကို ခံရမယ်။
တော်လှန်ရေးကို အိပ်မက်မက်လို့တောင်မရဘူး။ယောင်ပြီး ပြောလို့တောင်မရဘူး။လက်ရှိစနစ်ကို ဆန့်ကျင်ဖက်တွေးပြီဆိုတာနဲ့၊မကျေမနပ်ဖြစ်ပြီဆိုတာနဲ့ ရာဇဝတ်မှုကျုးလွန်ရာရောက်တယ်။ဘာရာဇဝတ်မှုလဲဆိုတော့ အကိုကြီးတို့ကို စိတ်နဲ့ပြစ်မှားတဲ့ပြစ်မှု။ပြစ်မှုနောက်မှာ ပြစ်ဒဏ်တွေပါလာတယ်။ ချစ်ခြင်းမေတ္တာဝန်ကြီးဌာနကိုပို့ပြီး စနစ်တကျ ဦးနှောက်ဆေးပစ်တာဟာ ပြစ်ဒဏ်ပဲ။ချစ်ခြင်းမေတ္တာဝန်ကြီးဌာနရဲ့ ပေါ်လစီအရ နိုင်ငံတော်က လက်ခံထားတဲ့ တခုတည်းသော ချစ်ခြင်းမေတ္တာဟာ အကိုကြီးအပေါ်မှာထားရမယ့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်ရမယ်။အခြား ချစ်ခြင်းမေတ္တာဆိုတာကို နိုင်ငံတော်က လက်သင့်မခံဘူး။ စိတ်နှစ်ခွသမားတွေကို နှိပ်ကွပ်ပစ်တယ်။ဒီဟာလည်း အမှန်၊ဟိုဟာလည်း မမှားဘူးလို့ တွေးနေတဲ့ နှစ်ထပ်ကွမ်းအတွေးရှိနေသူတွေကို နိုင်ငံတော်က ဖိအားပေးပြီး ပြုပြင်ပြောင်းလဲပစ်တယ်။ ဒီနေရာမှာ ကျနော်တို့ထောက်ပြချင်တာ အတွေးနဲ့တင် အကိုကြီးကို မချစ်လို့မရဘူး၊ မုန်းလို့မရဘူး၊ဆိုလိုတာ အုပ်စိုးသူလူတန်းစားကို ဆန့်ကျင်လို့မရဘူး၊ကဏ္ဋကောစလုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်ကို ပေးနေတယ်။ ဗမာပြည်နိုင်ငံရေးမှာလည်း အကိုကြီးကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ရမယ်ဆိုတဲ့အုပ်စုက သက်သက်ကိုရှိတယ်။ဗိုလ်နေဝင်းခေတ်က မဆလပါတီဝင်အတော်များများ၊စစ်ဗိုလ်စစ်သား အတော်များများဟာ နေဝင်းရှေ့ရောက်ရင် အီးတောင်ကျယ်ကျယ်ပေါက်ရဲတဲ့သူတွေမဟုတ်ကြဘူး။နေဝင်းကို အိမ်က အဖေ အမေထက်ပိုပြီး ရိုသေလေးစားပြကြတယ်။
ဗိုလ်နေဝင်းနောက်မှာ သန်းရွှေ၊ခင်ညွှန့်တို့ကလည်း အဲ့ဒီအထာဖမ်းနေတာပဲ။ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ အာဏာရှင်စနစ်ပေါင်းဖက်လိုက်ရင် လူတဦးချင်းစီရဲ့ အလွန်အကျွံသစ္စာရှိမှုကို တောင်းဆိုပြီး ပြည်သူတွေကို တုတ်တုတ်မှ မလှုပ်ရဲတဲ့ဘဝရောက်အောင် ဖန်တီးတော့တာပဲဆိုတာကို ကျနော်တို့ သတိချပ်ရမယ်။ ဒီမိုကရေစီဘက်တော်သားလို့ ခံယူထားသူတွေကြားမှာလည်း အဖေကြီးကိုးကွယ်မှု၊အမေကြီးကိုးကွယ်မှု၊အကိုကြီးကိုးကွယ်မှု၊အမကြီးကိုးကွယ်မှုတွေ ဒင်းကြမ်းပြည့်နှက်နေဆဲပါ။ တော်လှန်ရေးအောင်ပြီး ကျနော်တို့ဘက်က အာဏာရလာတဲ့အခါကျရင် အကိုကြီး၊အမကြီးတွေကို စိတ်နဲ့တောင်မပြစ်မှားနဲ့ဆိုတာမျိုးတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်။ အခုကတည်းက ချစ်ခြင်းမေတ္တာဝန်ကြီးဌာနကို ကြိုတင်ဖွဲ့စည်းထားချင်တဲ့အုပ်စုကလည်း ရှိနေတာကို တွေ့ရပါတယ်။ NUG အစိုးရကို ဝေဖန်ဆန်းစစ်တဲ့အတွေးတွေကို ပြစ်မှုအဖြစ် မသတ်မှတ်သေးတာပဲ တော်တော့တယ်။ အစိုးရတရပ်ရဲ့ အမှားကို အမှန်အဖြစ်လက်ခံခိုင်းတဲ့ သီအိုရီ ( ၂+၂=၅)ဆိုတာကို မဖြစ်မနေ မလွှဲသာမရှောင်သာ လက်ခံလိုက်နာရမယ့် နေ့တနေ့ကို မဆိုက်ရောက်လာပါစေနဲ့လို့သာ မျှော်လင့်ရင်း…..။
ကျော်ကိုကို