ဒါကြောင့် တော်လှန်စစ်ရဲ့အဟန့်အတားတွေဖြစ်တဲ့ “ရပ်တည်ရေးသက်သက်အမြင်”နဲ့ သူကတဆင့်ပေါက်ဖွားလာတဲ့ “ဒေသန္တရစစ်ဘုရင်ဝါဒ”ကိုပါ တိုက်သွားရမှာဖြစ်တယ်။ ရန်သူ့ဘက်က အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် ဆွေးနွေးပွဲ၊အတုအယောင် ဒီမိုကရေစီ၊အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေလုပ်ချိန်မှာ ရန်သူနဲ့စေ့စပ်မယ်ဆိုတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်ဆိုသူများဟာ လူတန်းစားဇာစ်မြစ်အရ သန္ဓေမမှန်တဲ့သူတွေပဲလို့ ဆိုရပါလိမ့်မယ်။ လူတွင်ပါလို့ နွားကျားကိုက်တဲ့သဘောမျိုး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာ ခြေထောက်မမြဲတဲ့ ခေါင်းဆောင်ဆိုသူများဟာ ဖောက်ပြန်ဖို့ လွယ်ကူကြပါတယ်။ ဒါကြောင့် အယူအဆအမှားတွေကို ရှင်းပစ်ပြီး စစ်အနိုင်တိုက်ရေးအတွက် တော်လှန်တဲ့တပ်မတော်ကို အခိုင်အမာတည်ဆောက်ကြဖို့ လိုပါတယ်။ရေရှည်မှာ ဘယ်သူတွေက တော်လှန်တဲ့တပ်မတော်ဖြစ်ပြီး ဘယ်သူတွေက လက်နက်ချတဲ့သူတွေဖြစ်လာမလဲဆိုတာ သိပ်အကြာကြီး စောင့်ကြည့်စရာမလိုတော့ပါဘူး။ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတော့မယ်။ ရန်သူ့အောက်ကို ခေါင်းလျှိုမဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်သလို စစ်ရေးထိုးနှက်ချက်တွေကို အထောက်အကူဖြစ်စေတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတွေလည်း လိုအပ်ကြောင်း သခင်သန်းထွန်းက ဆွေးနွေးထားပါတယ်။
လက်နက်ချငြိမ်းချမ်းရေး အန္တရာယ်
——————————————-
ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒီရက်ပိုင်းမှာ ဗိုလ်နဂါးပြောတယ်ဆိုတဲ့ ဗွီဒီယိုဖိုင် တခုပြန့်နှံ့လာပါတယ်။ ဒီဖိုင်ထဲမှာ ပြောထားတာကတော့ “ဒီ မေတ္တာဆန်တဲ့စကားကို ပြောကြမယ်ဆိုရင် ကျနော်တို့ လက်နက်တွေချရမယ်”ဆိုတာနဲ့ စဖွင့်ထားပါတယ်။ ဆက်ပြီး လက်နက်ကိုင်တယ်ဆိုတာတော့ တိုင်းပြည်ရဲ့ စီးပွားရေးတွေ၊လူနေမှုအဆောက်အအုံတွေ၊လူသားအရင်းအမြစ်တွေကို ထိခိုက်ပျက်စီးစေတဲ့နည်းလို့ ဆိုထားပါတယ်။ဒီနည်းလမ်းကို အခြားရွေးချယ်စရာမရှိလို့ လုပ်နေရတာလို့ ဆက်ပြောပါတယ်။ ဒီအကျပ်အတည်းတွေက တိုင်းပြည်နဲ့လူထုဆီကို ဦးတည်နေတယ်။ဒါကို ငါတို့ပြင်မှရမယ်ဆိုတဲ့ နောင်တမျိုးနဲ့ ကျနော်တို့ပြင်မှရမယ်။ကျနော်တို့ ကျုးလွန်ခဲ့တဲ့ အပြစ်ဒဏ်တွေကိုလည်း ကျနော်တို့ခံယူမယ်။အဲ့လိုဆိုရင် ဖြစ်နိုင်ချေရှိတယ် စသဖြင့် ဗိုလ်နဂါးပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တခု ပြန့်နှံ့နေတာဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ကို စတင်ဖြန့်ဖြူးခဲ့တာကတော့ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Waves Media- TW ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာတခုကပဲဖြစ်နေတာကို တွေ့ရပါတယ်။ဗွီဒီယိုရဲ့ ခြေရာလက်ရာကို ကြည့်ရတာဟာ အဆင့်မြင့်နည်းပညာနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ရုပ်သံအတုဖန်တီးမှုတရပ်ဖြစ်နိုင်ခြေ အလားအလာများပါတယ်။ ဗိုလ်နဂါးကိုယ်တိုင်လည်း ဒါဟာ ဖြတ်ညှပ်ကပ် ဗွီဒီယိုတခုဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
လူထုအကျိုးစီးပွားအတွက် တော်လှန်ရေးလုပ်ခဲ့တာဖြစ်လို့ နိုင်ငံနဲ့ပြည်သူလူထုအကျိုးစီးပွားမပါရင် ဘယ်လမ်းကိုမှ လျှောက်မှာမဟုတ်ဘူးလို့ ဗိုလ်နဂါးက ပြန်ဖြေရှင်းခဲ့ပါတယ်။ ဒီဗွီဒီယိုက အတုဖြစ်ပြီး ဗိုလ်နဂါးတကယ်မပြောခဲ့ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဗွီဒီယိုထဲမှာ ပြောထားတဲ့ စကားလုံးတွေ၊အယူအဆတွေကတော့ မင်းအောင်လှိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတဲ့အချိန်နဲ့ အချိန်ကိုက် ဝါဒဖြန့်ချီတဲ့ စကားလုံးတွေ၊အယူအဆတွေဖြစ်နေတာကို တွေ့ရပါတယ်။စစ်အုပ်စုအဆက်ဆက်ကတော့ တိုင်းပြည်မှာ စစ်ရေးအကျပ်အတည်းဆိုက်လာတိုင်း ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့နည်းနဲ့ စစ်ရေးကို အရှိန်လျှော့ဖို့ ကြိုးစားလေ့ရှိကြပါတယ်။
ကျနော်တို့တော်လှန်တဲ့အင်အားစုဘက်ကလည်း စစ်ရပ်စဲရေးအတွေးအခေါ်၊တော်လှန်စစ်ကို ဆန့်ကျင်တဲ့အတွေးအခေါ်၊တော်လှန်စစ်ကို ဖျက်သိမ်းချင်တဲ့ အတွေးအခေါ်တွေ ပေါ်ပေါက်လာတတ်တာကို ပြည်တွင်းစစ်အနှစ်(၇၀) ကျော် သမိုင်းမှာ အကြိမ်ကြိမ်တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေတွေကို လေ့လာကြည့်ဖို့အတွက် သခင်သန်းထွန်းပို့ချခဲ့တဲ့ ပထမပတ် ဗဟိုမာ့က်စ်လီနင်ဝါဒသင်တန်းကျောင်း စစ်ရေးဘာသာရပ်ဟောပြောချက်အမှတ် (၂)ကို ပြန်ဖတ်ကြည့်မိပါတယ်။ တော်လှန်သောစစ်အတွေးအခေါ်များထွန်းကားရေး ခေါင်းစဥ်နဲ့ ယင်းဟောပြောပို့ချချက်ထဲမှာ ပါတီတွင်း တော်လှန်စစ်ကို ဆန့်ကျင်ဖျက်သိမ်းချင်တဲ့အတွေးအခေါ်တွေကို တိုက်ဖျက်ပစ်ရေးဟာ ဒီကနေ့ အရေးအကြီးဆုံးအလုပ်လို့ သခင်သန်းထွန်းက ပြောခဲ့ဖူးပါတယ်။ ၁၉၅၁ ငြိမ်းချမ်းရေးညွှန့်ပေါင်းအစိုးရလမ်းစဥ် (စစ်ရေးချို)နဲ့ ၁၉၅၅ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဥ်တွေ ချမှတ်အပြီး ပါတီတွင်းပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းရေးစိတ်ကူးယဥ်မှုတွေ၊လက်နက်အပ်ရေး၊မိမိဖာသာ အပစ်အခတ်ရပ်စဲရေး (တဖက်သတ် အပစ်ရပ်ရေး) ချုပ်လိုက်ရင် လက်နက်ကိုင်တော်လှန်ရေးကို အကြီးအကျယ်ဆုတ်ယုတ်စေခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ တော်လှန်စစ်ရဲ့ ရည်ရွယ်ချက်ဟာ စစ်အနိုင်တိုက်ရေး အာဏာသိမ်းရေးပဲဖြစ်တယ်။နိုင်ငံရေးအရပြောရင် အာဏာသိမ်းရေး၊ စစ်ရေးအရပြောရင် စစ်နိုင်ရေးပဲဖြစ်တယ်။ဒါဟာ စစ်အတွင်းနိုင်ငံရေးလမ်းကြောင်းပဲဖြစ်တယ်။ နောက်တချက်က “ရပ်တည်ရေးသက်သက်အမြင်”တနည်းအားဖြင့် ခံစစ်သေအမြင်ကို သခင်သန်းထွန်းက ဝေဖန်ထားပါတယ်။ဒီကနေ့ အညာဒေသ တချို့တပ်တွေလုပ်သလို လက်နက်ကိုင်ထားပြီး စစ်မတိုက်ဘဲ ရပ်တည်ရေးသက်သက်အတွက်လုပ်နေခြင်းဟာ ကြာလာတော့ ဒေသန္တရစစ်ဘုရင်ဝါဒကို ပေါ်ပေါက်လာစေတာကို ကျနော်တို့လည်း မြင်ပြီး တွေ့ပြီးသားဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်စစ်ရဲ့အဟန့်အတားတွေဖြစ်တဲ့ “ရပ်တည်ရေးသက်သက်အမြင်”နဲ့ သူကတဆင့်ပေါက်ဖွားလာတဲ့ “ဒေသန္တရစစ်ဘုရင်ဝါဒ”ကိုပါ တိုက်သွားရမှာဖြစ်တယ်။ ရန်သူ့ဘက်က အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် ဆွေးနွေးပွဲ၊အတုအယောင် ဒီမိုကရေစီ၊အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေလုပ်ချိန်မှာ ရန်သူနဲ့စေ့စပ်မယ်ဆိုတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်ဆိုသူများဟာ လူတန်းစားဇာစ်မြစ်အရ သန္ဓေမမှန်တဲ့သူတွေပဲလို့ ဆိုရပါလိမ့်မယ်။ လူတွင်ပါလို့ နွားကျားကိုက်တဲ့သဘောမျိုး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာ ခြေထောက်မမြဲတဲ့ ခေါင်းဆောင်ဆိုသူများဟာ ဖောက်ပြန်ဖို့ လွယ်ကူကြပါတယ်။ ဒါကြောင့် အယူအဆအမှားတွေကို ရှင်းပစ်ပြီး စစ်အနိုင်တိုက်ရေးအတွက် တော်လှန်တဲ့တပ်မတော်ကို အခိုင်အမာတည်ဆောက်ကြဖို့ လိုပါတယ်။ရေရှည်မှာ ဘယ်သူတွေက တော်လှန်တဲ့တပ်မတော်ဖြစ်ပြီး ဘယ်သူတွေက လက်နက်ချတဲ့သူတွေဖြစ်လာမလဲဆိုတာ သိပ်အကြာကြီး စောင့်ကြည့်စရာမလိုတော့ပါဘူး။ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတော့မယ်။ ရန်သူ့အောက်ကို ခေါင်းလျှိုမဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်သလို စစ်ရေးထိုးနှက်ချက်တွေကို အထောက်အကူဖြစ်စေတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတွေလည်း လိုအပ်ကြောင်း သခင်သန်းထွန်းက ဆွေးနွေးထားပါတယ်။
၁၉၆၄ ဗဟိုကော်မတီက
(၁) အာဏာသိမ်းရေးကို ဦးတည်တဲ့ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲရေး
(၂) ငြိမ်းချမ်းရေးအခွင့်အလမ်းပေါ်က ငြိမ်းချမ်းရေးလှုပ်ရှားမှု
(၃) ငြိမ်းချမ်းရေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အာဏာသိမ်းရေးကို ဦးတည်သွားရေး
ဆိုတဲ့ ပေါ်လစီသုံးရပ်ကို ချမှတ်ခဲ့ပါတယ်။
ဒီကနေ့ အခင်းအကျင်းနဲ့ ဆီလျော်အောင် အထက်ပါ ပေါ်လစီသုံးရပ်ကို သုံးသပ်ရရင်
– စစ်တိုက်ရေး
– စစ်ပြင်ရေး
– စစ်ပြန်တိုက်ရေးတို့ပဲလို့ ကျနော်နားလည်ပါတယ်။
တိုက်ပွဲ-ငြိမ်းချမ်းရေး-တိုက်ပွဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမှာဖြစ်သလို ရေရှည်ငြိမ်းချမ်းရေးရှိဖို့ စစ်ကို စစ်နဲ့ပဲ အမြစ်ဖြတ်ဖြေရှင်းရမှာလို့ ပြောချင်ပါတယ်။ စစ်ရေးမချိုသလို နိုင်ငံရေးလည်းမလိုမှသာ ကျနော်တို့တော်လှန်စစ်ရဲ့ အင်အားစုတွေ တိုးပွားအားကောင်းလာပြီး ဆန့်ကျင်ဖက်အားဖြင့် ရန်သူ့ရဲ့ ဖောက်ပြန်ရေးအင်အားစုတွေဟာ လျှော့ကျပျက်ဆီးသွားမှာဖြစ်တယ်။ ဒီအချိန်မှာ ရန်သူ့ရဲ့လှည့်စားမှု အတုအယောင် ကမ်းလှမ်းမှုတွေကိုသာ လက်ခံလိုက်ရင် တော်လှန်စစ်ရဲ့အရှိန်ရပ်တန့်ကျဆင်းသွားပြီး တော်လှန်ရေးအင်အားစုတွေဟာလည်း အပိုင်းပိုင်း အစိတ်စိတ်နဲ့ တစစီ ပြန်ကျဲသထက် ပြန့်ကျဲသွားမှာဖြစ်ပါတယ်။ ဆိုတော့ တော်လှန်စစ်ကို မရပ်ရေးပဲဖြစ်တယ်။ တော်လှန်တဲ့အင်အားစုကို အဆက်မပြတ်စုစည်းရေးပဲဖြစ်တယ်။အတုအယောင် ငြိမ်းချမ်းရေးကို ဖွင့်ချတိုက်ခိုက်ရေးပဲဖြစ်တယ်။အဆုံးသတ်မှာ လက်နက်ချအတွေးအခေါ်တွေကို အမြစ်အငုတ်ပါမကျန် ဖျက်သိမ်းရေးဖြစ်ပါတယ်။
ကျော်ကိုကို
သြဂတ်စ် ၁၆၊ ၂၀၂၅