ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ နိုင်ငံရေးအင်အားစုတွေထဲက တခုသာလျှင်ဖြစ်တယ်လို့ ဦးစွာပထမ ပြောရပါလိမ့်မယ်။ ၂၀၂၁ စစ်တပ်ကသာ အာဏာမသိမ်းရင် အဆိုပါအစိုးရအဖွဲ့ဝင်အများစုဟာ စစ်အုပ်စုနဲ့အတူ နေပြည်တော်မှာ အစိုးရဖြစ်နေဦးမယ့်လူတွေဖြစ်ကြပါတယ်။ဆိုလိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားတဲ့ ရွေးကောက်ပွဲဝင်ပါတီများက အမတ်တွေဆက်ဖြစ်နေကြမယ့်လူတွေပဲလို့ တိတိကျကျပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အခါ စစ်အုပ်စုကို တော်လှန်ကြဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေ၊ နိုင်ငံရေးအင်အားစုတွေအားလုံးနီးပါး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။လမ်းပေါ်မှာ အသက်တွေပေးသွားကြရပါတယ်။နောက်ဆုံးတော့ လက်နက်ကို လက်နက်နဲ့တုံ့ပြန်တာ တရားတယ်ဆိုတဲ့ အယူအဆကိုကိုင်ပြီး တောခိုကြပါတယ်။ တောထဲရောက်တဲ့အချိန်မှာ လူမျိုးစုတော်လှန်ရေးတပ်တွေ ( EROs) တွေဆီမှာ စစ်သင်တန်းတက်ကြပါတယ်။
လက်နက် ရအောင် ရှာကြရပါတယ်။တပ်သားတွေစုဖွဲ့ပြီး တပ် တည်ဆောက်တဲ့အခါမှာ မိမိတို့ကိုယ်တိုင် အလှူခံပြီး တပ်ကိုကျွေးတာတွေ၊လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းတာတွေ လုပ်ကြရပါတယ်။ တောထဲတောင်ထဲမှာ လူငယ်တွေ အပင်ပန်းခံ စစ်ပညာသင်ယူပြီး တပ်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ NUG အစိုးရကို ဖွဲ့တာဖြစ်ပါတယ်။ဒီလိုဖွဲ့လို့လည်း တောထဲက လူငယ်တွေက အပြစ်မတင်ပါဘူး။နိုင်ငံရေးအင်အားစုတွေကလည်း မငြိုငြင်ပါဘူး။ အစိုးရအဖွဲ့ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှု၊စစ်ရေးခေါင်းဆောင်မှုတွေကို NUG က ယူခဲ့ပါတယ်။သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အောက်ကို နဂိုစုဖွဲ့ပြီးသားတပ်တွေအတော်များများ လွှဲပြောင်းရယူခဲ့ပါတယ် ဒီနေရာမှာစပြီး သူတို့ရဲ့စဥ်းစားချက်ကို သေသေချာချာသုံးသပ်ဖို့လိုအပ်လာပါပြီ။
(၁) ငါတို့သည် အစိုးရဖြစ်သည်။
(၂) ငါတို့မှာ တရားဝင်မှုရှိသည်။
(၃) ငါတို့ကိုသာလျှင် နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်။
(၄) လက်နက်ကိုင်တပ်မှန်သမျှ ငါတို့၏ COC အောက်တွင်တည်ရှိရမည်။
(၅) ငါတို့အစိုးရကို အသိအမှတ်မပြုပါက ငါတို့ကလည်း အပြန်အလှန်အသိအမှတ်မပြုရန် စဥ်းစားထားသည်။
အထက်ပါစဥ်းစားချက်ငါးချက်ကို သူတို့တကယ်လက်တွေ့ကို လုပ်ဆောင်နေတယ်ဆိုတာ အမှန်ပါပဲလို့ ကျနော် သုံးသပ်မိတယ်။
ဘာကြောင့်လဲဆိုရင် NUG/MOD အောက်က မဟုတ်တဲ့တပ်တွေကို မထောက်ပံ့ဖို့ လော်ဘီလုပ်တာတွေ အများကြီးတွေ့ရပါတယ်။ NUG/ MOD အောက်မဝင်တဲ့ တပ်တွေကို မြေပြင်မှာ ကန့်သတ်ပြီး အွန်လိုင်းပေါ်က တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဥပမာပေးပြောရရင် အများကြီးပါ။ ကိုဇေယျာလွင်တို့ရဲ့ 96 soldiers တို့၊ ကိုဆောင်းခရဲ့ BPLA တို့၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်ဖြစ်တဲ့ PLA တို့အပါအဝင် တကယ်ဖိနှိပ်ခံခဲ့ရတဲ့တပ်တွေ အများကြီးရှိပါတယ်။ မိမိတို့သည် အစိုးရ၊အစိုးရသည်သာ တရားဝင်လို့ ကြွေးကြော်တဲ့ကြွေးကြော်သံနောက်မှာ စကားနောက် တရားပါပြီး ကျန်တဲ့သူတွေက အလိုလို တရားမဝင်သလို ပြောဆိုဆက်ဆံလာတာဟာ ပြဿနာတရပ်ဖြစ်လာပါတယ်။ တော်လှန်ရေးအားအင်တွေကို ပိုမိုစုစည်းရမယ့်အစား ပိုမိုကွဲပြားလာစေခဲ့ပါတယ်။တော်လှန်ရေးသမားအချင်းချင်း ရေပက်မဝင်ညီညွတ်ရေးအစား ဝါးအစည်းပြေစေတဲ့ အကွဲအဟမျိုးကို ဖန်တီးတွန်းအားပေးနေခဲ့တာဖြစ်လာပါတယ်။ အမှန်တော့ MOD ရဲ့ လက်အောက်ခံတပ်လို့ခေါ်တဲ့တပ်တွေအပေါ်မှာလည်း ထင်သလောက် ထိထိရောက်ရောက် မစီမံ မခန့်ခွဲနိုင်တာကို မြင်ရပါတယ်။တချို့တပ်တွေက MOD အောက် အပြည့်အဝမရောက်လာပါဘူး။
တပ်ရင်းတရင်းကို MOD အောက်မှာ စာရင်းပေးထားပြီး ကျန်တပ်ရင်းအင်အားတချို့ ထုတ်နုတ်ပြီး အခြားနာမည်တခုနဲ့ လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။ဘာကြောင့်လဲဆိုရင် ပျောက်ကြားတပ်နာမည်နဲ့ ကမ်ပိန်းတွေလုပ်၊အလှုငွေရှာပြီးမှ ကိုယ့်တပ်ကို ထောက်လို့ရမယ်၊လက်နက်ဝယ်လို့ရမယ်လို့ သူတို့တွေက စဥ်းစားထားလို့ပဲဖြစ်တယ်။ အပြည့်အဝ မထောက်ပံ့နိုင်ရင် အပြည့်အဝ အမိန့်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောရမှာပါပဲ။ ဒီကနေ့ တပ်အတော်များများဟာ ကိုယ့်ဘဏ္ဍာကိုယ်ရှာပြီး ရပ်တည်နေရတာဖြစ်တယ်။ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးမှုလုံးဝမရှိတာမဟုတ်ပေမယ့် တပ်ရင်းတရင်းလုံး၊ ဗျုဟာတခုလုံး၊စစ်ကြောင်းတကြောင်းလုံးစာကိုတော့ အလုံအလောက် မပံပိုးနိုင်တာတော့အမှန်ပါပဲ။ တော်လှန်ရေးကတော့ MOD ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ဆက်ပြီးရှိနေဦးမှာပဲဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။အရင်ကတည်းက တည်ရှိလာတဲ့ EROs တွေနဲ့ ABSDF တို့လို တော်လှန်ရေးတပ်တွေတောင်မှ အနှစ်သုံးဆယ်ထက်မနည်း တောင့်ခံပြီး ဖြတ်သန်းလာကြတာဖြစ်လို့ ဒီလိုသုံးသပ်ရတာပါ။ ပြီးတော့တော်လှန်ရေးဆိုတာ “ဖိလို့ကြွလာတာ၊ ထိလို့ပြန်ချတာ”ဖြစ်လို့ အစိုးရဖွဲ့ဖွဲ့ မဖွဲ့ဖွဲ့ တော်လှန်ရေးတပ်တွေကတော့ ရှိကိုရှိနေမှာပါပဲ။ ပြဿနာက အစိုးရဆိုပြီး အစိုးရလို စ စဥ်းစားလိုက်တာဟာ ပြဿနာပဲ။တခါတလေ တော်လှန်ရေးကို တော်လှန်ရေးလို စဥ်းစားတာက ပိုလက်တွေ့ကျတယ်။တော်လှန်ရေးလို စဥ်းစားတယ်ဆိုတာ စစ်အာဏာရှင်စနစ်ကို တိုက်ဖို့အတွက် အားလုံးစုစည်းကြဖို့ပြောလိုတာပါ။
ဖဒိုမန်းရှာလာဖန်းက သူပုန်ဖြစ်ရတာကို ဂုဏ်ယူတယ်လို့ပြောဖူးတယ်။ဒေါက်တာညိုထွန်းအောင်က သူ့ကလောင်နာမည်ကို သူပုန်ဖြူလို့ ခံယူတယ်။ရဲဘော်ဟန်နီနွေဦးကလည်း သူပုန်ဖြစ်တဲ့သူမှသာ လက်တွဲလို့ရမယ်လို့ ပြောတယ်။ NUG ကတော့ ကိုယ့်ကိုယ်ကို သူပုန်လို့မခံယူနိုင်ဘူး၊ ငါတို့က အစိုးရကနေ တပြားမှ လျှော့ပေးလို့မရဘူးလို့ တစိုက်မတ်မတ်ပြောလာတယ်။ အဲ့ဒီအစိုးရဆိုတဲ့ ပုံသဏ္ဍာန်ကို အသေဆုပ်ကိုင်ဖက်တွယ်ထားခြင်းဟာ တော်လှန်တဲ့လက်နက်ကိုင်အင်အားစု(တနည်းအားဖြင့် သူပုန်)ဆိုတဲ့ အဓိကအနှစ်သာရရဲ့ အရေးပါမှုကို ပျောက်ဆုံးသွားစေခဲ့တာပဲဖြစ်တယ်။ တော်လှန်ရေးဟာ အဟောင်းကိုဖြိုပြီး အသစ်နဲ့အစားထိုးရတာဖြစ်တယ်။အဟောင်းကိုဖြိုရင်း အသစ်ကို တပြိုင်တည်းတည်ဆောက်ရတာဖြစ်တယ်။ NUG ဟာ တော်လှန်ရေးသဘောတရားနဲ့ချိန်ဆရင် အလွဲကြီးလွဲနေတဲ့ တချက်ရှိတယ်။ဒါဟာ ဘာလဲဆိုရင် စစ်ကောင်စီယန္တရားအဟောင်းကို မဖြိုရသေးဘဲ နောက်ထပ်အစိုးရယန္တရားအသစ်ကို မဆိုင်းမတွ တည်ဆောက်လိုက်တဲ့ အလွဲအမှားပဲ။ အာဏာနှစ်ခု တပြိုင်နက်တည်းတည်ဆောက်တယ်ဆိုတာ စစ်မှန်တဲ့သဘောတရားအရ မဖြစ်နိုင်ဘူး။အာဏာဟောင်းကို ကုန်စင်အောင် ဖျက်ပြီးတဲ့နေရာမှာ အာဏာသစ်ကို ချက်ချင်းအစားထိုးရမယ်။ဒါပေမယ့် တစိတ်တဒေသ အာဏာဟောင်းကို တစိတ်တဒေသအာဏာသစ်နဲ့ အစားထိုးနိုင်ရုံနဲ့ တော်လှန်ရေးမပြီးသွားဘူး။ဥပမာ ကိုးကန့်ကတ်ပြား၊တအာင်းကတ်ပြားကိုင်ထားရင် ကိုးကန့်နယ်၊ တအာင်းနယ်မှာ အေးဆေးဖြစ်ပေမယ့် ရန်ကုန်၊မန်းလေး ရန်သူ့စိုးမိုးခွင်မှာ သွားသုံးလို့မရသလိုပေါ့။
ကျနော်တို့ဟာ တစုံလုံးအာဏာဟောင်းကို ဖြိုပြီး တစုံလုံးအာဏာသစ်နဲ့အစားထိုးနိုင်မှသာ တော်လှန်ရေးပြီးမြောက်မှာဖြစ်တယ်။ NUG သည် တစုံလုံးအာဏာ( ကျနော့်ဆရာ စကားနဲ့ပြောရရင် ဗဟိုအာဏာ)ကို စိန်ခေါ်နေတဲ့အဖွဲ့အစည်းလို့ ကိုယ့်ကိုယ်ကို ခံယူထားရင် ကျန်တာ ဘာမှမစဥ်းစားပဲ တစုံလုံးအာဏာကိုဖြိုချပစ်နိုင်တဲ့ တော်လှန်ရေးအခင်းအကျင်းမျိုးကိုပဲ ဖန်တီးနေရမှာဖြစ်တယ်။ NUG က ဗမာပြည်နယ်ရဲ့အစိုးရပဲလုပ်သင့်တယ်ဆိုတဲ့အယူအဆကို ကျနော် လက်သင့်မခံပါဘူး။ဒါပေမယ့် အခု NUG လုပ်နေတဲ့ပုံစံကလည်း တစုံလုံးအာဏာဟောင်းကို ဖြိုချပစ်နိုင်တဲ့အနေအထားမှာလည်း မရှိနေသေးဘူးလို့ ယူဆပါတယ်။ NUG ဟာ သူတို့ကို ပြည်နယ်အာဏာ ( တစိတ်တဒေသအဆင့်) လျှော့ချပြောဆိုဆက်ဆံတာကို မကြိုက်တာအမှန်ပဲ။ကိုနေဘုန်းလတ်ဆိုတဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တဦးပြောဆိုချက်တွေကို နားထောင်ကြည့်ရင် သူတို့ ဆတ်ဆတ်ထိမခံတာကို တွေ့ရပါတယ်။ အမှန်ဆို တစိတ်တဒေသ အစိုးရမဟုတ်ကြောင်း သက်သေပြဖို့ရာ သူတို့လုပ်ရမှာ အခြားမဟုတ်ပါဘူး။တပြည်လုံးအာဏာ သို့တည်းမဟုတ် ဗဟိုအာဏာ သို့တည်းမဟုတ် တစုံလုံးအာဏာကို ဘယ်လိုဖြိုပြီး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ မဟာဗျုဟာကိုပဲ သေသေချာချာ ရှာဖွေချမှတ်ရမှာပါ။ ကိုယ့်ကိုယ်ကို အစိုးရ အစိုးရ တဖွဖွအော်နေရုံနဲ့ တကယ့်အစိုးရဖြစ်မလာပါဘူးခင်ဗျား။
ကျော်ကိုကို
သြဂတ်စ် ၁၇၊ ၂၀၂၅