ကမ္ဘောဒီးယား အလုပ်သမားတွေထွက်ခွာခဲ့ပြီးနောက်ပိုင်းမြန်မာဒုက္ခသည် ၄၂,၀၀၀ ကို ထိုင်းနိုင်ငံက မျက်စိကျနေ

ဩဂုတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကမ္ဘောဒီးယားအလုပ်သမားတွေအစုလိုက်အပြုံလိုက်ထွက်ခွာသွားကြပြီးနောက်ထိုင်းနိုင်ငံဟာ စခန်းကိုးခုကမြန်မာ ဒုက္ခသည် ၄၂,၀၀၀ ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့စဉ်းစားနေတယ်လို့ ထိုင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဆွမ်ချိုင်း မိုရာကော့ဆရီဝမ်က ပြောတယ်လို့ Khaosod သတင်းကသြဂုတ် ၂၅ ရက်မှာဖော်ပြပါတယ်။ အလုပ်သမားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်သား ၂၅,၀၀၀ ကနေ ၃၀,၀၀၀ အကြား လိုအပ်ချက်ကို ခန့်မှန်းထားပေမယ့်လည်း အလုပ်ရှင်တွေနဲ့ ဆွေးနွေးမှုတွေ၊ ကဏ္ဍများစွာမှာပိုမိုကျယ်ပြန့်တဲ့အလုပ်သမားလိုအပ်ချက်တွေကို ထုတ်ဖော်ပြသထားပါတယ်။ အလုပ်သမား ဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေနဲ့ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒုက္ခသည်တွေကအတွက် အလုပ်အကိုင် အဆိုပြုချက်ကို သြဂုတ်လ ၂၆ ရက်နေ့မှာ အစိုးရအဖွဲ့က ပြန်လည် သုံးသပ်မှာဖြစ်ပါတယ်။ မြန်မာဒုက္ခသည်တွေ အလုပ်အကိုင်အပြင် ထိုင်းနိုင်ငံဟာသီရိလင်္ကာအလုပ်သမားတွေကို ခေါ်ယူဖို့အတည်ပြုထားပေမယ့်လည်း အခုလုပ်ငန်းစဉ်ဟာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လိုအပ်ပြီး အလုပ်သမားအသစ်တွေဟာ ထိုင်းဥပဒေ၊ ဘာသာစကားနဲ့ယဉ်ကျေးမှုကို လေ့လာရမှာဖြစ်တာကြောင့် အချိန်အတော်ကြာမှာဖြစ်ပါတယ်။ တရားရေးဝန်ကြီး ရဲမှူးကြီး Tawee Sodsong က မြင့်မားတဲ့အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အစမ်းခန့်နဲ့ တည့်မတ်ရေး ကြီးကြပ်မှုအောက်မှာ ယာယီ အလုပ်ခန့်ထားဖို်အဆိုပြုထားပါတယ်။ အလုပ်သမား ဝန်ကြီးဌာနာတရားရေး ဝန်ကြီးဌာနနဲ့ဆက်လက် ဆွေးနွေးနေပါတယ်။


နောက်ထပ်အဆိုပြုချက်တစ်ခုကတော့ ရာသီအလိုက် လုပ်သားလိုအပ်မှုအမြင့်ဆုံးကာလ အထူးသဖြင့် နိုဝင်ဘာလရဲ့ စိုက်ပျိုးရိတ်သိမ်းရာသီမှာ တာဝန်ထမ်းဆောင်ဆဲ စစ်သည်တွေနဲ့စစ်တပ်ကနှုတ်ထွက်ခါနီးသူတွေကို အလုပ်ခွင်ကိုယာယီဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာတဲ့ Thammasat College ရဲ့စီးပွားရေးဌာနမှ တွဲဖက်ပါမောက္ခ Kiriya Kulkolkarn က သက်ရောက်မှုတွေဟာကျယ်ကျယ်ပြန့်ပြန့်မရှိသေးပေမယ့်လည်း ကမ္ဘောဒီးယားလုပ်သားတွေအများစုအပေါ်မှီခိုနေရတဲ့ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊စိုက်ပျိုးရေးနဲ့အချို့သောလုပ်ငန်းတွေဟာသိသိသာသာ ထိခိုက်သွားတယ်လို့ဆိုပါတယ်။ “ကမ္ဘောဒီးယား အလုပ်သမား ဘယ်နှယောက် နေရပ်ပြန်သွားတယ်ဆိုတာ တရားဝင် အတည်ပြုတဲ့ ကိန်းဂဏန်းတော့ မရှိပါဘူး။ အစိုးရအနေနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ဒီအချက်အလက်တွေကို ထုတ်ပြန်ဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။ NGO အစီရင်ခံစာတွေမှာကမ္ဘောဒီးယားအလုပ်သမား ၃၀၀,၀၀၀-၄၀၀,၀၀၀ သို့မဟုတ် စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ နေရပ်ကိုပြန်သွားကြတယ်လို့ဆိုပါတယ်။

Kiriya က ပြဿနာရဲ့အတိုင်းအတာကို မီးမောင်းထိုးပြပြီး ပြီးပြည့်စုံတဲ့ဖြေရှင်းနည်းတွေကို မြှင့်တင်ဖို့ ထွက်ခွာသွားတဲ့ကမ္ဘောဒီးယားအလုပ်သမား အရေအတွက်အတိအကျကို ထုတ်ပြန်ဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ် ရေးဌာနကို အကြံပြုထားပါတယ်။ အစောပိုင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဆက်လက်လုပ်ကိုင်ခွင့်ပေးတဲ့အစိုးရရဲ့ သက်ညှာမှုအစီအစဉ်တွေကြောင်​့ အလုပ်သမားအများစုဟာ တရားဝင်မှတ်ပုံတင်ရန် မက်လုံးအနည်းငယ်သာရှိတဲ့ တရားရေးစနစ်ပြင်ပမှာ အလုပ်အကိုင်ရရှိထားပြီးဖြစ်တာကြောင့် အကျပ်အတည်းကို ဖြေရှင်းဖို့ပျက်ကွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားမှာ အလုပ်အခွင့်အလမ်းနည်းပါးမှုကြောင့် နေရပ်ပြန်ကြပေမယ့်လည်း တရားမဝင်ပြန်လည်ဝင်ရောက်ဖို့ကြိုးပမ်းနေပြီးထိုင်းနိုင်ငံက ကမ္ဘောဒီးယားအလုပ်သမားတွေကို တရားဝင်ပြန်လည်လက်ခံရေး စဉ်းစားသင့်တယ်လို့သုတေသီက အကြံပြုခဲ့ပါတယ်။ “လက်ရှိ ပဋိပက္ခဟာထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပေမယ့်လည်း တရားမဝင် ပြန်လည်ဝင်ရောက်မှုကို ခွင့်ပြုခြင်းဟာမလုံခြုံမှုကို တိုးမြင့်စေပါတာ်။ သူတို့ကို တရားဝင် ၀န်ခံရင် သူတို့ကို သေသေချာချာ ဖော်ထုတ်နိုင်မှာပါ” လို့ Kiriya က ဆိုသည်။ “အခြေအနေ တည်ငြိမ်သွားတဲ့အခါ ကမ္ဘောဒီးယား အများအပြားက မလွဲမသွေ ပြန်လာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့လည်းသူကပြောပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *