မြန်မာ့စီးပွားရေးသည် မတ်လမှ တစ်နှစ်အတွင်း ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံစာကဆို

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ

စစ်အာဏာရှင်တို့၏ ပဋိပက္ခနှင့် စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားမှုများ ပြင်းထန်လာခြင်းကြောင့် မြန်မာ့စီးပွားရေးသည် ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သုတေသနအဖွဲ့ BMI ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ Fitch Solutions ၏ ယူနစ်တစ်ခုဖြစ်သည့် BMI သည် နိုင်ငံ၏စီးပွားရေးသည် မတ်လ ၂၀၂၅တွင်ကုန်ဆုံးမည့်ဘဏ္ဍာရေးနှစ်တွင် ၁ ရာခိုင်နှုန်းကျုံ့သွားလိမ့်မည်ဟုကမ္ဘာ့ဘဏ်၏မကြာသေးမီကခန့်မှန်းချက်ကိုကိုးကားပြီးဤကဲ့သို့သောပြင်းထန်သောကြိုတင်ခန့်မှန်းချက်သည်ပင် “အကောင်းမြင်လွန်းနိုင်သည်” ဟုပြောကြားခဲ့သည်။

ရှင်းလင်းချက်အနေဖြင့်၊ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ လျင်မြန်သောငွေကြေးတန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနှင့် ပြင်ပသို့ ရွှေ့ပြောင်းနေထိုင်မှုများ၏ သက်ရောက်မှုများကို ကိုးကားဖော်ပြထားပြီး ယင်းသည် ပုံမှန်စီးပွားရေးကို ပျက်ပြားစေခဲ့သည်။ “၂၀၂၆ ဘဏ္ဍာနှစ်မှာ စီးပွားရေးမတန့်ခင် ဒီဘဏ္ဍာရေးနှစ်မှာ ၂.၅% ကျုံ့နိုင်မယ်လို့ ခန့်မှန်းထားပြီး စီးပွားရေးက ၂၀၂၀ ဘဏ္ဍာနှစ်ထက် ၂၀% ပိုနည်းသွားပါတယ်” ဟု BMI မှ ဖော်ပြထားသည်။ နောက်ပိုင်းတွင် ၎င်းက “ပြည်တွင်း ပဋိပက္ခများ လျော့ပါးသွားသည့် အရိပ်အယောင်များ မပြဘဲ၊ မြင်ကွင်းမှာ မှုန်မှိုင်းနေသေးသည်” ဟု နောက်ပိုင်းတွင် ထပ်လောင်း ပြောကြားခဲ့သည်။


ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သောကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ နောက်ဆုံးထုတ်ပြန်ချက်အရ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDP) စုစုပေါင်း အရေအတွက်သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ၃.၅ သန်းကျော်ရှိခဲ့ပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်းဝန်းကျင်နှင့် ညီမျှသည်။ တစ်ချိန်တည်းမှာပင် “မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များသည် မကြုံစဖူးအဆင့်သို့ တိုးလာနေပြီး ၂၀၂၅ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ ၁၉.၉ သန်းခန့် အကူအညီ လိုအပ်နေပါသည်။”

BMI သည် စက်တင်ဘာလအတွင်းက နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ယာဂီမုန်တိုင်း​ကဲ့သို့သဘာဝဘေးအန္တရာယ်များကြောင့် ဆိုးကျိုးသက်ရောက်မှုကို အလေးပေးဖော်ပြခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် သီးနှံဟက်တာသိန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် အပါအဝင် အခြားဒေသများတွင် မြေဩဇာပြတ်လပ်မှုများနှင့် ကုန်သွယ်ရေးပြတ်တောက်မှုများဆက်လက်ရှိနေဦးမည်ဟု ဆိုသည်။

BMI သည် ရခိုင်ပြည်နယ်ရှိ အစားအစာထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒေသတွင်း လိုအပ်ချက်၏ ၂၀.၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာကို ကိုးကားဖော်ပြခဲ့သည်။ BMI က မြန်မာစစ်အစိုးရ၏ မူဝါဒများသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ လတွင် စတင်ကြေညာခဲ့သော စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းရန်အလားအလာရှိနေသည့်လူငယ်ပေါင်းများစွာကိုနိုင်ငံတွင်းမှထွက်ပြေးရန် တွန်းပို့ခဲ့ပြီး နိုင်ငံ၏ “လုပ်သားအင်အား လျင်မြန်စွာ လျော့နည်းသွားစေခဲ့သည်။

AFP သတင်းဌာန၏အဆိုအရ “လူပေါင်း တစ်သန်းကျော်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်ရန် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရသည်ဟုဆိုသည်။ အစုအပြုံလိုက် ထွက်ခွာမှုသည် “အဓိကကဏ္ဍများ၌ ကုန်ထုတ်စွမ်းအားကို သိသိသာသာ ကျဆင်းသွားစေရုံသာမက ပြည်တွင်းစစ် မလွဲမသွေ ပြီးဆုံးသွားသည့်တိုင် စျေးကွက်၏ အလားအလာအပေါ် ကာလရှည်ကြာ အရိပ်ထိုးနေလိမ့်မည်” ဟု BMI က ဖော်ပြခဲ့သည်။ ကြက်ဥ၊ ငါး၊ အသားနှင့် ဟင်းချက်ဆီ ကဲ့သို့သော နေ့စဥ်သုံးပစ္စည်းများအပေါ် စစ်အစိုးရ၏ စျေးနှုန်းကန့်သတ်ချက်များသည် “မလိုလားအပ်သော အကျိုးဆက်များ” ရှိလာနိုင်ပြီး အဆိုပါကုန်ပစ္စည်းများကို ဖောင်းပွသောစျေးနှုန်းဖြင့် ရောင်းချမည့် မှောင်ခိုဈေးကွက်များသို့ တွန်းပို့ကာ “ငွေကြေးဖောင်းပွမှုဖိအားများကို ပိုမိုပြင်းထန်လာစေမည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ လတ်တလော စီးပွားရေး အလားအလာများကဲ့သို့ပင် BMI အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ၎င်း၏ လက်ရှိစီးပွားရေး မရဏလမ်းစဉ်မှ ရုန်းထွက်နိုင်မည့် နည်းလမ်းအနည်းငယ်ကို ပြသထားသည်။မြန်မာစစ်တပ်သည် နဂိုအတိုင်း ဆက်လက်တည်ရှိနေသရွေ့ ယင်း၏အုပ်ချုပ်မှုကို ခံနိုင်ရည်ရှိသရွေ့ တိုင်းပြည်စီးပွားရေး ယိုယွင်းလာကာ မျိုးဆက်တစ်ခုအထိ တိုင်းပြည်ကို နောက်ပြန်ဆုတ်စေမည့် သက်ရောက်မှုများ ရှိနေမည်ဖြစ်သည်။

အဲမောင်း
The Diplomact စာမျက်နှာတွင်ဖေါ်ပြသည့် Sebastian Strangio၏ Myanmar’s Economy Shrank 2 Percent in Year to March, Report Says ကိုပြန်ဆိုပါသည်။ Sebastian Strangio သည် The Diplomat ၏ အရှေ့တောင်အာရှ အယ်ဒီတာဖြစ်သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *