ဖေဖော်ဝါရီ ၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာပေါ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ သူတို့လူ စစ်တပ်အငြိမ်းစား ဗိုလ်မှူးကြီးနဲ့ ညီမဖြစ်သူအဂတိတိုက်ဖျက်ရေး (ညွှန်ချုပ်)တို့ပိုင်တဲ့ ကုန်စုံဆိုင်ပေါ် ဗုံးကျကွဲခဲ့သလို ဘုန်းကျောင်းပေါ်မှာပါ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်နေ့ညပိုင်းက ရုံးစည်ကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အုတ်ကျောင်းတိုက်အတွင်း ၂ထပ်ကျောင်းဆောင် တစ်ဆောင်နဲ့ဆရာတော်များစီးနင်းသည့် ကား ၂စီးပျက်ဆီး၊ မီးသတ်ရုံးအနီးရှိ “ဝေကြီး”ကုန်စုံဆိုင်ပေါ်သို့ ဗုံးသီးကျ ပေါက်ကွဲခဲ့တာလို့သိရပါတယ်။
“ဝေကြီးကုန်စုံဆိုင်က စစ်တပ်အငြိမ်းစား ကျော်ကျော်ဦး(ငြိမ်း) (ယခင် တနင်္သာရီတိုင်းမှူးလျာထားခံရသူ) နဲ့ညီမဖြစ်သူ ဒေါ်လွင်လွင် [အဂတိတိုက်ဖျက်ရေး (ညွှန်ချုပ်) နေပြည်တော်] တို့ပိုင်
တဲ့ဆိုင်ပါ။ သူတို့လူအပေါ်သူတို့ပြန်ဗုံးချသလိုဖြစ်သွားတယ်။ရွာသစ်ကျေးရွာပြည်သူ့နေအိမ် ၂လုံး ရောကတ်ဖြင့်ပစ်ခတ်ခံရပြီး ပျက်ဆီး၊ အုတ်ကျောင်းတိုက်အတွင်းမှ ဆရာတော်တစ်ပါး နဲ့ဘူတာရပ်ကွက်မှ အမျိုးသားတစ်ဦး အစထိမှန်ဒဏ်ရာရခဲ့တယ်”လို့လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက ရေးသားထားပါတယ်။
လေကြောင်းကနေတိုက်ခိုက်ခံရပြီးနောက် မိတ္ထီလာ တပ်မ (၉၉)မှ စစ်သားအင်အား ၁၀၀ ကျော် ရောက်ရှိလာပြီး “ဝေကြီး” ကုန်စုံဆိုင်မှ လက်ကျန်ပစ္စည်းများအား နေရာရွှေ့ပြောင်းခြင်းကို လုံခြုံရေးယူကာလာရောက် လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒီမိတ္ထီလာကလာတဲ့စစ်အုပ်စုဟာ လက်ရှိအချိန်အထိ ရွာရှေ့ကျောင်းအတွင်းတပ်စွဲထားပြီး ရုံးစည်ကြီးရွာ မြောက်ဘက်နဲ့အနောက်ဘက် တောရိုးတစ်ဝိုက် ကင်းပုန်းဝပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ လူထုလှုပ်ရှားမှုကော်မတီတောင်သာက သတင်းထုတ်ပြန်ထားပါတယ်။
#သောင်ရင်းသတင်းလွှာ #တောင်သာ #ရုံးစည်ကြီး #စကစ #လေကြောင်းတိုက်ခိုက် #အငြိမ်းစားဗိုလ်မှူးကြီးကုန်စုံဆိုင်ပေါ်ကျကွဲ