လူကုန်ကူးခံရသူများ ရွှေကုက္ကိုလ်မှထိုင်းသို့ ရာနှင့်ချီ လွတ်မြောက်ရန်ရှိ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅ သောင်ရင်းသတင်းလွှာ

နယ်ခြားစောင့်တပ် (BGF/KNA) မှ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ (BGF/KNA) က တရားမ၀င် အွန်လိုင်းလုပ်ငန်းများနှင့် လိမ်လည်သည့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း ထိုင်းလုံခြုံရေး အရာရှိများကဖေဖေါ်ဝါရီ ၁၅ ရက်ကသတင်းထုတ်ပြန်သည်ဟု Khosod သတင်းဌာနကဖော်ပြသည်။

အဆိုပါ ကတိကဝတ်ကို ချက်ခြင်းလက်ငင်း သရုပ်ပြရာတွင် BGF တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် တာ့ခ်ခရိုင် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဝမ်ကော်ကျေးရွာ နှင့်မျက်နှာချင်းဆိုင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းရှိ ကိုးထပ်စက်ရုံတွင် နိုင်ငံခြားသား ၆၀၀ ကျော်ကို စတင်စစ်ဆေးခဲ့သည်ဟုသတင်းဆိုသည်။

တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့မှာဖြစ်ပြီး အဲဒီအထဲမှာ ထိုင်းနိုင်ငံသား အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ဝန်ကြီးချုပ် Paetongtarn Shinawatra သည် ထိုနေ့တွင်ပင် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai နှင့် ကမ္ဘောဒီးယားရှိ နိုင်ငံဖြတ်ကျော် လှည့်စားမှုများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် အစိုးရအိမ်တော်တွင် လုံခြုံရေးအဆင့်မြင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းကြေညာချက် ထွက်ပေါ်လာသည်။
ဝန်ကြီးချုပ်က အဆိုပါ ရာဇ၀တ်ကွန်ရက်များသည် အများပြည်သူဘေးကင်းရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည့်အတွက် ရက်ပေါင်း ၃၀ အတွင်း ကျယ်ကျယ်ပြန့်ပြန့် အရေးယူဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ကို တောင်းဆိုထားသည်။

ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းအပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့အပေါ် ဖိအားများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
စောချစ်သူကိုယ်တိုင်လည်း လူကုန်ကူးမှုစွဲချက်တင်ခံရဖွယ်ရှိပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) သည် အိန္ဒိယ နိုင်ငံသားရှစ်ဦးနှင့် ပတ်သက်သည့် ၂၀၂၂ က အမှုအတွက် လက်ရှိတွင် အထောက်အထားများ စုဆောင်းလျက် ရှိသည်။

BGF ၏ ဆောင်ရွက်မှုသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်နှင့်မျက်နှာချင်းဆိုင် ရှိ တရုတ်အော်ပရေတာများ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ထွက်ခွာကြရန် DKBA က သတ်မှတ်ပေးထားသည့်နောက် အလားတူ လှုပ်ရှားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

DKBA သည် မြဝတီဒေသမှ ဒုက္ခသည် ၃၂၁ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်တွင် လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ကနဦး ၆၁ ဦးကိုလွတ်မြောက်စေခဲ့ပြီးနောက် လူ ၂၆၀ ဦးထပ်မံ လွတ်မြောက်လာခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *