ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကိုးကန့်ဒေသ၏အချမ်းသာဆုံးမိသားစုလေးခုထဲက မြီမိသားစုဝင် ၃ ဦးကို တရုတ်က ဒီကနေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောကြောင်း BBC က ဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြသည်။
ကွယ်လွန်သူ သူဌေးကြီး မြီရှောက်ချမ်း၏သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန် နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် ပြစ်မှုကျူးလွန်သူ၂၃ ဦးကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနှင့်ဒဏ်ရာရစေမှု၊ တရားမဝင်ထိန်းသိမ်းမှု၊ ကာစီနိုဖွင့်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ပြည့်တန်ဆာစည်းရုံးရေးနှင့်တခြားရာဇဝတ်မှုဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်သည်ဟုဆိုပြီး မြီမိသားစုဝင်တွေအပါအဝင် လူပေါင်း ၃၉ ဦးကို ပြီးခဲ့သည့်ဒီဇင်ဘာတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မြီမိသားစုဝင်တွေအပါအဝင် စွဲချက်တင်ခံထားရသောသူများသည်ကျားဖြန့်လုပ်ငန်းများဆီယွမ် ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့ပြီး တရုတ်နိုင်ငံသား ၁၄ ဦးကိုလည်း သေဆုံးစေခဲ့သလို နောက်ထပ်တရုတ်နိုင်ငံသား ၆ ဦးကိုလည်း ဒဏ်ရာရစေခဲ့သည်ဟုတရုတ်ဘက်က စွပ်စွဲထားသည်။