မတ်လ ၁၄၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာ၏ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်တွင် လူတစ်သန်းကျော်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ခိုလှုံနေထိုင်ကာ အလုပ်လုပ်ကိုင်ရန် ထွက်ပြေးလာကြပြီး ထိုင်းအမျိုးသားရေးဝါဒီများက ၎င်းတို့အပေါ် မလိုမုန်းထားမှုများ လှုံ့ဆော်ရန်အတွက် မဟုတ်မမှန် သတင်းများကို အသုံးပြုနေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းလူမျိုးများအား ပေးဆောင်ရသည့် နေ့စဥ်လုပ်ခလစာ ဘတ် ၇၀၀ (အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာ) ထက် နှစ်ဆနီးပါး တောင်းဆိုနေကြသည်ဟု မဟုတ်မမှန် စွပ်စွဲမှုများကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှာ ပြည့်လျှံနေပါသည်။
၎င်းတို့ထဲမှ ပို့စ်တစ်ခုသည် ကြည့်ရှုသူ သန်းပေါင်းများစွာကို ဆွဲဆောင်ခဲ့ပြီး ထိုင်းထောက်လှမ်းရေး အဆင့်မြင့်အရာရှိတစ်ဦးလည်း ပို့စ်နှင့်ဓာတ်ပုံများကို မျှဝေခဲ့သူများထဲတွင် ပါဝင်ခဲ့သည်။ ထိုင်းအာဏာပိုင်များသည် ၁၈ ရာစုတွင် မြန်မာနိုင်ငံမှ ကျူးကျော်ဝင်ရောက်လာခဲ့သည့် နိုင်ငံတွင်း မျက်ကန်းမျိုးချစ်စိတ်များကို တွန်းအားပေးသည့် အမျိုးသားရေးဝါဒကို တမင်တကာ အားဖြည့်နေသည်ဟု လေ့လာသူများက ဆိုသည်။ ထိုသမိုင်းသည် ထိုင်းလူမျိုးများကို မြန်မာနိုင်ငံမှ အလုပ်သမားများကယင်းတို့၏ အလုပ်အကိုင် များကိုခိုးယူနေသည်ဆိုသော ခေတ်သစ်ကြောက်စိတ်များအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ဘန်ကောက်ရှိ စက်ရုံအလုပ်သမ အသက် ၃၇ နှစ်အရွယ် မလင်းသည် ထိုင်းနိုင်ငံတွင် ၁၇ နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် တစ်ရက်အနိမ့်ဆုံးလုပ်အားခ ဘတ် ၄၀၀ သာရရှိနေသေးသည်။ “မြန်မာအလုပ်သမားတွေက ဘတ်ငွေ ၇၀၀ တောင်းတယ်ဆိုတဲ့ ကလစ်ဟာ လုပ်ကြံဖန်တီးမှုတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။ ထိုင်းအမျိုးသားထောက်လှမ်းရေးအေဂျင်စီ၏ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း Nantiwat Samart သည် အဆိုပါပြောဆိုချက်ကို ချဲ့ထွင်ခဲ့သူများတွင် ပါဝင်ခဲ့သည်။ ပြီးခဲ့သည့်လက သူသည် မတူကွဲပြားသော အဖြစ်အပျက်များဆီမှ ပုံသုံးပုံကို ပြန်လည်တင်ခဲ့ပြီး ၎င်းတို့သည် တစ်ရက်လျှင် ဘတ်ငွေ ၇၀၀ တောင်းဆိုနေသည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း မှားယွင်းစွပ်စွဲခဲ့သည်။
“ထိုင်းတွေက စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတာ ကြာပါပြီ” ဟု သူကဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။ “ထိုင်းတွေ အလုပ်အကိုင်တွေ ပိုရလာဖို့အတွက် သူတို့အားလုံး ပြန်သွားသင့်တယ်” ဟုလည်းသူကဆိုသည်။ ၎င်း၏ပို့စ်သည် မှတ်ချက်ပေါင်း ၅၀၀ နီးပါးရရှိခဲ့ပြီး အကြိမ်ပေါင်း ၁၅၀၀၀ နီးပါးမျှဝေခြင်းခံခဲ့ရပြီး ယင်းပြဿနာနှင့်ပတ်သက်သည့် အခြားအကြောင်းအရာများထက် ပိုများသည်။ AFP သည် ၎င်း၏ပုံများအားလုံးကို မမှန်ကန်ဟုဖွင့်ချရှင်းလင်းခဲ့သော်လည်း မှတ်ချက်ပေးရန် တောင်းဆိုချက်များကို သူကတုံ့ပြန်ခြင်းမရှိပေ။
ထိုင်းနှင့် မြန်မာတို့သည် ယဉ်ကျေးမှုနှင့် ဘာသာတရား၏ ရှုထောင့်များစွာကို မျှဝေခံစားကြသော်လည်း ၎င်းတို့၏သမိုင်းတွင် ရာစုနှစ်များစွာ စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ မြန်မာစစ်တပ်သည် ၁၆ ရာစုတွင် ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၁၇၆၇ ခုနှစ်တွင် မြို့တော်ကို မီးရှို့ကာ အရပ်သားများနှင့် စစ်သားများကို သတ်ဖြတ်ကာ ထောင်နှင့်ချီသော အကျဉ်းချခြင်း အပါအဝင် နှစ်ပေါင်းများစွာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မြန်မာတို့၏ ရန်လိုမှု သမိုင်းကိုစာသင် ကျောင်းများမှစ၍ ထိုင်းများ၏အသိစိတ်ထဲတွင် စွဲထင်စေသည်။ မြန်မာ အလုပ်သမားအခွင့်အရေး ကျွမ်းကျင်သူ နှင်းဝတ်ရည်က အာဏာပိုင်များသည် သမိုင်းဝင် နာကြည်းမှုများကို အသုံးချရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။
“သမိုင်းကို ရည်ညွှန်းခြင်း သို့မဟုတ် ဤနိုင်ငံခြားကျူးကျော်မှုများအပေါ် သတိပေးခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်သည် သို့မဟုတ် ပြင်ပရန်သူများကို ခုခံကာကွယ်ရာတွင် အတူတကွ စည်းလုံးညီညွတ်မှုဟူသော ခံစားချက်ကို တည်တံ့စေနိုင်သည်” ဟု AFP သို့ သူကပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (IOM) မှ ခန့်မှန်းချက်အရ နောက်ထပ် ၁.၈ သန်းနှင့် ၎င်းတို့ သို့မဟုတ် ၎င်းတို့၏ အလုပ်ရှင်များသည် ထိုင်းအစိုးရသို့အခွန်ပေးဆောင်ခြင်း သို့မဟုတ် လူမှုဖူလုံရေး ကြေးပေးဆောင်ခြင်းမရှိဘဲ၊တရားဥပဒေအကာအကွယ်မပါဘဲ တရားမဝင် အလုပ်လုပ်နေကြသည်ဟု ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားသော အမုန်းစကားများနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် စိတ်ဓာတ်များ မြင့်တက်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း IOM မှ ပြောကြားခဲ့ပြီး၊ အဓိကအားဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန်သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်ဟုဆိုသည်။ ရွှေ့ပြောင်းအလုပ်သမားအများအပြားသည် ထိုင်းလူမျိုးများမလုပ်ချင်ကြသည့် လစာနည်းသော၊ ခက်ခဲပြီး အန္တရာယ်ရှိသော အလုပ်များကို တရားဝင်အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ထက် များစွာနည်းသော ဝင်ငွေတို့ဖြင့် လုပ်ကိုင်နေကြရသော်လည်း ထိုင်းလူမျိုးအများအပြားက ၎င်းတို့၏ အလုပ်အကိုင် သို့မဟုတ် လုပ်ခလစာအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်နေကြဆဲဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာခြင်းသည် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် သတင်းမှားများကို တွန်းအားပေးနေကြောင်း Kasetsart University မှ သမိုင်းပညာရှင်နှင့် ထိုင်းအစိုးရ၏ လုံခြုံရေးအကြံပေး Lalita Hanwong က ပြောကြားခဲ့သည်။
“ဒါဟာ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အရေအတွက်ကို တားဆီးဖို့ ရည်ရွယ်ပြီး ညှိနှိုင်းဆောင်ရွက်တဲ့ လှုပ်ရှားမှုတစ်ခုပါ” ဟုသူကပြောကြားပြီး ရွှေ့ပြောင်းမြန်မာတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ဘောင်ခတ်ထားသည်ဟုလည်း သူက ဆိုသည်။ အနိမ့်ဆုံးလုပ်ခလစာအတွက် ဆန္ဒပြပွဲများဟု ယူဆရသည့် ဗီဒီယိုများသည် ဟောင်းနွမ်းနေပြီး ယင်းကိစ္စနှင့်မသက်ဆိုင်သည့် အခြားဖြစ်ရပ်များဖြစ်ကြောင်း AFPအချက်အလက်စစ်ဆေးသူများက တွေ့ရှိခဲ့သည်။ မြင့်မားသော ဗီဇာကြေးနှင့် အလုပ်လုပ်ခွင့် လက်မှတ်ခများကို ဆန့်ကျင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဆန္ဒပြမှုက ထိုင်းများအတွက် သွေးလန့်စေခဲ့ပြီး အမှန်တကယ်ပင်အလှုပ်ခတ်ဆုံးဖြစ်ရပ်တစ်ခုဖြစ်စေခဲ့သည်။
“ကျွန်တော့်ဗီဒီယိုကို ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် တစ်စုံတစ်ဦးက အခွင့်ကောင်းမယူစေချင်ပါဘူး” ဟု ၎င်း၏အလုပ်နှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများကြောင့် အမည်မဖော်လိုသူက AFP သို့ ပြောကြားခဲ့သည်။ “ဒါ့အပြင်၊ ကျနော့်ဗီဒီယိုကို နည်းလမ်းမှားနဲ့အသုံးချခဲ့တဲ့အတွက် ဘဝမှာ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို မလိုချင်ဘူး”ဟုလည်းသူကဆိုသည်။ အလုပ်သမားများသည် မလိုမုန်းထားမှုများကို ဆယ်စုနှစ်များစွာ ခံနေကြရသည်။ “ကျနော်တို့ရဲ့ အလုပ်ရှင်အပေါ် လုံ့လဝီရိယနဲ့ သစ္စာစောင့်သိမှုကြောင့် ထိုင်းလူမျိုးတချို့က ကျနော်တို့ကို အရမ်းသဘောကျပါတယ်” ဟု ဘန်ကောက်ရှိ အသက် ၄၀ အရွယ် အထည်ချုပ်အလုပ်သမား မောင်ချိုက ပြောသည်။ “ဒါပေမယ့် တစ်ချိန်တည်းမှာပဲ၊ တချို့က ကျွန်တော်တို့ကို သူတို့ရဲ့ အလုပ်တွေကိုလုပြီးလုပ်နေတယ်လို့ထင်နေကြတယ် ဒါဟာအပျက်သဘောဆောင်တယ်လို့ ထင်ပါတယ်”ဟုလည်းသူကဆက်ပြောသည်။
အဲမောင်း
Pasika KHERNAMNUOY နှင့် Chayanit ITTHIPONGMAETEE တို့ AFP သတင်းတွင်ရေးသားသောWar of words: Myanmar migrants face disinformation in Thailand ကို ပြန်ဆိုပါသည်။