မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံရှိ လူပေါင်း တစ်သန်းကျော်ကို WFP ၏ အသက်ကယ်စားနပ်ရိက္ခာအကူအညီမှ ဧပြီလတွင် စတင်၍ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့က သတိပေးထားသည်။ ပဋိပက္ခများ တိုးပွားလာခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်ချက်များသည် စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်ချက်များကို သိသိသာသာ တွန်းအားပေးနေပြီ ဖြစ်သောကြောင့် အဆိုပါ ဖြတ်တောက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ပုံငွေအသစ် ချက်ချင်းမရရှိပါကWFP သည် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သူ ၃၅,၀၀၀ ကိုသာ ကူညီနိုင်မည်ဖြစ်သည်ဟု ကြေညာချက်ကဆိုသည်။
“မကြာမီဖြစ်ပေါ်လာမည့် ဖြတ်တောက်မှုများသည် နိုင်ငံတစ်ဝှမ်းရှိ ထိခိုက်လွယ်ဆုံးသော လူ့အဖွဲ့အစည်းများအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိလိမ့်မည်ဖြစ်ပြီးအများစုမှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် WFP ၏ ပံ့ပိုးကူညီမှုအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Michael Dunford က ပြောကြားခဲ့သည်။ “WFP သည် မြန်မာနိုင်ငံပြည်သူများအား ပံ့ပိုးကူညီရန် ၎င်း၏ကတိကဝတ်တွင် ခိုင်မြဲနေသေးသော်လည်း ဆက်လက်ဆောင်ရွက်ရန် ချက်ခြင်းရန်ပုံငွေပိုမိုရရှိရန် အရေးကြီးပါသည်ဟုဆက်လက်ဖော်ပြသည်။
ဖြတ်တောက်မှုများသည် စခန်းများရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် WFP ၏အကူအညီမပါဘဲ စားနပ်ရိက္ခာလက်လှမ်းမမီနိုင်သော ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သိန်းနီးပါးကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ WFP သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ၎င်း၏ အသက်ကယ်အစားအစာ ထောက်ပံ့မှု ဆက်လက်ထိန်းသိမ်းထားရန် အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးပေါ် လိုအပ်နေပါသည်။ “နိုင်ငံတစ်ဝှမ်း အခြေအနေတွေ ဆက်လက်ဆိုးရွားနေတာကြောင့် မြန်မာနိုင်ငံတွင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မိတ်ဖက်အားလုံးကို WFP က တောင်းဆိုနေပါတယ်” ဟု Dunford မှ ပြောကြားခဲ့သည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို သူတို့ရဲ့ လိုအပ်နေတဲ့အချိန်တွေမှာ မမေ့မလျော့ဘဲ အသက်ကယ်တဲ့ အကူအညီတွေ ပြန်လည်ရရှိဖို့အတွက် WFP အတွက် လုံလောက်တဲ့ ရန်ပုံငွေနဲ့ ချက်ချင်း တုံ့ပြန်ဖို့ အရေးကြီးပါတယ်”ဟုသူကဆက်လက်ပြောကြားသည်။ စားနပ်ရိက္ခာပြတ်လပ်မှု အပြင်းထန်ဆုံးဖြစ်ချိန်တွင် လာမည့်ဇူလိုင်လမှစက်တင်ဘာလအထိဆိုးရွား သောရာသီအတွက် WFP သည် အလွန်စိုးရိမ်ပူပန်နေပါသည်။ WFP ၏ အရေးပေါ်စီမံချက်သည် ဤလများအတွင်း အစာလက်လှမ်းမမီသော လူပေါင်း ၃၀၀၀၀၀ အတွက် အသက်ကယ်ထောက်ပံ့မှု ပြန်လည်စတင်နိုင်ရန် ဦးစားပေးလုပ်ဆောင်ရန် ရည်ရွယ်ပါသည်။
လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ မြန်မာနိုင်ငံတွင် ၎င်းတို့၏ အနည်းဆုံးနေ့စဉ်စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့် လူဦးရေ ၁၅.၂ သန်းရှိနေသည်မှာ အံ့မခန်းဖြစ်နေပါသည်။ ယင်းမှာ မနှစ်က ၁၃.၃သန်းထက် ပိုများပါသည်။ အဆိုပါ အစီအစဉ်အရ လူပေါင်း ၂.၃ သန်းခန့်သည် အရေးပေါ် ငတ်မွတ်မှု အဆင့်ကို ရင်ဆိုင်နေရသည်။ ပုံမှန်ပံ့ပိုးမှုဖြင့်ပင် WFP စားနပ်ရိက္ခာအကူအညီကိုသာ မှီခိုနေရသော ဤမိသားစုများသည် အစားအသောက်များရှောင်ခြင်း၊ ပိုင်ဆိုင်မှုများရောင်းချခြင်း သို့မဟုတ် ရှင်သန်ရန်အတွက်သာ အကြွေးတင်နေကြပြီဖြစ်သည်ဟု ကြေညာချက်ကဖော်ပြထားသည်။