လိမ်လည်ခံရသူများ သောင်တင်နေဆဲလို့ဆို

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြဝတီမြို့၏အွန်လိုင်းငွေလိမ်ဂိုဏ်းများအပေါ် လူမှုအာရုံစူးစိုက်မှုလျော့ပါးသွားနိုင်သည်။ လူကုန်ကူးခံရသူ ထောင်ပေါင်းများစွာသည် ထိုင်းနယ်စပ်တလျှောက် လိမ်လည်လှည့်စားသည့် လုပ်ငန်းများတွင် ဖြားယောင်းသွေးဆောင်ခံရကာ နေရပ်သို့ ပြန်လာနိုင်ခဲ့ကြသော်လည်း အများစုမှာ အကူအညီကို စောင့်မျှော်နေသည့် ပြည်တွင်းပြည်ပ လိမ်လည်ရေးစင်တာများတွင် ပိတ်မိနေကြဆဲဖြစ်သည်။ တချိန်တည်းမှာပဲလူကုန်ကူးသူများသည် အပြစ်ပေးခံရခြင်းမရှိပဲလုပ်ငန်းများဆက်လက်လုပ်ကိုင်နေကြသည်။ ယခုလိုမျိုးဆက်မဖြစ်သင့်ပါ။ မတ်လ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ တာ့ခ်ခရိုင် မဲဆောက်မြို့အနီး မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် လူကုန်ကူးခံရသည့် အိန္ဒိယ နိုင်ငံသား ၅၄၀ ကို အိန္ဒိယအစိုးရမှ စီစဉ်ပေးသည့် လေကြောင်းဖြင့် နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သတင်းများက ဆိုသည်။

အစောပိုင်းတွင် တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံသား ၂၀၅၀ ကို စစ်ဆင်ရေးနှစ်ခု (ဖေဖော်ဝါရီ ၂၀-၂၂နှင့် မတ်လ ၆-၉ရက်)ဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ အင်ဒိုနီးရှားကလည်း ဖေဖော်ဝါရီ ၂၇ ရက်မှ၂၈ ရက်အထိ လူ၉၄ ဦးကို အိမ်ပြန်ပို့ခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီကရင်ပြည်သူ့အကျိုးပြုတပ်မတော် (DKBA) တို့၏ ထိန်းချုပ်မှုအောက်တွင် လူအများအပြားထောင်နှင့်ချီ၍ သောင်တင်နေသဖြင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ တရုတ်နိုင်ငံမှ ရာဇ၀တ်ဂိုဏ်းများ လည်ပတ်သည့် ရွှေကုက္ကိုတွင် လိမ်လည်လှည့်စားသည့် စစ်ဆင်ရေးများကို နှိမ်နင်းပြီးနောက် ကျူးလွန်သူများသည် ထွက်ပြေးကာ ၎င်းတို့၏ သားကောင်များကို စွန့်ပစ်ခဲ့သည်။ တစ်ချိန်က BGF နှင့် DKBA တို့သည်လုပ်ငန်းများကို အကာအကွယ်ပေးခြင်းဖြင့်အကျိုးအမြတ်ငွေများရရှိခဲ့သော်လည်းယခုအခါ ပြုစုစောင့်ရှောက်ရန် ဒုက္ခသည် ထောင်ပေါင်းများစွာ ကျန်ခဲ့သည်။

ယခုအခါ ၎င်းတို့သည် အရင်းအမြစ်များ ချို့တဲ့သည်ဟုဆိုကာ ကျန်ခဲ့သည့်သားကောင်များကိုထောက်ပံ့မှုပေးရန် ငြင်းဆိုထားသည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဒုက္ခသည် ၇၀၀၀ ခန့်သည် ၎င်းတို့၏ အချုပ်အနှောင်အောက်တွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေကြသည်။ တစ်ချိန်တည်းတွင် ထောင်ပေါင်းများစွာသော လူများသည် ကယ်ဆယ်ခံရမည်ဟုမျှော်လင့်ချက်ဖြင့် ငွေလိမ်လယ်သည့်စင်တာများတွင် ပိတ်မိနေကြဆဲဖြစ်သည်။ BGF နှင့် DKBA တို့သည် ထိုင်းနိုင်ငံမှ နှေးကွေးသော လုပ်ထုံးလုပ်နည်းများကြောင့် လွတ်မြောက်လာသူများ ပြန်လည်လက်ခံရေး ကြိုးပမ်းမှု မပြီးပြတ်သေးကြောင်း အကြောင်းပြချက်ဖြင့် BGF နှင့် DKBA တို့က နောက်ထပ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို နှောင့်နှေးစေခဲ့ကြသည်။

လိမ်လည်လှည့်စားသည့်စင်တာများအတွင်းတွင် သားကောင်များသည် ရက်စက်ကြမ်းကြုတ်သောအခြေအနေများကို ကြံ့ကြံ့ခံကာ၊ အစောင့်အကြပ်များဖြင့်အခန်းများအတွင်း၌ သော့ခတ်ခံထားရကာ ၎င်းတို့၏ပတ်စပို့များကိုသိမ်းယူခြင်းခံထားရပြီး စဉ်ဆက်မပြတ်စောင့်ကြည့်မှုအောက်တွင် အွန်လိုင်းလိမ်လည်မှုများကျူးလွန်ရန် အတင်းအကြပ်ခိုင်းစေခြင်းခံခဲ့ရသည်။ ခုခံငြင်းဆန်သူများသည် ရိုက်နှက်ခြင်း၊ အစာအငတ်ထားခြင်း သို့မဟုတ် အခြားသော ရာဇ၀တ်ဂိုဏ်းများထံ ရောင်းစားခြင်း ခံခဲ့ရသည်။ ယခုအခါတွင်ကျွန်ဘဝမှလွတ်မြောက်လာသော်လည်း အဆိုပါဒုက္ခသည်များသည် စားနပ်ရိက္ခာ၊ သောက်ရေနှင့် ဆေးဝါးစသည့် အခြေခံလိုအပ်ချက်များ ချို့တဲ့လျက်ရှိသည်။ ဆေးကုသခွင့်မရဘဲ ဖျားနာနေသူ အများအပြားရှိနေကြပြီး ဤ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားရန်ကြိုးပမ်းနေသည့် မြန်မာ၊ ထိုင်းနှင့်သက်ဆိုင်ရာအစိုးရများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ လက်နက်ကိုင် အဖွဲ့များက တိုက်တွန်းထားသည်။

သို့သော်လည်း ထိုင်းက လက်မခံပါ။ ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ရှင်းလင်းပြောကြားသည်မှာ- ထိုင်းနိုင်ငံအနေဖြင့် တာဝန်ယူမည်မဟုတ်ဘဲ ယင်းအစား ဒုက္ခသည်များကို ထိုင်းနိုင်ငံမှတဆင့် ဖြတ်သန်းခြင်းမရှိဘဲ နေရပ်ပြန်ပို့ရန် မြန်မာနှင့်သာတိုက်ရိုက်ညှိနှိုင်းရန် သက်ဆိုင်ရာသံရုံးများကို တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံ၏ အကူအညီပေးရန် ငြင်းဆိုမှုသည် စိတ်နှလုံးမသာမယာဖြစ်ရုံသာမက လူကုန်ကူးမှုအား နှိမ်နင်းရန် တွန့်ဆုတ်နေခြင်းကိုလည်း ပြသနေသည်။ ဤသားကောင်များကို ငြင်းပယ်ခြင်းဖြင့် ထိုင်းနိုင်ငံသည် လူကုန်ကူးမှုကွန်ရက်များကို ဖျက်သိမ်းရန်အတွက် ထောက်လှမ်းရေးစုဆောင်းရန် အရေးကြီးသောအခွင့်အရေးကို ဆုံးရှုံးသွားပါသည်။

ရွှေကုက္ကိုအလျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက် ဖြတ်တောက်ရန် တုံ့ဆိုင်းနေပြီးနောက် ထိုင်းနိုင်ငံသည် ဤလွဲမှားသော မူဝါဒအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုလှိုင်းကို နောက်ထပ် မလိုအပ်တော့ပေ။ထိုင်းနိုင်ငံသည် လူကုန်ကူးမှုဗဟိုချက်မှအဖြစ် ရပ်တည်နေခြင်းကို ငြင်းဆိုထားပြီး လိမ်လည်သည့်အလုပ်သမားများသည် ရွှေကုက္ကိုတွင် ဆန္ဒအလျောက် လုပ်နေကြသည်ဟုထိုင်း အစိုးရက အခိုင်အမာပြောဆိုသည်။ ဘယ်သူကမှ မဝယ်ကြပါ။ ထိုင်းနိုင်ငံသည် လူကုန်ကူးမှု အတွက် ဗဟိုအချက်အချာ ဖြစ်ခဲ့သည်မှာ ကြာပါပြီ။ ရိုဟင်ဂျာအကျပ်အတည်းက သက်သေပြခဲ့သည်။ လူကုန်ကူးသူများသည် ရိုဟင်ဂျာများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ မလေးရှားနိုင်ငံသို့ လုံခြုံစွာ ဖြတ်သန်းခွင့်ပေးရန် ကတိပြုကာ သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်ရန်သာ ဆွဲဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ထိုင်းလူကုန်ကူးစခန်းများတွင် ရိုဟင်ဂျာများ၏ အစုလိုက်အပြုံလိုက် သင်္ချိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ လူကုန်ကူးသည့် စခန်းများကိစ္စအတွက် ထိုင်းနိုင်ငံသား ၁၀၀ ကျော်ကို တရားစွဲထားသည်။ အလားတူ ကွန်ရက်သည် တူရကီနိုင်ငံသို့သွားရောက်ရန် တရုတ်နိုင်ငံမှ ထွက်ပြေးလာသည့် ဝီဂါဒုက္ခသည်များကို သားကောင်ဖမ်းခဲ့သည်။ လူကုန်ကူးသူများသည် ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းသွားလာမှုအတွက် အခကြေးငွေ မတန်တဆ ကောက်ခံခဲ့သည်။ အချို့မှာ ဘေးကင်းရာသို့ ရောက်ရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဝီဂါ ၁၀၉ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး နိုင်ငံတကာ၏ ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ထိုင်းက ဝီဂါ ဒုက္ခသည် ၄၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝီဂါဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် တရုတ်နိုင်ငံကနှစ်ပေါင်းများစွာ ဖိအားပေးခဲ့ခြင်းဖြစ်သည်။ လူကုန်ကူးသူများ၏ပါဝင်ပတ်သက်မှုမရှိပဲဤပြဿနာများသည် အစကတည်းက ဖြစ်မလာပါ။

ဤလုပ်ရပ်များသည် လိမ်လည်ခံရသူများကို ခိုလှုံနေထိုင်ခွင့်ရရန် ထိုင်းနိုင်ငံ၏ ငြင်းဆိုမှုနှင့်အတူ အသက်ရှင်ကျန်ရစ်သူများအတွက်သင့်လျော်သော တရားရေးလုပ်ငန်းစဉ်များကိုလည်း ငြင်းပယ်ထားသည်။ ပိုဆိုးသည်က လူကုန်ကူးမှု ရာဇ၀တ်မှုများကို ဖုံးဖိထားကြခြင်းဖြစ်သည်။ လူကုန်ကူးမှုကို အစိုးရက ပြင်းပြင်းထန်ထန် အရေးယူရမည်ဖြစ်ပြီးရိုဟင်ဂျာ မှောင်ခိုကွန်ရက်များကို တရားစွဲသလိုပဲ၊ လိမ်လည်တဲ့ လုပ်ငန်းများနှင့်၎င်းတို့ဆီက အကျိုးအမြတ်များကို စုံစမ်းရမည်ဖြစ်သည်။ လအတန်ကြာ မီဒီယာသတင်းများထွက်ပေါ်နေသော်လည်း ထိုင်းနိုင်ငံသည် လူကုန်ကူးမှု လိမ်လည်မှုစင်တာများနှင့် ဆက်နွှယ်သည့်တရားစွဲဆိုမှု တစ်ခုခုကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။

သားကောင်အများစုမှာ ထိုင်းလူမျိုးများ ဖြစ်သည်။ သို့သော်လည်း အစိုးရက ၎င်းတို့၏ ကိစ္စများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်း၏အမည်ကို ကင်းကင်းရှင်းရှင်းဖြစ်လိုပါက လူကုန်ကူးမှုကွန်ရက္များကို ဖျက်သိမ်းရန်အတွက် တရားဝင်တရားစွဲဆိုမှုများကိုပြန်လည်လုပ်ကိုင်ခွင့်ပြုရမည်ဖြစ်သည်။ ၎င်းတို့၏ သံရုံးများသည် ဘန်ကောက်မှတဆင့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနိုင်သည်။

အဲမောင်း
ဘန်ကောက်ပို့စ်တွင် အယ်ဒီတာ့အာဘော်အဖြစ်ဖေါ်ပြသည့် Scam victims are still stranded ကိုပြန်ဆိုပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *