ဧပြီလ ၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများတွင် မိုးရွာသွန်းမှုများကြောင့် ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက အိုးမဲ့အိမ်မဲ့များအတွက် တဲများ ထပ်မံလိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာက ဧပြီ ၆ရက်ကဖော်ပြသည်။ မိုးကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေပြီး ရောဂါဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်သည်ဟု အကူအညီပေးရေးအေဂျင်စီများကဆိုသည်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၃၄၇၁ ဦးအထိ မြင့်တက်လာပြီး လူပေါင်း ၄၆၇၁ ဦး ဒဏ်ရာရရှိကာ နောက်ထပ် ၂၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
ကယ်ဆယ်ရေးအေဂျင်စီများသည် ရာသီဥတုဖောက်ပြန်မိုးရွာသွန်းမှုနှင့် ပြင်းထန်သောအပူရှိန်ပေါင်းစပ်မှုကြောင့်စခန်းချနေကြသော ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူများကြားတွင် ကာလဝမ်း အပါအဝင် ရောဂါများဖြစ်ပွားနိုင်ကြောင်းလည်း သတိပေးထားသည်။ “ချစ်ရသူတွေရဲ့ ရုပ်အလောင်းတွေကို အပျက်အစီးတွေကနေ ဆွဲထုတ်နေချိန်မှာ သူတို့ရဲ့ နေအိမ် အပျက်အစီးတွေ အပြင်ဘက်မှာအိပ်နေတဲ့ မိသားစုတွေပါ။ နောက်ထပ် ငလျင်တွေ ထပ်လှုပ်မှာကို အမှန်တကယ် ကြောက်နေကြပါတယ်” ဟု အလည်အပတ် ရောက်ရှိနေသော ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ Tom Fletcher က X လူမှုကွန်ယက်တွင် ပြောကြားခဲ့သည်။
“ကွဲအက်နေတဲ့ သူတို့ရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ဖို့အတွက် အသက်ရှင်ကျန်ရစ်သူတွေကို ရွက်ဖျင်တဲတွေနဲ့ မျှော်လင့်ချက်တွေရဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောကြားပြီး ခိုင်ခံ့သော၊ ညှိနှိုင်းဆောင်ရွက်မှုသည် အသက်များစွာကို တတ်နိုင်သမျှ ကယ်တင်ရန် သော့ချက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူပေါင်း ၂၈ သန်းနေထိုင်ရာ ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွန်ခဲ့သည့် သီတင်းပတ်က ကယ်ဆယ်ရေး ပစ္စည်းများ နှင့် ကယ်ဆယ်ရေး သမားများ စေလွှတ်ပေးခဲ့သည့် အိမ်နီးချင်းများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် အရှေ့တောင်အာရှ နိုင်ငံများပါဝင်သည်။
မကြာသေးမီအချိန်အထိ ကမ္ဘာ့ထိပ်တန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူရှင်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအား ငလျင်ဒဏ်ခံရပ်ရွာများကို ထောက်ပံ့ရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၉ သန်း ကတိပြုထားသော်လည်း လက်ရှိနှင့် ယခင်အမေရိကန်အရာရှိများက ၎င်း၏ နိုင်ငံခြားအကူအညီ အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းသည်တုံ့ပြန်မှုကို ထိခိုက်စေသည်ဟု ဆိုသည်။ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ခရီးသွားလာခဲ့သည့် အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီမှ လူသုံးဦးကို လွှတ်ထားကြောင်း USAID အကြီးတန်းအရာရှိဟောင်း Marcia Wong က ရိုက်တာ သို့ ပြောကြားခဲ့သည်။
“ဒီအဖွဲ့ဟာ လိုအပ်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရယူဖို့ အာရုံစိုက်ပြီး မယုံနိုင်လောက်အောင်ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်” Wong က ပြောသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ငလျင်ကြောင့် သေဆုံးသူ ၂၄ ဦးအထိ တိုးလာသည်ဟုအာဏာပိုင်များက ပြောသည်။ဤအထဲမှ ၁၇ ဦးသည် ဘန်ကောက်မြို့တော်တွင် တည်ဆောက်ဆဲ မိုးမျှော်တိုက်တခုပြိုကျခဲ့သော နေရာတွင်ပဲ သေဆုံးသွားသည်ဟုအာဏာပိုင်များက ပြောပါသည်၊နောက်ထပ် ၇၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ မြန်မာစစ်တပ်သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချပြီးကတည်းက တိုင်းပြည်ကို အုပ်ချုပ်ရန် ရုန်းကန်ခဲ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် စီးပွားရေးနှင့် အခြေခံဝန်ဆောင်မှုများ ပြတ်တောက်သွားကာ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။
နောက်ဆက်တွဲဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် လူပေါင်း ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စားနပ်ရိက္ခာ မလုံလောက်မှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသည့် လူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ဧပြီ ၃ရက်နေ့တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကမူ ၎င်း၏အုပ်ချုပ်မှုကို ထောက်ခံခြင်းမရှိသော နယ်မြေများတွင် ထောက်ပံ့ကူညီမှုများကို စစ်အစိုးရက ကန့်သတ်ထားကြောင်း ဧပြီ ၄ရက်နေ့တွင် ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲပြီးနောက် ပြိုင်ဘက္များအပေါ် စစ်အစိုးရက တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးနေသည်ဟုလည်း ၎င်းက ဆိုသည်။ မှတ်ချက်ပေးရန် တောင်းဆိုသည့်ရိုက်တာက ခေါ်ဆိုမှုများကို စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခြင်း မရှိပေ။
အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း တပ်မတော်မှ ကရင်နီနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီ၃ရက်နေ့နှင့် ၄ရက်နေ့များတွင် ဗုံးများကြဲချခဲ့ပြီး အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ Free Burma Rangers က ဧပြီ ၅ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့သည်။ သေဆုံးသူများတွင် အရပ်သားများ ပါဝင်သည်ဟု အဖွဲ့ကို တည်ထောင်သူ David Eubank ကပြောပြီး အပစ်အခတ်ရပ်စဲပြီးကတည်းက ယင်းကဲ့သို့ စစ်ရေးတိုက်ခိုက်မှု အနည်းဆုံး ခုနှစ်ကြိမ်ရှိပြီဟု ဆိုသည်။