ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မကွေးတိုင်း၊ မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နှစ် ၁၀၀ကျော်မတရားပြစ်ဒဏ်ချမှတ်ခံနေရတဲ့ တောင်တွင်းကြီးဒေသခံ နိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေက သေလုမျောပါး ရိုက်နှက်နှိပ်စက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့ ညပိုင်းက မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်)နဲ့ ရဲတပ်ရင်း ၂၅ကို ဒေသတော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ဖြစ်စဉ်မှာ ထောင်တွင်းက နိုင်ကျဉ်းတွေပါဝင်ပတ်သတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိဿနိုးPDF တာဝန်ခံဟောင်းဖြစ်သူ အောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီမှ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်တို့ကို ထောင်အာဏာပိုင်တွေက သေလောက်တဲ့အထိ နှိပ်စက်ရိုက်နှက်နေတာလို့ဆိုပါတယ်။
“ထောင်ပိုင်တွေနဲ့စစ်အုပ်စုဘက်က ဒီအဖွဲ့တွေလာပစ်တာက ထောင်ထဲကလူတွေနဲ့ချိတ်ဆက်ပြီးလာပစ်တယ်လို့သူတို့ယူဆပြီး တောင်တွင်းကြီးဒေသခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဗိဿနိုးPDF တာဝန်ခံဟောင်းတို့ကိုနှိပ်စက်နေတာ။ လုပ်တဲ့အဖွဲ့နဲ့ တောင်တွင်းဘက်အခြမ်းနဲ့ ချိတ်ဆက်မှုမရှိဘူး ဆက်စပ်မှုမရှိဘူးပေါ့နော်။ သူလုပ်ချင်လို့ လာလုပ်တဲ့ဟာမှ ထောင်တွင်းမှာကြတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ထောင်တွင်းကလူတွေကို ငြိုးပြီးတော့ လုပ်တဲ့ပုံစံမျိုးဖြစ်နေတာ။ ငြိုးပြီးလုပ်တဲ့ ပုံစံမျိုးကိုမှ တောင်တွင်းကြီးက နိုင်ငံရေးသမားတွေကို ညှင်းပမ်းနှိပ်စက်ကြတယ်” လို့အကျဉ်းထောင်နဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။
အကျဉ်းထောင်းကို ရှော့တိုက်ဒုံးနဲ့အပစ်ခံရပြီးနောက်မှာ ထောင်တွင်းရှိ နိုင်ကျဉ်းတွေကို အဆောင်၃နဲ့၄ဘက်မှာ ရိုက်နှက်စစ်ဆေးနေပြီး ၄ဦး၅ဦးလောက် ထမ်းခေါ်သွားရတဲ့အထဲမှာ ယခင် ဗိဿနိုးPDF တာဝန်ခံဟောင်းဖြစ်သူ အောင်ခန့်ဦးခေါ်ပါလေး အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ရိုက်နှက်ခံထားရတယ်လို့ တခြား သတင်းရင်းမြစ်တဦးကပြောပါတယ်။

“လက်ရှိ လွတ်လာသူတွေရဲ့ ပြောကြားချက်အရဆို အဆောင်၃နဲ့၄မှာရှိတဲ့ တောင်တွင်းကြီးဒေသခံ နိုင်ကျဉ်းတွေကို အဓိကအစစ်ခံနေရတာပါ။ဗိဿနိုး PDF ခေါင်းဆောင်ဟောင်း ကိုအောင်ခန့်ဦး (ခ) ပါလေးက ထောင်ဒဏ် (၂၀၃) နှစ်ကျခံထားရပြီး၊ ဦးကိုကိုလှိုင်က ထောင်ဒဏ် (၁၇၃) နှစ်ကျခံထားရသူတွေကို အဓိကရိုက်နှက်နှိပ်စက်ခံနေရတာလို့သိရပါတယ်။ ဒီအကျဉ်းထောင်နဲ့ ရဲတပ်ရင်းအမှတ် ၂၅ကို ဧပြီလ ၁၃ ရက်နေ့ ညပိုင်းမှာ ဒေါင်းစစ်အောင် LPDF အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဒေါင်းစစ်အောင် အဖွဲ့ဟာ မြစ်အနောက်ဖက် စလင်းမြို့နယ်အတွင်းမှ မဟာမိတ်အဖွဲ့များနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်တယ်လို့သိရပါတယ်။
မကွေးဗဟိုအကျဉ်းထောင်(ဒေါင်းနေထောင်)ထဲမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းလွှတ်တော်ဥက္ကဌနဲ့ မြင်းခြံ၊ ပခုက္ကူထောင်တွေကနေ ပြောင်းရွှေ့ထားတဲ့ နိုင်ကျဉ်း ၁၀၀ကျော်ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားတာလို့သိရပါတယ်။
