မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာလျှော့ချလိုက်သောကြောင့် ဒုက္ခသည် တစ်သိန်းကျော် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံနေရကြောင်း၊ အမေရိကန်အပါအဝင် အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ အစုအပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကမ္ဘာတဝှမ်းမှ ကရင်လူမှုအဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်ဟု RFA သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ နယ်စပ် ဒုက္ခသည်စခန်းများမှ ကရင် နှင့်ကရင်နီ (ကယား) လူမျိုး အများစုဖြစ်သည့် ဒုက္ခသည် ၁၀,၈၀၀၀သည် လက်ရှိတွင် စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်ဟုဆိုသည်။
အသက် ငါးနှစ်အောက် ကလေးများအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိသည်ဟုဖော်ပြသည်။ ယခုကဲ့သို့ မလျှော့ချခင်ကထဲက ဒုက္ခသည်များသည် အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သောအနိမ့်ဆုံး စားနပ်ရိက္ခာထက် လျော့နည်းရရှိနေခြင်းဖြစ်သည်ဟုလည်းတသတင်းကဆိုသည်။
လွန်ခဲ့သော၁၅ နှစ်အတွင်း အလှူရှင်များက ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ရံပုံငွေ ဖြတ်တောက်ခြင်း သို့မဟုတ် လျှော့ချခြင်းများလုပ်ခဲ့သည့်အတွက် နိုင်ငံတကာအကူအညီများရယူခဲ့ရကြောင်း၊ USAID အပါအဝင် နိုင်ငံတကာအကူအညီသစ်များဖြတ်တောက်ခြင်းကြောင့် ကရင်ပြည်နယ်နှင့်ပတ်ဝန်းကျင် ဒေသများက ဒုက္ခသည် ၁ သန်းကျော်အပါအဝင် မြန်မာနိုင်ငံတဝှမ်းက ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် စားနပ်ရိက္ခာအကူအညီ ပြင်းထန်စွာသက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။
အမေရိကန် နှင့် အခြားအလှူရှင်နိုင်ငံများအနေဖြင့်ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် အကူအညီဖြတ်တောက်မှု များပြန်ရုတ်သိမ်းရန်၊ လက်ရှိအလှူရှင်များအနေနှင့်ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများအတွက် ရံပုံငွေတိုးမြှင့်ပေးရန်၊ ထိုင်းအစိုးရအနေနှင့်ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်ပြုရန်နှင့် နယ်စပ်ဖြတ်ကျော် အကူအညီများအပေါ် ကန့်သတ်မှု ရုတ်သိမ်းပေးရန် အဆိုပါအဖွဲ့များက တောင်းဆိုသည်။
ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရခြင်း ၏အခြေခံအကြောင်းအရင်းက မြန်မာစစ်ကောင်စီ၏လေကြောင်း နှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က နေအိမ်များ စာသင်ကျောင်းများစိုက်ခင်းများ ဘာသာရေးဆိုင်ရာနေရာများနှင့်ဆေးဘက်ဆိုင်ရာဌာနများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း၊ မြန်မာစစ်တပ်၏ ကျူးလွန်မှုများအတွက် လေယာဉ်ဆီထောက်ပံ့မှုအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအကောင်အထည်ဖော်ရန်လည်း ယင်းအဖွဲ့များကက တောင်းဆိုလိုက်သည်။