ကရင်ပြည်နယ်တွင်တိုက်ပွဲများ ငြိမ်သက်သွားသဖြင့် နေရပ် ပြန်ကြသော မြန်မာနိုင်ငံသား ၁၂၁ ဦးရှိ

မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြေလျော့သွားပြီးနောက် ထိုင်းနိုင်ငံမှနေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၂၁ ဦးရှိကြောင်း The Nation သတင်းက မေလ ၁၁ရက်နေ့တွင်ဖော်ပြသည်။ ကယားပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အသေအပျောက်များကြောင်း သိရသည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်သွားပြီးနောက် ကရင်ပြည်နယ်ရှိ မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၁ ဦးသည် ၎င်းတို့ဆန္ဒအလျောက် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူများကမေလ ၁၁ရက်နေ့တွင် အတည်ပြုခဲ့သည်။ သို့သော်လည်း အိမ်နီးချင်း ကယားပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
နေရပ်မပြန်မီ ၎င်းတို့သည်ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့သည်။

၎င်းတို့သည် ယခင်က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး တာ့ခ်ခရိုင် မယ်လမြို့နယ်နှင့် ထဆောင်ယန်းမြို့နယ် တွင်ရှိသော မဲအုဖရူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံခွင့်ရရှိထားခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များ၏ အဆိုအရ စစ်ဘေးရှောင်သူများသည် ၎င်းတို့၏နယ်မြေအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ လျော့နည်းသွားကြောင်း အတည်ပြုချက်ရရှိပြီးနောက် မေလ ၁၀ရက်နေ့တွင် နေရပ်ပြန်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကိုဖြတ်၍ မြန်မာဘက်သို့ပြန်လည်ဝင်ရောက်သွားကြသူများ ဘေးကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ရေး အတွက်Naresuan Task Force နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ ထဆောင်ယန်းမြို့နယ်ရုံးမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မေလ ၁၁ရက်နေ့အထိ မယ်လတွင် နေရပ်စွန့်ခွာ မြန်မာနိုင်ငံသား ၂၇၇ ဦး ခိုလှုံနေရဆဲဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ကရင်ပြည်နယ်၊ ဘားအံခရိုင် ဖားအံမြို့နယ် ဘန်တန်လောင်တွင် တည်ရှိသော မြန်မာစစ်တပ်အခြေစိုက် စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က တိုက်ခိုက်ပြီးနောက် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခဲ့ရခြင်းဖြစ် သည်။ ပဋိပက္ခဖြစ်ပွားရာ အနီးတဝိုက်တွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုများ တားဆီးရန် နယ်စပ်လုံခြုံရေးကို တင်းကြပ်စွာချထားခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *