ဇွန်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေထဲတွင် ခွေးကိုက်ခံရပြီးနောက် ခွေးရူးပြန်ရောဂါ ကူးစက်ခံရသူရှိလာသဖြင့်ခွေးရူးပြန်ရောဂါနဲ့ပတ်သက်သော အချက် (၃) ချက်ပါ သတိပေးချက်ကို “ဝ” ပြည်နယ် တရားစီရင်ရေးလုပ်ငန်း ကော်မတီက ဇွန်လ (၁၇) ရက်နေ့ ရက်စွဲနှင့်ထုတ်ပြန်ထားသည်ဟု Wa News Land သတင်းက ဇွန်လ ၁၈ရက်နေ့ကဖော်ပြသည်။ ယခုလို သတိပေးချက် မထုတ်ပြန်ခင်က “ဝ” ဒေသအတွင်း အသက် (၃၀) ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါ ကူးစက်ခံရသည့် video ရုပ်သံတစ်ခု ဇွန်လ (၁၆) ရက်နေ့ ရက်စွဲနှင့် လူမှုကွန်ရက် (ခေါ်) Facebook စာမျက်နှာ၊ Wechat ၊ TitTok များတွင်ပြန့်နှံ့ခဲ့သည်။ အဆိုပါ ရုပ်သံ၊ video အရ ၎င်းအမျိုးသမီးသည်ခွေးရူးပြန် ရောဂါကူးစက်ခံထားရသဖြင့်ဆေးရုံတစ်ခု၌ အရေးပေါ် ဆေးကုသမှု ခံယူနေသည်ကို တွေ့ရှိရသည်။ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရသည့်နောက်ဆက်တွဲ လူနာအခြေအနေနှင့် ပတ်သက်ပြီး “ဝ” လူငယ့်အသံအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ဤအခြေအနေတွေနဲ့ပတ်သက်၍ “ဝ” ပြည်နယ် တရားစီရင်ရေး လုပ်ငန်းကော်မတီ၏ အချက် ၃ ချက်ပါ သတိပေးချက်အရ “ဝ” ပြည်နယ်အတွင်း ခွေးလေခွေးလွင့်များအကိုက်ခံရသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး အကိုက်ခံရသူများသည် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ကြကာ ခွေးရူးပြန်ရောဂါကို ထိရောက်စွာကာကွယ်ရန်နှင့် ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးအတွက် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း ရေးသားထားသည်။
ခွေးစောင့်ရှောက်သူများအနေဖြင့် ၎င်းတို့ကို စောင့်ရှောက်မှု တာဝန်များ အပြည့်ပေးထားကာခွေးများကို လွတ်လပ်စွာ သွားလာခွင့်မပြုကြဖို့ တားမြစ်ထားပြီး အခြားသူမျာယကို ထိခိုက်နစ်နာစေပါက သက်ဆိုင်ရာ ဆေးဖိုးဝါးခ ပေးဆောင်ရမည်ဖြစ်ပြီး အခြေအနေ ဆိုးရွားပါက ဥပဒေအရ တာဝန်ယူပေးရမည် ဖြစ်သည်ဟုဆိုသည်။ မတော်တဆ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးရမည်ဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေဖို့ နီးစပ်ရာ ဆေးဘက်ဆိုင်ရာဌာနသို့ အမြန်ဆုံး သွားရောက်ဖို့ တိုက်တွန်းထားသည်။ “ဝ” ပြည်နယ်၊ ခရိုင်အားလုံးအောက်ရှိ တရားစီရင်ရေး ကော်မတီများသည် သက်ဆိုင်ရာဌာနနှင့်လက်တွဲပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ခွေးလေ ခွေးလွင့်များကို ဥပဒေနှင့်အညီ အခါအားလျော်စွာ မိမိတို့တရားစီရင်ပိုင်ခွင့်အတွင်း ခွေးလေ၊ ခွေးလွင့်များကိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးနှင့်အန္တရာယ်ကင်းရှင်းရေးတို့အား ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။ ယခုလိုသတိပေးချက်များကို အကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့သလို ပြည်သူများအနေနှင့်လည်း သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သတိရှိရှိ လိုက်နာဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကာ ဘေးကင်းပြီး သဟဇာတရှိသည့် လူနေမှုပတ်ဝန်းကျင်ကိုအတူတကွ ထိန်းသိမ်းကြရန်မျော်လင့်ကြောင်း ရေးသားထားသည်။