ဇူလိုင်လ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အာဏာလုစစ်အုပ်စုက ၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ရက်နေ့ က ပြိုင်တူဖမ်းခံရတဲ့ ရွှေညဝါဆရာတော်ကြီးနဲ့ စာရေးဆရာ မောင်သာချိုတို့ ဒီနေ့မှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီနေ့မနက်ပိုင်း ၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံမှာ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူခဲ့သလို စာရေးဆရာ မောင်သာချိုကတော့ မနက် ၈နာရီ အချိန် ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားတာလို့သိရပါတယ်။
“ဆရာတော်ကြီးနဲ့ မောင်သာချိုက မအလ အာဏာသိမ်းချိန် တရက်ထဲအဖမ်းခံရပြီး အတူတူ ပြန်လွတ်လာတာ။ ဆရာတော်ပြီးက စစ်အာဏာရှင်ကို တူးတူးခါးခါး လက်မခံဘဲ ဓမ္မနဲ့ဆန့်ကျင်တယ်။ ဆရာမောင်သာချိုက ကလောင်နဲ့ဆန့်ကျင်တဲ့သူ။ တိုင်းပြည်အတွက် အလွန်နစ်နာတယ်။ ထောင်တွင်းဒဏ်တွေကြောင့် စောစောစီးစီး ဒီလိုတွေဖြစ်ကုန်တာ”လို့ဆရာတော်ကြီးရဲ့ တပည့် ဒါယကာတဦးကပြောပါတယ်။ ရွှေညဝါဆရာတော် အရှင်ပညာသီဟကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ပုဒ်မ ၅၀၅ (ခ)နဲ့ဖမ်းဆီးခဲ့သလို စာရေးဆရာမောင်သာချိုကိုလည်း ပုဒ်မ ၅၀၅(က)နဲ့ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင် ဘာ ၁၇ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာကြသူတွေဖြစ်ပါတယ်။
#သောင်ရင်းသတင်းလွှာ #ရန်ကုန် #ရွှေညဝါဆရာတော်ကြီး #စာရေးဆရာမောင်သာချို