ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA၊ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့်ကျားဖျန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အယောက် (၅၀) ကို တရုတ်နိုင်ငံသို့လွှဲပြောင်းခဲ့ကြောင်း “ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီက ထုတ်ပြန်သည်ဟု Wa News Land သတင်းကဇူလိုင် ၁၄ရက်နေ့တွင်ဖော်ပြသည်။
ထုတ်ပြန်ချက်ကို ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အယောက်(၅၀) အား ဇူလိုင် ၁၂ ရက်နေ့တွင်တရုတ်နယ်စပ်ဖြစ်သည့်ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ချန်ယန် ကောင်တီရှိ Yonghe ဆိပ်ကမ်းမှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ကျားဖျန်လုပ်သား အယောက် (၅၀)နှင့်အတူ စက်ပစ္စည်း ကိရိယာများကိုလည်း တရုတ်နိုင်ငံ၊ တရားဥပဒေစိုးမိုးရေး အေဂျင်စီလက်ထဲ အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။
“ဝ” ပြည်နယ်၊ တရားစီရင်ရေး ကော်မတီ၏ စစ်ဆေး မေးမြန်းချက်အရ အဆိုပါ လူအုပ်စုသည်အခြားအိမ်နီးချင်း ထိန်းချုပ်နယ်မြေများဘက်ကိုလည်း အလားတူ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသည့်ဖြစ်စဥ် အသေးစိတ်နှင့် နေရာများကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပါ။
အလားတူ ဇူလိုင် ၁ ရက်နေ့ကလည်း တန့်ယန်းမြို့က ကျားဖျန်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၆၆ ယောက်ကို နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။