တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ

ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နဲ့ ဆိပ်ကမ်းမြို့ Tianjin မှာ သြဂုတ် ၃၀ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ မင်းအောင်လှိုင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၂၀၂၅ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဂျပန်ကျူးကျော်စစ်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရာမှာ အရှေ့စစ်မြေပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး SCO ရဲ့ အရေးကြီးတဲ့ဆွေးနွေးဖက်အဖြစ် ရပ်တည်နေကြောင်း ရှီက မှတ်ချက်ပြုခဲ့ပါတယ်။ ရှီက နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နဲ့ နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် တောင်းဆိုခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်တဲ့ ပြည်တွင်းနိုင်ငံရေး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ရှီက ပြောကြားခဲ့ပါတယ်။


နှစ်နိုင်ငံဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာအဓိကကျတဲ့ပရောဂျက်တွေကို မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ရန်နဲ့ မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းတွေ၊အဖွဲ့အစည်းတွေနဲ့ ပရောဂျက်တွေ ဘေးကင်းစေရန်အတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ရှီက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ကာလကြာရှည်စွာ ပံ့ပိုးကူညီခဲ့ပြီး သဘာဝဘေးဒဏ် ခံရပြီးနောက် ပြန်လည်တည်ဆောက်ရေးမှာ ပံ့ပိုးကူညီခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း မင်းအောင်လှိုင်က ပြောကြားပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လိုက်နာရန် ကတိပြုခဲ့တယ်လို့ဆိုပါတယ်။ အနေနဲ့မြန်မာနိုင်ငံဟာ အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ကူညီရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ အကောက်ခွန်နဲ့မီဒီယာတွေ အပါအဝင် နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းတွေကို နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Cai Qi၊ Wang Yi နဲ့Chen Min’er တို့ အပါအဝင် တရုတ်အကြီးတန်းအရာရှိတွေတက်ရောက်ခဲ့ကြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *