စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်နယ်မြေ ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ စစ်ကောင်စီက ကျင်းပမဲ့ လာမယ့်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းတာ၊ မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်တယ်လို့ “ဝ” လူငယ့်အသံရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောတယ်လို့ Wa News Land ကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ အခုလို အသိပေးချက်ကို မနေ့စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ “ဝ” ပြည်နယ်၊ စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိ ပညာပေး လူထုအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ “အစည်းအဝေးမှာ ထည့်ပြောသွားတာ ဟုတ်တယ်။ အခြားအဖွဲ့အစည်း၊ ပါတီတွေက မဲထည့်ဖို့ လာစည်းရုံးတာမျိုးတို့၊ လက်မှတ်ဘာညာ လိမ်ပြီးထိုးခိုင်းတာတို့ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးရေး လာလုပ်တာတို့ တွေ့ရင်တိုင်ကြားဖို့ အသိပေးထားတယ်။
“ဝ”တပ် အုပ်ချုပ်တဲ့ နေရာတိုင်းမှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ – UWSP တစ်ခုပဲရှိတယ်။ အခြားပါတီတွေ မရှိဘူး။ မဲပုံးထောင်ခွင့်လည်း မပြုထားဘူးလို့ ပြောတယ်” ဟိုပန်နဲ့ ပန်လုံဟာ ယခင်အစိုးရ လက်ထက်တွေမှာ ရွေးကောက်ပွဲ ကျင်းပတဲ့မြို့တွေဖြစ်ခဲ့ပြီး လူတစ်ဦး တစ်ယောက်က နိုင်ငံရေး စည်းရုံးလှုံ့ဆော်တာ၊ လူထုစည်းရုံးတာ မဖြစ်ပွားစေရေးအတွက် ကြိုတင်ပြီး အသိပေးထားတာ ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးထဲ “ဝ” တပ် – UWSA ထိန်းချုပ်လိုက်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့မှာ စစ်ကော်မရှင်က မဲပုံးထောင်ခွင့်နဲ့အတူ ရွေးကောက်ပွဲ ကျင်းပခွင့်ရှိမရှိ အခြေအနေနဲ့ ပတ်သက်ပြီး သီးခြားအတည်နိုင်ဖို့ UWSA ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းကို “ဝ” လူငယ့်အသံက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်/ ပါတီ – UWSA/ UWSP ထိန်းချုပ်နယ်မြေတွေမှာ အစိုးရ အဆက်ဆက် ဗိုလ်ချုပ်သန်းရွှေ၊ ဦးသိန်းစိန်၊ NLD လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုတောင်းဆိုချက်တွေကို “ဝ” တပ်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၅ ခုနှစ်အတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်နယ်နဲ့ တိုင်းအလိုက် ကျင်းပသွားမှာဖြစ်ပြီး ၎င်းကြေငြာတဲ့ မြို့တွေထဲ “ဝ” တပ်ထိန်းချုပ်နယ်မြေအပြင် စကစ လက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးအင်အားစု သိမ်းပိုက်နယ်မြေတွေလည်း ပါဝင်တာကို တွေ့ရှိရပါတယ်။ အခုလိုစစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် နယ်မြေတွေ မထုတ်ပြန်ခင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးအောင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ “ဝ” ပြည်နယ်၊ ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး “ဝ” ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ WSTV ရဲ့သတင်းဖော်ပြချက် မှတ်တမ်းအရ ဝန်ကြီး ဦးအောင်အောင်အနေနဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စု အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ညွှန်ကြားချက်အရ ဒီဇင်ဘာလလယ်ထဲ ကျင်းပမဲ့ ရွေးကောက်ပွဲအကြောင်းနဲ့ ဆက်လျဥ်းပြီး အမျိုးသား ပညာရေး၊ ကျန်းမာရေးအပြင် အခြားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ဆေင်ရွက် ပေးရန် ဖြစ်တယ်လို့ ဆိုထားပါတယ်။