စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
စစ်အုပ်စုနောက်လိုက် BGF ဗဟိုအကြံပေးနဲ့ ကွပ်ကဲမှုအဖွဲ့မှနယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊က ၂၀၂၅ ဒီဇင်ဘာမှာလုပ်မယ့်စစ်အစိုးရရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ စက်တင်ဘာ ၅ရက်နေ့ကထုတ်ပြန်ပါတယ်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့်မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အရေးကြီးကြောင်း နားလည်သဘောပေါက်ထားပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းပြီး လုံခြုံသောဘဝများ ဖန်တီးပေးမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဟာလာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေကိုဘက်မလိုက်ဘဲ ကူညီပံ့ပိုးပေးမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေကို ခွဲခြားဆက်ဆံခြင်းမရှိဘဲ မဲဆန္ဒရှင်များရဲ့ဆန္ဒမဲပေးခွင့်ကို မထိခိုက်စေဖို့အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံပြီး ကရင်ပြည်နယ် ရွေးကောက်ပွဲကို ငြိမ်းချမ်း၊ ဘေးကင်း၊ တရားမျှတပြီး အားလုံးပါဝင်နိုင်စေရေးအတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆက်လက်ဖော်ပြပါတယ်။