စက်တင်ဘာ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မီးဖွားခါနီး မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဆေးရုံလာတဲ့လမ်းမှာ အရေးပေါ်ကလေးမွေးဖို့ဖြစ်လာလို့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းတွေပေါင်းပြီး တက္ကစီပေါ်မှာပဲ မနေ့က ကလေးမွေးပေးလိုက်တယ်လို့ ဘီဘီစီက စက်တင်ဘာ ၂၆ ရက်ကဖော်ပြပါတယ်။ မြန်မာအမျိုးသမီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြေပြိုမှုဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့၊ ဆမ်ဆန်းအရပ်က ဝဂျီရာ ဆေးရုံကို ကလေးမွေးဖို့ တက္ကစီနဲ့လာတာဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ကတော့ စက်တင်ဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ ဝဂျီရာဆေးရုံကိုလာတဲ့ အမျိုးသမီးတစ်ဦး လမ်းမှာတင် ကလေးမွေးချင်လာလို့ လမ်းရှင်းကူညီပေးဖို့ ဆမ်ဆန်းယာဥ်ထိန်းရဲရုံးကို ဖုန်းခေါ် လာခဲ့ပါတယ်။
တာဝန်ကျယာဥ်ထိန်းရဲလည်း မြန်မာအမျိုးသမီးရှိတဲ့ဆီကို ရောက်ချိန်မှာ ဆေးရုံအထိ သွားဖို့ မအောင့်နိုင်အောင် နာကျင်နေပြီဖြစ်တာကြောင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ကို ထပ်ဆင့်ဆက်သွယ်ပြီး ကလေးမွေးဖွားဖို့ အတွေ့အကြုံရှိသူလွှတ်ပေးဖို့ ဖြစ်လာပါတယ်။ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က တော်ဝင်ရဲတပ်ဖွဲ့နဲ့ စေတနာ့ဝန်ထမ်းတွေ ထပ်မံစေလွှတ်ပြီး ကလေးမွေးဖွားဖို့ ကူညီခဲ့တယ်လို့ တော်ဝင်ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဆေးရုံအရေးပေါ်ကားမရောက်လာခင်မှာပဲ ထိုင်းရဲတပ်ဖွဲ့ဝင်နဲ့ စေတနာ့ဝန်ထမ်းတွေဟာ မြန်မာအမျိုးသမီးကို သမီးမိန်းကလေး မီးဖွားပေးနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဒီကနေမှတဆင့် မြန်မာအမျိုးသမီးပါလာတဲ့ တက္ကစီကားကို ထိုင်းယာဥ်ထိန်းရဲယာဥ်တန်းက ဝဂျီရာဆေးရုံကို ပို့ပေးခဲ့တာကို ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ ရုပ်သံမှာတွေ့ရပါတယ်။ မနေ့က တက္ကစီပေါ် မွေးဖွားခဲ့တဲ့ ကလေးကော မိခင်ပါကျန်းမာတယ်လို့ ထိုင်းသတင်းတွေက လည်းဖော်ပြကြပါတယ်။