စက်တင်ဘာ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာစစ်တပ်ဟာ သူတို့ ဖျက်စီးခဲ့တဲ့ ရိုဟင်ဂျာ ကျေးရွာတွေနဲ့ ရိုဟင်ဂျာတို့ရဲ့ နေအိမ်တွေနေရာမှာ စစ်ဘက်ဆိုင်ရာ နေရာထိုင်ခင်းတွေ၊ အခြေခံ အဆောက်အအုံ တွေနဲ့ အစားထိုးခဲ့တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတဲ့ သက်သေ အထောက်အထားတွေ ရရှိထားတယ်ဆိုပြီး ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေး ယန္တရား IIMM က ထုတ်ပြန်တယ်လို့ BBC ကစက်တင်ဘာ ၃၀ ရက်မှာဖော်ပြပါတယ်။ IIMM ရဲ့ အစီရင်ခံစာအရ ရိုဟင်ဂျာ ကျေးရွာတွေရဲ့ နေရာမှာ စစ်စခန်း တည်ဆောက်တာမျိုး အပြင်၊ လမ်း အသစ်တွေ ဖောက်တာ၊ အဆောက်အအုံတွေ တည်ဆောက်ခဲ့သလို ၊ အခိုင်အမာ ကာကင်းစခန်း ခြံဝင်းတွေနဲ့ ရဟတ်ယာဥ် ဆင်းသက်ကွင်း ၂ ခု လည်း တည်ဆောက်ထားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ ရုံးချုပ်မှာ ရိုဟင်ဂျာ အကျပ်အတည်း အပါအဝင် မြန်မာနိုင်ငံထဲက လူနည်းစုတွေ အရေး ကုလ ဦးဆောင်တဲ့ အဆင့်မြင့် အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာပဲ IIMM အဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာ အပေါ် မြန်မာစစ်တပ်ဘက်က တစုံတရာ တုံ့ပြန်တာမျိုး မတွေ့ရ သေးပါဘူး။ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပြီး လက်ရှိမှာလည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ ဒိန်းမတ်သံအမတ်က ကမ္ဘာအလွှားမှာ ပဋိပက္ခကြောင့် ထိခိုက်ခံစားရမှုတွေ၊ နောက် လူသားချင်းစာနာမှုအခြေအနေတွေ အရေးတကြီးလိုအပ်နေတာကို သူ့ မိန့်ခွန်းထဲ ပြောချိန် မြန်မာက အခြေအနေဟာ အရေးတကြီးဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း သူ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။