အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးကာရံခြင်းသည် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်-ဟုအာသံရိုင်ဖယ် ညွှန်ကြားရေးမှူးချုပ်ကဆို

ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် မြန်မာတို့နှင့်နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုသည် နိုင်ငံ၏ နယ်မြေစိုးမိုးရေး၏ သော့ချက် ဖြစ်သည်။ ဤနေရာတွင် အာသံရိုင်ဖယ်တပ်များသည် ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီး အိန္ဒိယ၏ အရှေ့မြောက်နယ်နိမိတ်သည် လုံခြုံမှုပျက်ပြားဖခြင်းမရှိဘဲ ရှိနေသည်ကို မြင်တွေ့ရသည်ဟု India Today သတင်းက ဇူလိုဂ် ၂ ရက်တွင်ဖော်ပြသည်။ အာသံရိုင်ဖယ်တပ်များ၏ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Vikas Lakhera က ဗျူဟာမြောက် အရေးကြီးသော ဒေသတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ၎င်း၏ အရေးပါပုံကို ရှင်းလင်း ပြောကြားခဲ့ပြီး မဏိပူရပြည်နယ်မှ အကြမ်းဖက်မှု၊ အိန္ဒိယ-မြန်မာ နယ်စပ် ကာရံရေးနှင့် အရှေ့မြောက် ပြည်နယ်များကို ကာကွယ်ရန် စိန်ခေါ်မှုများ အပါအဝင် ခေါင်းစဉ် အမျိုးမျိုးကို ဟောပြောခဲ့သည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာမှုသည် အိန္ဒိယအစိုးရအတွက် စိုးရိမ်စရာပြဿနာတစ်ခုဖြစ်ကာ ဗဟိုနှင့် အတိုက်အခံပါတီများကြား နိုင်ငံရေးအရ ရောင်ပြန်ဟပ်လာခဲ့သည်။ ထို့ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကို ကာရံထားရန် အရေးကြီးပြီး ယင်းသည် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး Lakhera က ပြောကြားခဲ့သည်။

“အိန္ဒိယ-မြန်မာနယ်စပ်မှာ တောတွေထူထပ်ပြီး စိန်ခေါ်မှုရှိတဲ့ မြေပြင်အနေအထားကြောင့် ကင်းလှည့်ရခက်ပါတယ်။ နယ်စပ်လုံခြုံရေးအတွက် အာသံရိုင်ဖယ်တပ်သားတွေဟာ နေ့ရောညပါ ကင်းလှည့်ဖို့ မပျင်းမရိ လုပ်ဆောင်နေပါတယ်” ဟု India Today TV နှင့် သီးသန့်စကားပြောဆိုမှုတွင် ပြောကြားခဲ့သည်။ “ကျူးကျော်ဝင်ရောက်မှုနှင့် မှောင်ခိုကူးသန်းမှုများကို တားဆီးရန် ရည်ရွယ်၍ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် တပ်ဖွဲ့ဝင်များသည် လူမကွဲပြားဘဲ လုံခြုံရေးကို မြှင့်တင်ရန် အစီအစဥ်အဖြစ် ရှုမြင်ကြောင်း သေချာစေရန် ခြံစည်းရိုးခတ်ခြင်းကို ဆောင်ရွက်နေကြောင်း သူကအခိုင်အမာ ပြောကြားခဲ့သည်။ အရှေ့မြောက်ပြည်နယ်များဖြစ်သော အရုနာချယ်ပရာဒက်ချ်၊နာဂလန်း ၊ မဏိပူရနှင့် မစ်ဇိုရမ်တို့သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကူကီးဇိုနှင့် မိုင်တိုင်း(ကသည်း)ရပ်ရွာများကြား လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မဏိပူရတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့်ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး Lakhera က ပြည်နယ်အတွင်း ပိုမိုတင်းမာလာမှုကို တားဆီးရန် တပ်ဖွဲ့က ကတိကဝတ်ပြုထားပြီး အစိုးရနှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။


“မဏိပူရပြည်နယ်ရဲ့ အခြေအနေဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး အကြမ်းဖက်မှုတွေ လျော့ပါးလာခဲ့ပါတယ်။ အစိုးရအနေနဲ့ နှစ်ဖက်စလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး နောက်ထပ် မဖြစ်ပွားအောင် တားဆီးဖို့ အာသံရိုင်ဖယ်တွေက လုပ်ဆောင်နေပါတယ်။ တပ်ဖွဲ့က မတူညီတဲ့ အသိုက်အဝန်းတွေကြား တံတားတွေ တည်ဆောက်ပြီး လူမှုရေး စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့လည်း အာရုံစိုက်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် မေလတွင် စတင်ခဲ့သော မဏိပူရပြည်နယ်အကြမ်းဖက်မှုအတွင်း လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ထောင်နှင့်ချီသော လူမျိုးရေးအကြမ်းဖက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ပြည်နယ်သည် လက်ရှိတွင် သမ္မတ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ အာသံရိုင်ဖယ်တပ်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရာတွင် အဓိကကျပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် ပြည်နယ်အစိုးရများနှင့် နီးကပ်စွာ လုပ်ဆောင်နေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

ဒေသတွင်း ပညာရေးနဲ့ သက်သာချောင်ချိရေး မြှင့်တင်ရေး ရည်မှန်းတဲ့ လှုပ်ရှားမှုတွေမှာလည်း တပ်ဖွဲ့က တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာအနေနဲ့၊ အာသံရိုင်ဖယ်ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး NEET နဲ့ JEE စာမေးပွဲအတွက် ဝေးလံခေါင်သီတဲ့ ရွာက ကျောင်းသားတွေကို စာသင်ပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။ ယနေ့အထိ၊ ဤဂုဏ်သိက္ခာရှိသောစာမေးပွဲများအတွက် ကျောင်းသား ၅၀၀ကျော်ကို ရွေးချယ်ထားသည်ဟုသတင်းကဖော်ပြသည်။ “အိန္ဒိယအရှေ့မြောက်ဘက်ရှိ စစ်ဘက်အရာရှိကြီးအနေဖြင့် အာသံရိုင်ဖယ်သည် ၎င်း၏နယ်နိမိတ်အတွင်းရော ပြင်ပရှိ ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ၎င်း၏မစ်ရှင်တွင် ကတိပြုထားဆဲဖြစ်သည်” ဟု သူက နိဂုံးချုပ်ပြောကြားခဲ့သည်။ Ati Vishisht Seva Medal နှင့် Seva Medal ဆုတံဆိပ်များကို လက်ခံရရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Vikas Lakhera သည် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁ ရက်နေ့တွင် Assam Rifles ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ သူသည်Wellington (နယူးဇီလန်) ကာကွယ်ရေး၀န်ထမ်းကောလိပ်မှ ဘွဲ့လွန်ဘွဲ့ကို ရရှိခဲ့သည်။ သူသည် အဆင့်မြင့်ကာကွယ်ရေးစီမံခန့်ခွဲမှုသင်တန်း၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး လန်ဒန်တော်ဝင်ကာကွယ်ရေးလေ့လာရေးကောလိပ် (RCDS) မှ ဂုဏ်သိက္ခာရှိသော NDC သင်တန်းကို ပြီးမြောက်ခဲ့သည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *